သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်အနီး တိုက်ခိုက်မှုတွေ ရှိနေဆဲ


ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြီးဖြစ်တဲ့ မန္တလေး -လားရှိုး- မူဆယ်လမ်းမှာ ဒီကနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ကားအသွားအလာတွေ လုံးဝရပ်တန့်မသွားပေမဲ့ အထိတ်တလန့်နဲ့ သွားလာနေကြရပါတယ်။ လောလောဆည် မူဆယ်မြို့မှာ အခြေအနေဟာ ပြန်လည်တည်ငြိမ်စပြုလာနေသလို နယ်စပ်ကုန်သွယ်ရေးဟာလည်း ဆက်လက်လည်ပတ်နေဆဲရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နဲ့ ပတ်ဝန်းကျင်က ရဲ၊ ပြည်သူ့စစ်စခန်းတွေကို စနေနေ့က ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် ဒီကနေ့မှာလည်း မူဆယ်နဲ့ နမ့်ဖတ်ကာအကြားမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီကနေဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေကို နမ့်ဖတ်ကာက ရဲအရာရှိတဦးက အခုလို ပြောပါတယ်။

“ နမ့်ဖတ်ကာနဲ့ မူဆယ်အကြားမှာ ကျနော်တို့နမ့်ဖတ်ကာ ဧရိယာမဟုတ်တော့ဘူး။ ဟိုဖက် မူဆယ်ဧရိယာထဲမှာဗျ။ နမ့်အွန်နဲ့ နမ့်ပေါ့တကြောမှာ ဖြစ်နေတာခင်ဗျ။ ဖြစ်တာက ၉နာရီကနေ ခုချိန်ထိ ဖြစ်နေတုံးခင်ဗျ၊ နမ့်အွန်တကြောမှာ။ သူတို့က ဒီရွာထဲကို ဝင်လာတာ ဟိုမုန်းရွာထဲကို ဝင်လာတာ။ ဟိုမုန်းရွာထဲမှာ အင်အား ၁၀၀။ ၁၅၀လောက် ဝင်လာတာ။ ဝင်လာပြီးတော့ ပြန်ထွက် ထွက်ပြီးတော့ နမ့်အွန်တကြောဖက်ကို ထွက်သွားပြီးမှ အဲဒီတကြောမှာဖြစ်နေတာ။ အဖွဲ့တွေကတော့ ပူးပေါင်းအဖွဲ့လို့ပဲ သိရတယ်။ ”

ဒါကတော့ နေ့ခင်း ၁၂နာရီခွဲအချိန်က ပြောခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ နေ့ခင်း ၂နာရီခွဲအချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေတာဖြစ်ကြောင်း ရဲအရာရှိက ပြောပါတယ်။

“ နောက်ဆုံးအခြေအနေက နမ့်အွန်တကြောမှာ သူတို့ အဖွဲ့တွေကို ဒီစစ်ကြောင်းတွေနဲ့ ပိတ်မိနေတယ်သိရတယ်ခင်ဗျ။ အခုချိန်ထိဖြစ်နေတယ်လို့ ကြားနေရတယ်ခင်ဗျ။ အဲတော့ လိုင်းကားတွေက သွားလာနေတဲ့ ခရီးသည် လိုင်းကားတွေက အထိတ်တလန့်ပေါ့ဗျာ။ အဲဒီမှာ ဖြစ်နေတဲ့အသံကြားတယ်ဆိုတာ ခုချိန်ထိလေ။ မရပ်ဘူးဗျ၊ သွားတော့သွားတယ်။ ဘယ်လောက်ဖြစ်ဖြစ် သွားကြတယ် ကားတွေကတော့။ ”

