သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်" - Muhammad Yunus


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ရောက်ရောက်ချင်း Hazrat Shahjalal နိုင်ငံတကာလေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောကြားနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus (ဩဂုတ် ၈၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ရောက်ရောက်ချင်း Hazrat Shahjalal နိုင်ငံတကာလေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောကြားနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus (ဩဂုတ် ၈၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ အုံကြွမှုကြောင့် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံကို ဒီနေ့ပြန်ရောက်လာတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus ကပြောကြားလိုက်ပါတယ်။ နိုင်ငံကို ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားအောင် သူ့အစိုးရအနေနဲ့ ကြိုးပမ်းသွားမယ်လို့ ဒါကာမြို့တော်ကို ပြန်ရောက်ရောက်ချင်းမှာ ခုလိုပြောကြားခဲ့ပါတယ်။

တော်လှန်ရေးကြောင့်ရလာတဲ့ အောင်ပွဲအစနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီ ရှေ့ဆက်သွားမှာဖြစ်တဲ့အကြောင်း။ ဒီလိုအခြေအနေဖြစ်လာအောင် ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေကို ကျေးဇူးတင် ချီးကျူးကြောင်း ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ကပြောကြားခဲ့တာဖြစ်ပါတယ်။ လူငယ်၊ ကျောင်းသားတွေဟာ နိုင်ငံကိုကာကွယ်ပြီး တိုးတက်တဲ့နိုင်ငံသစ်ဆီ အရှိန်နဲ့သွားနိုင်ဖို့ နိုင်ငံကို အသစ်တဖန်မွေးဖွားပေးခဲ့တယ်လို့ သူကပြောပါတယ်။ ကျောင်းသားတွေ သီတင်းပတ်နဲ့ချီ ဆန္ဒပြခဲ့ကြပြီးနောက် နိုင်ငံကို ၁၅ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ရာထူးကနေ ဆင်းပေးခဲ့ရပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက် စစ်တပ်က ကြားဖြတ်အစိုးရဖွဲ့ပေးခဲ့ပြီး အစိုးရကို ဦးဆောင်ဖို့ ဥရောပရောက်နေတဲ့ အသက် ၈၄ နှစ်အရွယ် Muhammad Yunus နိုင်ငံကို ဒီနေ့ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လူပေါင်း ၄၅၀ ထက်မနည်းသေဆုံးခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပြန်လည်ရှိလာအောင် သူ့အစိုးရအနေနဲ့ ဦးစားပေးလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ နိုင်ငံထဲမှာ တယောက်နဲ့တယောက် သံသယတွေကို ဖယ်ရှားပြီး လွတ်လပ်မှုကို ကာကွယ်ကြဖို့လည်း ခေါင်းဆောင်သစ် Yunus ကတောင်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Hasina လက်ထက်က Muhammad Yunus အပေါ် ရာဇဝတ်မှုပေါင်း ၁၀၀ ကျော်နဲ့ အမှုဖွင့်ခဲ့သလို လိမ်ညာနာမည်ဖျက်မှုကိုလည်းခံခဲ့ရပါတယ်။ အလုပ်သမားရေးဆိုင်ရာ အမှုတခုနဲ့ ဒီနှစ်ဆန်းက ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပြီး အာမခံနဲ့ နိုင်ငံခြားခရီးသွားနေတာဖြစ်ပါတယ်။ အဲဒီအမှုကို ဒါကာတရားရုံးက ဗုဒ္ဓဟူးနေ့တုန်းက ပလပ်ပေးခဲ့ပါတယ်။ ဆင်းရဲသားတွေအတွက် အသေးစားငွေချေးလုပ်ငန်းနဲ့ ငွေချေးပေးခဲ့ပြီး ဆင်းရဲမွဲတေမှု သက်သာစေအောင်လုပ်ပေးခဲ့တဲ့အတွက် ဘဏ်လုပ်ငန်းရှင် Yunus ၂၀၀၆ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ရခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG