သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမယ့်ပြောဆိုမှုသတင်း မမှန်ကန်ကြောင်း မြန်မာအစိုးရငြင်းဆို


နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးခဲ့သည့် လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး (ဇွန်လ ၈ရက် ၂၀၁၈)
နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးခဲ့သည့် လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေး (ဇွန်လ ၈ရက် ၂၀၁၈)

မြန်မာနိုင်ငံမှာ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းစရာမလိုပဲ အရေးကြီးတဲ့ ကဏ္ဍတွေမှာ ဆက်လက် ချုပ်ကိုင်နိုင်စွမ်း ရှိနေသေးတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။ ဇွန်လဆန်းပိုင်းတုန်းက နေပြည်တော်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးမှာ ၊ တပ်မတော်က အာဏာပြန်သိမ်းဖို့အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တယ်ဆိုပြီး ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ငြင်းဆိုချက်တွေ ထွက်ပေါ်လာအပြီး အဲဒီလို သုံးသပ် ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။


ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့ နိုင်ငံခြားသားတဦးပါဝင်မယ့် လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းသွားမယ်လို့ မေလ(၃၁)ရက်နေ့မှာ NLD အစိုးရက ကြေညာခဲ့ပြီးနောက် ကာ/လုံအစည်းအဝေးဆန်တဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးကို နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စုံစမ်းရေးကော်မရှင်မှာ နိုင်ငံခြားသား ထည့်သွင်းတာကို လက်မခံနိုင်ပဲ အာဏာသိမ်းမယ်လို့တောင်မှ ခြိမ်းခြောက်ပြောဆို ခဲ့တယ်ဆိုပြီး ဇွန်လ ၂၃ ရက်ထုတ် Bangkok Post ဘန်ကောက်ပို့စ်သတင်းစာမှာ နိုင်ငံခြားသားဆောင်းပါးရှင် Larry Jagan က သူ့ရဲ့သတင်းရင်းမြစ်တွေကို ကိုးကား ရေးသားခဲ့တာပါ။

Larry Jagan ရဲ့ဆောင်းပါးပါ အချက်တွေဟာ မဟုတ်မှန်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်တွေကို ခုလို ရှင်းပြခဲ့ပါတယ်။

“ များသောအားဖြင့် အဲဒီမှာတက်တဲ ခေါင်းဆောင်တွေ အကုန်လုံး အေးအေးဆေးဆေးပဲ ဆွေးနွေးတယ်။ အဲဒီမှာ.. အဲဒီအစည်းအဝေးမှာ ကျနော်တို့ ရှိပါတယ်။ အဲဒီ Larry Jagan ရေးတဲ့ ဘန်ကောက်ပို့စ်မှာ ရေးထားသလိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေပြီးတော့၊ အာဏာသိမ်းဖို့အထိ ပြောတယ်ဆိုတဲ့ ဟာတွေက လုံးဝမှားပါတယ်ဆိုတာ အဲဒါလေး ပြောချင်ပါတယ်။”

NLD အစိုးရက ဖွဲ့စည်းမယ့် စုံစမ်းရေးကော်မရှင်မှာ နိုင်ငံခြားသားတဦး ပါဝင်မယ့်ကိစ္စ တပ်မတော်ဘက်က ဘယ်လိုသဘောထား ရှိသလဲဆိုတဲ့ မေးခွန်း နဲ့ပတ်သက်လို့ ဦးဇော်ဌေးက မဖြေကြားခဲ့ပါဘူး။ အဲဒီ စုံစမ်းရေးကော်မရှင်ကို ပြည်တွင်းက ပုဂ္ဂိုလ်တွေနဲ့သာဖွဲ့စည်းဖို့ ပြည်ခိုင်ဖြိုးပါတီကလည်း ဇွန်လ ၆ ရက်နေ့ လွှတ်တော်မှာ အဆို တင်သွင်းခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေမှာ စစ်တပ်က ဆက်လက် ချုပ်ကိုင်နိုင်စွမ်း ရှိနေသေးတာကြောင့် အာဏာသိမ်းစရာမလိုပဲ စစ်တပ်က ရပ်တည်နိုင်သေးတယ်လို့ သုံးသပ်သူကတော့ ဂျာမနီအခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ စိုင်းဝမ်စိုင်း ဖြစ်ပါတယ်။

“ ကျနော်ထင်တာက Larry Jagan က သူ့ရဲ့ Story ကိုသူက လူစိတ်ဝင်စားအောင် .. လူတွေ ဟာကနဲဖြစ်သွားအောင် အဲဒီလိုလုပ်တယ်လို့ ကျနော် ထင်တယ်။ (စစ်တပ်)သူတို့က အာဏာသိမ်းဖို့မှ မလိုပဲလေ။ အာဏာ ပွန်းပဲ့သွားတယ်လို့ ထင်လို့ရှိရင်တော့ သူတို့သိမ်းချင် သိမ်းမှာပေါ့။ ဆိုတော့ ကျနော်ထင်တာက အာဏာသိမ်းခြင်းအားဖြင့် သူတို့အတွက် နိုင်ငံရေးအရဆိုရင် ပိုပြီးတော့ သူတို့ကရှုံးတယ်။ မသိမ်းပဲနဲ့နေတာက သူတို့အတွက် ပိုပြီးအမြတ်ရှိတယ်။ ”

သမ္မတဦးသိန်းစိန် လက်ထက်တုန်းက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေဖြစ်လာချိန်မှာ အရေးပေါ်အခြေအနေတရပ်ကြေညာပြီး ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာရယူခဲ့ပါတယ်။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် လုပ်ဆောင်ခဲ့တာပါ။

Bangkok Post မှာရေးတဲ့ Larry Jagan ရဲ့ဆောင်းပါးအပေါ် အခုလို အငြင်းပွားစရာတွေ ဖြစ်လာရတာဟာ မြန်မာအစိုးရအနေနဲ့ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာနဲ့ အချိန်မီ သတင်းထုတ်ပြန်နိုင်ခြင်း မရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ဥက္ကဌ ဦးမောင်မောင်မြင့်က သုံးသပ်ပါတယ်။

“ ကျနော့်အမြင်အရက ဒီလိုမျိုး လူတွေဖတ်လောက်အောင် လူတွေစိတ်ဝင်စားလောက်အောင် ဘာကြောင့်ဖြစ်သလဲ၊ အဲဒါ အဓိကတော့ ကျနော်တို့ဆီမှာ သတင်းတွေကို ထိန်ချန်တဲ့ကိစ္စမျိုးတွေ၊ အချိန်မီ မထုတ်ပြန်တဲ့ကိစ္စမျိုးတွေ အဲဒါတွေရှိနေလို့သာ ဖြစ်တာ။ တကယ်တမ်းသာ စောစောပိုင်းတုန်းက သူတို့ တွေ့ဆုံဆွေးနွေးပြီး မကြာခင်မှာ .. ဘာ့ကြောင့်တွေ့ဆုံ ဆွေးနွေးသလဲဆိုတဲ့ အကြောင်းအရာတွေကို တိုင်းပြည်ကို ထုတ်ပြန်ပေးခဲ့မယ် ဆိုလို့ရှိရင် ဒီလိုမျိုး ကောလဟလ ပွားစရာမရှိဘူးလို့ ကျနော်မြင်ပါတယ်။”

ဆောင်းပါးရှင် Larry Jagan ရေးတဲ့ဆောင်းပါးမှာတော့ မြန်မာအစိုးရကဖွဲ့မယ့် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ထဲ နိုင်ငံခြားသား ကျွမ်းကျင်သူတဦး ထည့်သွင်းမယ့်ကိစ္စကို လုံးဝ လက်မခံနိုင်ကြောင်း စစ်တပ်ဘက်က ငြင်းဆန်ခဲ့တယ်လို့ ကာ/ချုပ်နဲ့ အဆက်သွယ်ရှိတဲ့ စစ်တပ်အရာရှိဟောင်းတဦးကို ကိုးကား ရေးခဲ့ပါတယ်။ ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်မှူးကြီးက ဒေါသတကြီး တုန့်ပြန်ခဲ့သလို အာဏာသိမ်းမယ်လို့တောင်မှ ခြိမ်းခြောက်ခဲ့တယ်ဆိုပြီး စစ်တပ်ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် အများအပြားကပြောကြောင်း Larry Jagan ကရေးသားပေမယ့် အာဏာသိမ်းမယ် ဆိုတာဟာ ရခိုင်ပြည်နယ်တခုထဲကိုပြောတာလား တတိုင်းပြည်လုံးကို ပြောတာလားဆိုတာ သေသေချာချာ မသိရဘူးလို့ Larry Jagan က ရေးပါတယ်။ စုံစမ်းရေးကော်မရှင်ထဲ နိုင်ငံခြားသားပါတာကို လက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ဗိုလ်ချုပ်မှူးကြီးကို ဖြောင်းဖျနိုင်ခဲ့တာကြောင့် အာဏာသိမ်းရေးကိစ္စ လမ်းလွှဲနိုင်ခဲ့တယ်လို့ Larry Jagan ရဲ့ဆောင်းပါးမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG