သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် အာဏာသိမ်းပြီးနောက် ဇင်ဘာဘွေ သမ္မတမူဂါဘီ လူမြင်ကွင်းထွက်ပြ


 ပထဆုံးလူမြင်ကွင်းကို ထွက်လာတဲ့ အပြာရောင် ဘွဲ့ဝတ်စုံ ဝတ်စားထားပြီး နွမ်းနယ်နေပုံရတဲ့ Mugabe။
ပထဆုံးလူမြင်ကွင်းကို ထွက်လာတဲ့ အပြာရောင် ဘွဲ့ဝတ်စုံ ဝတ်စားထားပြီး နွမ်းနယ်နေပုံရတဲ့ Mugabe။

ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဒီသီတင်းပတ် အစောပိုင်းကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ သမ္မတ Robert Mugabe ဟာ ဒီကနေ့ပဲ လူမြင်ကွင်းကို ထွက်လာခဲ့ပါတယ်။ အပြာရောင် ဘွဲ့ဝတ်စုံ ဝတ်စားထားပြီး နွမ်းနယ်နေပုံရတဲ့ Mugabe ကို မြို့တော် Harare က ကျောင်းဆင်းပွဲ အခန်းအနားမှာ လူအုပ်က အားပေးနေတာကိုလည်း တွေ့ခဲ့ကြရတာပါ။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကတော့ နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သူ Mugabe ရာထူးက ထွက်ပေးရေး တိုက်တွန်းနေကြပါတယ်။ ရုတ်တရက် ကြုံခဲ့ရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ချောချောမွေ့မွေ့ ကျော်လွှားနိုင်ဖို့ ဇင်ဘာဘွေလူထုကြား မျှော်လင့်နေချိန်မှာပဲ၊ ရာထူးကထွက်ပေးဖို့ Mugabe က ငြင်းဆန်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အိမ်နီးချင်း တောင်အာဖရိကနိုင်ငံက သမ္မတ Jacob Zuma က ဆုံးဖြတ်ချက်တခုခု ပြတ်ပြတ်သားသား ချမှတ်ဖို့ အချိန်စောသေးကြောင်း လွှတ်တော်မှာ ပြောလိုက်တာကြောင့် ဇင်ဘာဘွေနိုင်ငံရေး ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ့် မျှော်လင့်ချက်တွေလည်း အားလျော့သွားပါတယ်။

မနေ့တုန်းက ဇင်ဘာဘွေနိုင်ငံပိုင် မီဒီယာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ Mugabe ကို စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Constantino Chiwenga နဲ့အတူ မတ်တပ်ရပ်နေတာ တွေ့ခဲ့ကြရတာပါ။ ဇင်ဘာဘွေနိုင်ငံမှာ သွေးထွက်သံယို မရှိဘဲ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အင်္ဂါနေ့ကစလို့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ အသက် ၉၃ နှစ်အရွယ် Mugabe ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပထမဆုံးပြန်တွေ့ရတာလည်း ဖြစ်ပါတယ်။

စစ်တပ်ကတော့ Mugabe နဲ့ ဆွေးနွေးနေကြောင်း ပြောဆိုခဲ့သလို၊ ဇင်ဘာဘွေ စစ်တပ်၊ တောင်အာဖရိက နိုင်ငံတွေက ကြားဝင်စေ့စပ်သူတွေနဲ့ တွေ့ဆုံဖို့ Mugabe ကို မြို့တော် Harare မှာရှိတဲ့ အစိုးရဧည့်ဂေဟာကို မနေ့တုန်းက ခေါ်ဆောင်သွားခဲ့ကြတာပါ။ အာဖရိကရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Donald Yamamoto ကတော့ ဇင်ဘာဘွေနိုင်ငံမှာ ခေတ်သစ်တခုအတွက် အသွင်ကူးပြောင်းရေးကာလတခု ဖန်တီးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဇင်ဘာဘွေနိုင်ငံမှာ ရှေ့နှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားချိန်မှာပဲ အသွင်ကူးပြောင်းရေး အစိုးရတရပ် ဖွဲ့စည်းဖို့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တချို့က အဆိုပြုနေကြတာပါ။ အဓိကအတိုက်အခံခေါင်းဆောင် Morgan Tsvangirai ကတော့ သမ္မတ Mugabe ရာထူးက ထွက်ပေးဖို့ မနေ့တုန်းကပဲ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG