သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်နယ်စပ်ဂိတ် တရုတ်တင်းကျပ်


နယ်စပ်အဝင်အထွက်ဂိတ်တွေကို တရုတ်နိုင်ငံဖက်က အစစ်အဆေး တင်းကျပ်နေတာကြောင့် မူဆယ်မြို့ကနေ တဘက်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူတွေနဲ့ ကုန်တင်ကားအဝင်အထွက်တွေ အခက်အခဲဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရကြောင်း မူဆယ်မြို့ခံတွေက ပြောပါတယ်။ ဒီလိုစစ်ဆေးတာဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တာဖြစ်ပြီး မူဆယ်မြို့မှာ ကားပိတ်ဆို့မှုအခြေအနေကိုလည်း တဘက်နိုင်ငံကို အကြောင်းကြားထားကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကနေ တရုတ်နိုင်ငံ ရွှေလီနဲ့ ကြယ်ဂေါင်ကို ဝင်ထွက်သွားလာတာ တွေကို တင်းကျပ်လာတာဟာ အခုဆိုရင် တပတ်လောက်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

ဒီလို တင်းကျပ်လိုက်တာကြောင့် သွားလာရေးအတွက် လူတွေအခက်အခဲတွေ့ရသလို ကုန်တင်ကား မောင်းသူတွေကိုပါ စစ်ဆေးတာကြောင့်မူဆယ်မြို့အတွင်းမှာ ယာဉ်ကြောပိတ်ဆို့တာတွေ ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခြေအနေကတော့ ပိတ်နေတာပဲ။ အဝင်မခံတာမဟုတ်ဘူး။ အဝင်ခံတယ် စစ်ဆေးတာပေါ့။ လက်ဗွေအဓိကစစ်တယ်။ အစစ်အဆေးများတော့ ကြာတာပေါ့။ ကြာတော့ လူက အဝင်အထွက်များတော့ အဲဒီမှာ တန်းစီပြီးစောင့်ရတာ။ ၂နာရီ၊ ၃နာရီလောက်အထိစောင့်ရတယ်။ အနည်းဆုံးတော့။ ကားကြီးတွေလည်း အဲဒီအတိုင်းစစ်နေတာ။ အဲဒါကြောင့် ကားလိုင်းတွေအကုန်လုံးပိတ်နေတာ မူဆယ်တမြို့လုံးနီးနီး။ အဲလိုအစစ်အဆေးများလို့ ပိတ်သွားတာပေါ့။”

စစ်ဆေးရာမှာ လက်ဗွေယူတာအပြင် မျက်နှာကို မှတ်တမ်းဓါတ်ပုံရိုက်ယူသလို ကိုယ်ရေးအချက်လက်တွေပါ စိစစ်မှတ်တမ်းတင်နေတာဖြစ်ပါတယ်။

မူဆယ်မြို့က ကရုဏာပရဟိတ အသင်း ဥက္ကဌ ဦးသောင်းထွန်းကတော့ ဒီလို စစ်ဆေးမှုတွေ ဆောင်ရွက်တာ ဟာ နှစ်နိုင်ငံမှတ်ပုံတင်ကဒ်ကိုင်ဆောင်သူတွေ ရှိနေတာကြောင့်လို့ ကြားသိရကြောင်းနဲ့ အချိန်ကြန့်ကြာ တာကြောင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နိုင်ကြောင်း ပြောပါတယ်။

“ တရုတ်ကနေပြီး သူတို့ ဗမာပြည်ဘက်မှာ မှတ်ပုံတင်လုပ်တဲ့လူ၊ တရုတ်ဘက်မှာ မှတ်ပုံတင်လုပ်တဲ့လူ မှတ်ပုံတင် ၂မျိုးကိုင်တဲ့လူတွေ ရှိနေတဲ့အတွက် အဲဒါကို အဓိက စစ်ဆေးတယ်လို့ ပြောတယ်ဗျ။ စစ်ဆေး တယ်လို့ ပြောတဲ့အခါကျ အပေါက်ဝမှာ လက်ဗွေယူတာပေါ့နော်။ အဲဒီမှာတင်ကြာနေတာဗျ။ အဲဒါကြောင့် ကြာနေပြီးတော့ နယ်စပ်ကုန်သွယ်ရေးမှာလည်း ထိခိုက်မှုရှိတယ်။ ဝင်တဲ့ အလုပ်သမားတွေမှာလည်း ထိခိုက်မှု ရှိတယ်။ နောက် ကြယ်ဂေါင်မြို့ အဝင်အထွက်လုပ်တဲ့လူတွေမှာလည်း အထိအခိုက်ရှိတယ်။ နယ်စပ် ကုန်သွယ်ရေးထိခိုက်မှုရှိတယ်ဆိုတာက ကားတွေလည်း တအားကြီး တန်းစီရတယ်။ လမ်းတွေလည်း ပိတ်နေတာပေါ့နော်။”

တရုတ်နိုင်ငံဖက်ကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်သားဟာ ၇သိန်းလောက် ရှိနိုင်ကြောင်း နဲ့ တစ်ရက်ကို လူ ၁သောင်းလောက် အဝင်အထွက်ရှိကြောင်း ဒေသခံတွေက ခန့်မှန်းထားပါတယ်။

မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတဦးကတော့ မူဆယ်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့အခြေအနေကို တဘက်နိုင်ငံကို အသိပေးအကြောင်းကြားပြီး ဖြေရှင်းဆောင်ရွက်နေကြောင်း ပြောပါတယ်။

“ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ လက်ဗွေတို့ မျက်နှာကို Scan ဖတ်ယူတာတို့ပေါ့နော်။ အဲလိုစနစ်နဲ့ အဲဒါကို သပ်သပ်ဆောင်ရွက်တဲ့အချိန်ပေါ့။ လောလောဆည်တော့။ ဒါ နိုင်ငံတကာမှာလည်း လုပ်နေကျပဲလေ နယ်စပ်တွေမှာ။ အရင်တုံးက ၅စက္ကန့်ဆိုတာ အခု စက္ကန့် ၃၀ပေါ့။ စနစ်သစ်ပြောင်း မူဝါဒပြောင်းတဲ့အချိန်ကျတော့ အရင်တုံးက ၅စက္ကန့်နဲ့ ပြီးတဲ့သူက အခု စက္ကန့် ၃၀ဆိုရင် နောက်က ဟိုနောက်ဆုံးက လူကတော့ အချိန်ပိုကြာသွားတာပေါ့။ ၁နာရီ၊ ၂နာရီ။ ၃နာရီ အဲလို ကြာသွားမှာပေါ့။ ကားပိတ်ဆို့မှုဖြစ်နေတယ်ဆိုတာလည်း သူတို့ဘက်ကို လှမ်းပြောထားတယ်လေ။ သူတို့ဘက်ကလည်း ဒါ စစ်ဆေးချိန်ကို အမြန်ဆုံး ဆောင်ရွက်နေတဲ့အခါကျ အခုတော့ အရင်ကထက်စာ တော်တော်လေးတော့ လျော့သွားပါပြီ။ တခုတော့ ရှိတာပေါ့ သူတို့ ကောင်တာတွေ ဘာတွေ တိုးချဲ့ရင်တော့ မြန်သွားမှာပေါ့။ ”

တရုတ်နိုင်ငံဘက်က အခုလို စစ်ဆေးဖို့အတွက် မေလဆန်းပိုင်းကတည်းက အကြောင်းကြားထားခဲ့တာဖြစ်ပြီး မူဆယ်မြို့မှာ မေလ ၁၂ရက်နေ့က တိုက်ပွဲဖြစ်ပွားတာနဲ့ သက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။

လောလောဆည်မှာတော့ မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံဘက်ကို ဆန်၊ သကြား၊ ပြောင်းနဲ့ လယ်ယာ ထွက်ကုန်တွေကို တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေသလို စီးပွားရေးဇုံတခုကို တည်ထောင်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီလိုပြင်ဆင်မှုတွေရှိပေမဲ့ ဒေသတွင်းမတည်ငြိမ်မှုနဲ့ မကြာခန ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ဖို့ဟာ စိန်ခေါ်မှုတွေ ရှိနေကြောင်း ဝေဖန်ထောက်ပြတာတွေလည်း ရှိနေပါတယ်။

မူဆယ်နယ်စပ်ဂိတ် တရုတ်တင်းကျပ်
please wait

No media source currently available

0:00 0:04:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG