မူဆယ်မြို့လယ်ခေါင် ဗုံးကွဲ အမျိုးသမီးတဦးသေဆုံး
{{Zawgyi/Unicode}}
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စည်ပင်သာယာဈေးအနီးက မြို့လယ် အချက်အခြာကျတဲ့နေရာမှာ ဒီနေ့မနက်ပိုင်းက ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဈေးအနီး ယာဉ်ထိန်းရဲကင်းနေရာမှာ ပေါက်ကွဲတာဖြစ်ပြီး အသက်၂၀အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့သလို ယာဉ်ထိန်းရဲနဲ့ ပြည်သူ့စစ်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ မူဆယ်မြို့ ပေါက်ကွဲမှုသတင်းကို ကိုဇော်မိုးကျော် က ပြောပြပါမယ်။
တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့မှာ ခိုးဆိုးလုယက်တာ၊ ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးပေါက်ကွဲတာတွေ မကြာခန ဖြစ်လေ့ရှိတာပါ။
ဒီကနေ့မနက် ၁၁နာရီလောက်ကတော့ မြို့လည်ခေါင် စည်ပင်သာယာ အမှတ် ၁ ဈေးအနီးမှာ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုမှာ ထိခိုက်သေဆုံးတာတွေ ရှိကြောင်း ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။
“မနက် ၁၁နာရီ ၁၀မိနစ်ခန့်ပေါ့နော်။ မူဆယ်မြို့ရဲ့ မြို့လယ်ခေါင် စည်ပင်သာယာ အမှတ် ၁ဈေးရဲ့ တောင်ဘက်ဒေါင့်ပေါ့။ ဒီမီးပွိုင့်နားမှာပေါ့။ ယာဉ်ထိန်းရုံးရှိတယ်။ အဲဒီမှာ ဗုံးပေါက်တာခင်ဗျ။ ကောင်မလေး တစ်ယောက်သေတယ်။ ကောင်မလေးက အသက်၂၀ကျော် ဝန်းကျင်လောက်ပဲ ရှိမယ်လို့ ပရဟိတအဖွဲ့တွေက ပြောကြတယ်။ ယာဉ်ထိန်းတယောက်ရယ်။ ပြည်သူ့စစ်က နှစ်ယောက်ပေ့ါနော်။ အဲဒီ ၃ယောက်တော့ တော်တော်လေး ထိခိုက်တာပေါ့နော်။”
ယာဉ်ထိန်းရဲရုံးနေရာမှာ ယာဉ်ထိန်းရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရှိနေစဉ် ပေါက်ကွဲတာဖြစ်ပြီး သေဆုံးသူကတော့ လမ်းတဘက် ဖုန်းဆိုင်ကနေ လမ်းဖြတ်ကူးအလာမှာ ထိမှန်တာလို့ ပြောပါတယ်။
လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကတော့ ဒီမနက် ပေါက်ကွဲမှုကြောင့် တယောက်သေဆုံးပြီး ၅ယောက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
“ မိန်းကလေး နှစ်ယောက်ဒဏ်ရာရတာ တစ်ယောက်သေတယ်။ မိန်းကလေးက အသက် ၂၅လောက်ရှိပြီပေါ့နော်။ မိန်းကလေး တစ်ယောက်သေတယ်။ နောက် ပြည်သူ့စစ်က သုံးယောက် ဒဏ်ရာရတယ်။ နောက် ယာဉ်ထိန်းရဲတစ်ယောက် ဒဏ်ရာရတယ်။ ယာဉ်ထိန်းရဲတစ်ယောက်က ဒဏ်ရာပြင်းတယ်။ နောက် ပြည်သူ့စစ်တစ်ယောက်လည်း ဒဏ်ရာ ပြင်းတယ်ပေါ့နော်။ ”
ဗုံးဖောက်ခွဲသူကိုတော့ ဖမ်းဆီးရမိတာမရှိသေးကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့လ ၂၅ရက်နေ့က မူဆယ်မြို့ စက်မှုဇုံလောင်းကစားရုံမှာလည်း ဗုံးပေါက်ကွဲမှု တကြိမ်၊ ၁၃ရက်နေ့က ဟိုမွန်ရပ် အထက ၂ကျောင်း ဘော်လုံးကွင်းအနီးမှာ တကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့သလို ၂၄ရက်နေ့ကတော့ အခွန်မပေးတဲ့ လောင်းကစားရုံကို လက်နက်ကိုင်အဖွဲ့တဖွဲ့ ကလာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
မူဆယ်မြို့မှာ ကချင်၊ တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရှမ်းစတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်ထွက်လှုပ်ရှားနေသလို ပြည်သူ့စစ်အဖွဲ့အတော်များများရဲ့ စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်ထားတာပါ။ အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ လောင်းကစားရုံတွေကြောင့် ရာဇဝတ်မှုတွေ များပြားနေပြီး တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေကြောင်း ဒေသခံတွေက သုံးသပ်ထားပါတယ်။
.........................................
{{Zawgyi/Unicode}}