လားရှိုး- မူဆယ်- နမ့်ခမ်းလမ်းမှာ ပြေးဆွဲနေတဲ့ ယာဉ်မောင်းတဦးကတော့ ဒီကနေ့ ကားအသွားအလာ နည်းပါးကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့ နည်းနည်းပဲရှိတယ်။ခုနက ဟိုဖက်မှာ နည်းနည်းပစ်လို့။ ဟိုဖက် တံတားဖက်မှာ နမ့်အွန်တံတားဖက်မှာ။ မူဆယ် ၁၀၅မိုင်ကျော်ပဲလေ။ ဒါပေမဲ့ သွားတဲ့လူတော့ ရှိပါတယ်။ ခနလေးပါပဲ။ ပြန်ငြိမ်သွားရင်တော့ ကျော်သွားကြတာပေါ့။”

စနေနေ့ကဖြစ်ပွားတဲ့ မူဆယ်မြို့နဲ့ အနီးအနားဒေသတိုက်ပွဲတွေအတွင်းမှာ ရဲ၊ ဌာနေပြည်သူ့စစ်နဲ့ အရပ်သားစုစုပေါင်း ၂၀လောက်သေဆုံးပြီး အထိအခိုက်များပြားခဲ့တဲ့ ဒီကနေ့အခြေအနေတွေ ပြန်လည် ငြိမ်သက်လာပေမယ့် လူ ၂၇ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကချင်လွတ်လပ်ရေးအဖွဲ့KIA နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့လက်ချက်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မူဆယ်မြို့ရဲ့အခြေအနေကို မူဆယ်မြို့က ကရုဏာပရဟိတအသင်း ဥက္ကဌ ဦးသောင်းထွန်းက အခုလို ပြောပါတယ်။

“ ဖြစ်တာတော့ မူဆယ်မှာ မဖြစ်ဘူး။ နမ့်ပေါ့တံတားကို လက်နက်ကြီး ၂လုံးထုတယ်။ နမ့်အွမ်နားမှာ သူတို့ဖြတ်တဲ့အတွက် cut-out လုပ်တာရှိတယ်။ အဲဒါပဲ။ ကျန်တဲ့ဟာတော့ မူဆယ်မြို့မှာတော့ အားလုံးပုံမှန်လှုပ်ရှားနေကြတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ကုန်သယ်တဲ့လမ်းကြောင်းကတော့ ဘာမှ ထိခိုက်မှုမရှိဘူး။ အားလုံးပုံမှန် သွားနေကြပါတယ်ဗျ။ အခုက ကားတွေက တရက်ကို အနည်းဆုံး သုံးထောင်နဲ့ ငါးထောင်ကြားမှာရှိတယ်။ ရှိတဲ့အခါက သူက ရပ်လည်း ခနပဲဗျ။ ကားတန်းကြီးက လမ်း ပိတ်နေလို့ မရဘူး။ ဖြစ်တုံးခနတော့ ရပ်သွားတာပဲ။ ပြန်ငြိမ်သွားတဲ့အခါက ရှေ့ပြန်တိုးသွားတာပဲ။ ဒီလို တိုက်ပွဲခန ခန ဖြစ်နေတာတော့ ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်ပါတယ်။ အတတ်နိုင်ဆုံး လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးယူကြပါလို့ပဲ တောင်းဆိုချင်ပါတယ်ခင်ဗျ။ ”

စနေနေ့က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့က ဒေသခံတွေနဲ့ တရုတ်နိုင်ငံသားတွေကို ထိခိုက်စေတဲ့ လောင်းကစားရုံကို တိုက်ခိုက်တာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ms Aryani Manringက VOA ကို အခုလို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း TNLA တပ်၊ အစိုးရလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့အကြား မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သေကျေဒဏ်ရာရမှုများ ရှိခဲ့တဲ့အတွက် မိမိတို့အနေဖြင့် များစွာစိုးရိမ်ပူပန်ကြောင်းပြောဆိုထားပါတယ်။ တဆက်တည်းမှာ ထိခိုက်မှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့၊ ဒုက္ခရောက်ရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီပေးတာတွေကို ခွင့်ပြုဖို့၊ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ AAခေါ် ရခိုင်တပ်ဖွဲ့တွေပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က မူဆယ်၊ ကွတ်ခိုင်၊ မုန်းကိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရ တပ်စခန်းနဲ့ ရဲကင်း ၁၁နေရာလောက်ကို ဝင်ရောက်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG