သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mugabe နိုင်ငံတော်ဈာပနအတွက် ဇင်ဘာဘွေပြင်ဆင်


ဇင်ဘာဘွေ သမ္မတ ဟောင်း ရောဘတ် မူဂါဘီ
ဇင်ဘာဘွေ သမ္မတ ဟောင်း ရောဘတ် မူဂါဘီ

စင်ကာပူနိုင်ငံက ဆေးရုံတစ်ရုံမှာ သောကြာနေ့က ကွယ်လွန်သွားခဲ့သူ ဇင်ဘာဘွေ သမ္မတ ဟောင်း ရောဘတ် မူဂါဘီရဲ့ နောက်ဆုံး ခရီး ဈာပန အခမ်းအနားကို လာမယ့် သီတင်းပတ်ကုန်မှာ ဇင်ဘာဘွေနိုင်ငံ မြို့တော် Harare မှာ ကျင်းပမှာဖြစ်ပါတယ်။ တစ်ချို့ ဇင်ဘာဘွေ ပြည်သူတွေက သူတို့ရဲ့ ခေါင်းဆောင်ဟောင်းအတွက် ဝမ်းနည်းပူးဆွေးနေကြပါတယ်။ မူဂါဘီဟာ တစ်ချို့ပြည်သူတွေ အတွက် သူရဲကောင်း ဖြစ်သလို အငြင်းပွားဖွယ် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လို့ နေပါတယ်။ VoA သတင်းထောက် Mavhunga Zvimba သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း ရောဘတ် မူဂါဘီအတွက် ဝမ်းနည်း ပူဆွေးနေသူတဲ့ ဇင်ဘာဘွေ ပြည်သူတစ်ချို့ဟာ မြို့တော် Harare နဲ့ ကီလိုမီတာ ၁၀၀ လောက် ကွာဝေးတဲ့ သူ့ရဲ့ အိမ်မှာ စုဝေး ရောက်ရှိနေကြပါတယ်။

အဲဒီအထဲ Febby Felictus လည်း တစ်ယောက် အပါအဝင်ပေါ့။

“ကျွန်မတို့အတွက် သူက အာဇာနည် သူရဲကောင်းတစ်ယောက်ပါ။ ကျွန်မတို့ကို ပိုကောင်းတဲ့လူတွေ ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ အခုတော့ အရင်ကနဲ့ မတူတော့ဘူး။ အဖေကြီးကို ကျွန်မတို့ ဆုံးရှုံးလိုက်ရပြီ။”

ဒါပေမဲ့ မူဂါဘီဟာ ဇင်ဘာဘွေ ပြည်သူတိုင်းရဲ့ လေးစားကြည်ညိုမှုကို ခံရတာတော့ မဟုတ်ပါဘူး။ အသက် ၃၂ နှစ်အရွယ် Sam Callisto Kabhara ကတော့ မူဂါဘီကို အပြစ်တင်စရာတွေ ရှိနေပါတယ်။

“မူဂါဘီက သူရဲကောင်းမှ မဟုတ်တာ။ သူ့ကို သူရဲကောင်း အာဇာနည်လို့ ကျွန်တော်တို့ ပြောလို့ မရဘူး။”

Kabhara ရဲ့ အသက်မွေး ဝမ်းကြောင်း အလုပ်က Harare မြို့အပြင် ၅ ကီလိုမီတာလောက်မှာ ထင်းတွေ ရှာပြီး ပြန်ရောင်းရတဲ့အလုပ် ပါ။ မူဂါဘီရဲ့ အုပ်ချုပ်ရေးအောက် သားကောင်ဖြစ်ခဲ့ရလို့ သူ အလုပ်အကိုင် မဲ့ ဖြစ်ရတာဆိုပြီး မူဂါဘီ့မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

“မှန်ပါတယ်။ သူက ကိုလိုနီစနစ်ကို တိုက်ပွဲ ဝင်ခဲ့သူပါ။ ဒါပေမဲ့ လွတ်လပ်ရေး ရပြီးတော့လည်း သူ့ကြောင့် ကျွန်တော်တို့ ဆက်ပြီး ဒုက္ခ ရောက်ခဲ့ကြရတာပါပဲ။ အခု လက်ရှိ ခေါင်းဆောင်တွေ အနေနဲ့ မူဂါဘီရဲ့ လုပ်ခဲ့တဲ့အမှားတွေကို ကြည့်ပြီ သင်ခန်းစာ ယူသင့်တယ်။”

Shadreck Makau ကတော့ ဇင်ဘာဘွေရဲ့ စီးပွားရေး ဆိုးရွားတာဟာ ပိတ်ဆို့မှု တွေကြောင့် လို့ဆိုပါတယ်။ မူဂါဘီ လုပ်လို့ မဟုတ်ဘူးပါဘူးတဲ့။

“မူဂါဘီကို ဆုံးရှုံးရလို့ ကျွန်တော် တော်တော် ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အခမဲ့ ပညာရေးကို ဖန်တီးပေးခဲ့တာလေ။ သူ့ကြောင့် စီးပွားရေး ပျက်ဆီးတာလို့ ကျွန်တော် မမြင်ဘူး။”

ရောဘတ် မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံကို နှစ်ပေါင်း ၄၀ နီးပါး အုပ်ချုပ်နေခဲ့အတွင်း ဆိုးရွားတဲ့ နိုင်ငံ့ စီးပွားရေး အခြေအနေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေအပေါ် အပြစ်ဖို့ ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ မူဂါဘီက လူဖြူ လယ်သမားတွေရဲ့ မြေတွေကို အကြမ်းနည်းနဲ့ သိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ စတင် လုပ်ဆောင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ မူဂါဘီဟာ မရဏတပ်သားတွေ စေလွှတ်ပြီး အတိုက်အခံ တွေကို လုပ်ကြံပြီး အပြတ် ရှင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ရွေးကောက်ပွဲ မရိုးမသား လုပ်တယ်လို့လည် စွပ်စွဲခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ် သောကြာနေ့က လူကြီးရောဂါနဲ့ ဖျားနာ ကွယ်လွန်ခဲ့သူ ရောဘတ် မူဂါဘီဟာ သေဆုံးချိန်မှာ အသက် ၉၅ နှစ် ရှိပြီ ဖြစ်ပါတယ်။ အစိုးရ အစီရင်ခံစာ မှတ်တမ်းတစ်ခုအရ မူဂါဘီရဲ့ ဈာပနကို စနေနေ့မှာ ဟာရာရေး အမျိုးသား အားကစားရုံမှာ ပြုလုပ်မှာဖြစ်ပြီး မြေမြှုပ် သင်္ဂြိုလ်ပွဲကိုတော့ နောက်တစ်ရက်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်က ဆိုပါတယ်။

ရောဘတ် မူဂါဘီကို တစ်ချို့က သူရဲကောင်းလို့ မြင်ကြပါတယ်။ တစ်ချို့ကတော့ အာဖရိကရဲ့ ဂျုံအိုးကြီးလို့ တင်စား ခေါ်ဝေါ်ခဲ့ရတဲ့ ဇင်ဘာဘွေရဲ့ စီးပွားရေးကို ဖျက်ဆီးပစ်ခဲ့သူ၊ ရွေးကောက်ပွဲ တွေမှာ မရိုးမသား အနိုင်ရအောင်လုပ်သူ နဲ့ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ ဓါးမိုး အုပ်စိုးသူတစ်ယောက်အဖြစ် မြင်ကြကြောင်းပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG