သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ အခြေအနေ အလားအလာမကောင်းသေး


မြို့တော် Harareမှာ စစ်တပ်လုံခြုံရေးယူထားစဉ်
မြို့တော် Harareမှာ စစ်တပ်လုံခြုံရေးယူထားစဉ်

ဇင်ဘာဘွေနိုင်ငံမှာ အင်္ဂါနေ့က စစ်တပ်ထိန်းချုပ်မှုလုပ်လိုက်ပြီးတဲ့နောက် အာဖရိကတောင်ပိုင်း ခေါင်းဆောင်တွေ ဇင်ဘာဘွေ မြို့တော် Harare နဲ့ Botswana နိုင်ငံမြို့တော်တို့မှာ တံခါးပိတ် တွေ့ဆုံမှုတွေလုပ်ပြီး တင်းမာမှုလျော့ပါးဖို့ ကြိုးစားနေကြချိန်မှာပဲ ကြာသပတေးနေ့မှာတော့ တင်းမာမှုက အရှိန်မြင့်လာနေပါတယ်။ VOA သတင်းထောက် Anita Powell တောင်အာဖရိကနိုင်ငံ Johannesburg မြို့ ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာ ကပြောပြမှာပါ။

သမ္မတ Robert Mugabe ရာထူးကနေ နုတ်ထွက်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ ဘာသာရေး အုပ်စုတွေက တိုက်တွန်းခဲ့ကြပြီးတဲ့နောက် ဇင်ဘာဘွေနိုင်ငံ ပြဿနာဟာ စောလျှင်စွာ ချောမောပြေလည်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ကြာသပတေးနေ့တုန်းကပဲ ပျက်ပြယ်သွားပြီလို့ ဆိုရမလိုဖြစ်နေပါတယ်။ ဒီတိုက်တွန်းချက်တွေကို Mr. Mugabe လက်မခံဘူးလို့ ယူဆရပါတယ်။ အင်္ဂါနေ့ညကတည်းက စစ်တပ်ရဲ့ အကျယ်ချုပ်မှုကို ခံထားရတဲ့ သမ္မတ Robert Mugabe နဲ့ တောင်အာဖရိက စေ့စပ်ရေးသမားတွေက သွားရောက်တွေ့ဆုံခဲ့ကြပါသေးတယ်။

စစ်တပ် တင့်ကားတွေ ဝင်ရောက်လာချိန် Harare မြို့တော်မှာ ရှိနေခဲ့တဲ့ ဇင်ဘာဘွေ နိုင်ငံသား လည်းဖြစ် Chatham House သုတေသန အဖွဲ့ဝင်လည်းဖြစ်တဲ့ Knox Chitiyo ကတော့ စစ်တပ်က ထိန်းချုပ်ထားတယ်လို့ ယူဆရလေလေ မတည်ငြိမ်မှုတွေက ပိုများလေလေဖြစ်မှာပဲလို့ သုံးသပ်ပါတယ်။

“ အဓိက ကတော့ အချိန်အပိုင်းအခြားပြဿနာပါပဲ။ စစ်တပ်က စောနိုင်သမျှ စောပြီး ဆွေးနွေးညှိနှိုင်းချင်တယ်။ သမ္မတ ဒါမှမဟုတ် ယာယီသမ္မတ အမြန်ဆုံးတာဝန်ယူစေချင်ပါတယ်။ ကြားဖြတ်အစိုးရတရပ် စောစော ကြေညာစေချင်တယ်လု့ိ ကျနော်ထင်ပါတယ်။ အချိန်မဆွဲချင်ဘူး၊ အချိန်ဆွဲလေ ရှုပ်လေလို့ မြင်တယ်။”

ဇင်ဘာဘွေနိုင်ငံအတိုက်အခံခေါင်းဆောင် တချို့ကတော့ စီစဉ်ထားပြီးသားဖြစ်တဲ့အတိုင်း နောင်နှစ်ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းဖို့ဆိုပြီး အဆိုပြုနေကြပါတယ်။ အတိုက်အခံခေါင်းဆောင်ဖြစ်သူ Morgan Tsvangirai က သမ္မတ Robert Mugabe ရာထူးကနေ နုတ်ထွက်ဖို့ တိုက်တွန်းပါတယ်။

“ Mr. Robert Mugabe နုတ်ထွက်ရပါလိမ့်မယ်၊ ပြည်သူတွေရဲ့ သဘောထားနဲ့ မျှော်လင့်ချက်နဲ့အညီ ချက်ချင်းနုတ်ထွက်ရမှာဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီး သူလုပ်ဆောင်ခဲ့ အစဉ်အလာတွေကို တန်ဖိုးထားသင့်ပါတယ်။”

အခု စစ်တပ်က ထိန်းသိမ်းလိုက်တဲ့ကိစ္စမှာ အဓိက ကျသူလို့ ယူဆနိုင်တဲ့ ရာထူးက ထုတ်ပယ်ခံရတဲ့ ဒုတိယသမ္မတကတော့ ခပ်မှိန်မှိန်နေနေပါတယ် လောလောဆည်မှာ။ IC Gလို့ခေါ်တဲ့ နိုင်ငံတကာ ပဋိပက္ခ အဖွဲ့က Piers Pigou ကတော့ ရာထူးက ထုတ်ပယ်ခံရတဲ့ ဒုတိယသမ္မတ Emmerson Mnangagwa ဟာ စစ်တပ်နဲ့ နီးနီးကပ်ကပ်နေတယ်လို့ အထင်ခံရရင် သူ့အပေါ်လူထု ယံုံကြည်မှု ကျဆင်းသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“နောက်တက်လာတဲ့ လူတွေဟာ စစ်တပ်ရဲ့ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ မပတ်သက်စေဖို့ သိပ်ကိုအရေးကြီးပါတယ်။ တကယ်ဟုတ်နေတာကို ဘယ်လိုများဆက်လက်ဖုံးကွယ်ကြအုံးမလဲ ဆိုတာ ကျနော်လဲမသိပါဘူး။”

ဒါပေမယ့် စေ့စပ်ရေးသမားတွေအဖို့ ဆွေးနွေးစရာက သိပ်များတယ်လို့ Chitiyo ကဆိုပါတယ်။ ဒီပြဿနာဟာ အာဏာရZANU-PF ပါတီအတွင်း ကြာရှည်အက်ကွဲမှု ဖြစ်နေရာကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ဒီအက်ကွဲမှုကိုလည်း သမ္မတ Mugabe ကိုယ်တိုင် ဦးဆောင်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ သူ့ဇနီးသည် Grace Mugabe ကို ဆွဲတင်ချင်လို့ ဒုတိယသမ္မတကို ရာထူးကနေ ဖယ်ရှားပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒါကသိပ်ခက်ခဲပါတယ်။ ပါတီတွင်းမှာလဲဆွေးနွေးကြတယ်။ ပါတီနဲ့အတိုက်အခံတွေကြား၊ တောင်အာဖရိကနဲ့ ဒေသတွင်းနိုင်ငံတွေကြားမှာလဲ လောလောဆယ်ဆွေးနွေးနေကြပါတယ်။ ခက်ခဲတဲ့ဆွေးနွေးမှုတွေပါ၊ ချက်ချင်းဆွေးနွေးစရာတွေ သိပ်များနေတာဟာ ကောင်းကျိုးထက် ဆိုးကျိး ပိုဖြစ်စေနိုင်ပါတယ်။ စစ်တပ်ဘက်က ဒီလိုပဲ သဘောထားမယ်ထင်ပါတယ်။”

ဇင်ဘာဘွေနိုင်ငံ စစ်တပ်ကတော့ ဒါဟာ အာဏာသိမ်းတာ မဟုတ်ဘူးလို့ အခိုင်အမာပြောနေစဲပါ။ အာဏာအရှိန်အဝါကြီးမားတဲ့ စစ်ပြန်အသင်းကတော့ ဒါဟာ “bloodless correction.” “သွေးမဲ့အမှားပြင်ဆင်ချက်” လို့ ခေါ်ဝေါ်ပါတယ်။ သူတို့ပြောသလိုအမှန်တကယ် သွေးထွက်သံယိုမှုမရှိပဲ အမှားပြင်ဆင်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာဟာ အာဏာရှင်ခေါင်းဆောင်ကြီး Mugabe ခုခံတိုက်ခိုက်မှုမပြုပဲ ဖယ်ရှားပေးမလားဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ဒါကြောင့်ဒါဟာ လွယ်ကူတဲ့ ကိစ္စတရပ်လို့ ဘယ်သူမှ ယူဆကြမှာ မဟုတ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG