သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားတွေအတွက် လူမှုဖူလုံကြေး ၄၀% နည်းလွန်းကြောင်း ဝေဖန်


ရန်ကုန်မြို့ အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ (နိုဝင်ဘာ ၀၁၊ ၂၀၁၈)
ရန်ကုန်မြို့ အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ (နိုဝင်ဘာ ၀၁၊ ၂၀၁၈)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါအကြပ်အတည်းကာလအတွင်း အလုပ်သမားတွေကို လူမှုဖူလုံကြေးပေးမယ်လို့ အစိုးရထုတ်ပြန်ပေမဲ့၊ ခံစားသင့်သလောက် ပမာဏ မရတဲ့အပေါ် အလုပ်သမားတွေဘက်က မကျေနပ်ကြတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ COVID-19 ရောဂါကာကွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင်ထားခြင်းရှိ၊ မရှိ စစ်ဆေးနေတဲ့အချိန် အလုပ်သမားတွေ မနစ်နာအောင် လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်းကို ပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဌာနက ဧပြီလ ၂၈ ရက်က တရားဝင် ထုတ်ပြန်ထားပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်ရှင်က လုပ်ငန်းတွေ ရပ်ဆိုင်းထားရင် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့ တာဝန်ရှိပါတယ်။ အခုကိစ္စမှာတော့ အစိုးရက လူမှုဖူလုံကြေးအတွက် ရာနှုန်းပြည့်ပေးဖို့ တာဝန်ရှိတယ်လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်ကော်မတီက ဒေါ်ထွေးထွေးသိန်းက ပြောပါတယ်။

“တကယ် ဥပဒေအရ ပြောရမယ်ဆိုရင် အစိုးရက ၁၀၀ ရာခိုင်နှုန်း တာဝန်ခံရမယ့်ကိစ္စ ကပ်ရောဂါကြောင့် ဒီရက်ကို အစိုးရက ပိတ်ပါလို့ပြောတာ။ ပေးရန်တာဝန်က အစိုးရမှာ ရှိတယ်။ ဒါပေမဲ့ ၄၀ ရာခိုင်နှုန်းပဲ ပေးတယ်ဆိုတာကတော့ ဒါကတော့ တကယ် ပြန်တွေးကြည့်မယ်ဆိုရင် အလုပ်သမားတွေအတွက်က နစ်နာတာပေါ့။ ဘာလို့လဲဆိုတော့ ဖူလုံရေး ပိုက်ဆံဆိုတာ အလုပ်သမားတိုင်းက ပေးခဲ့ရတာ၊ ပေးထားပြီးသားငွေ။ ပေးထားပြီးသားငွေကို အစိုးရက ပြန်လည်ပေးဖို့ရန် ပျက်ကွက်တယ်ပေါ့၊ တလလုံး ပိုက်ဆံလည်း မဟုတ်ဘူး။ ဒီ ၁၀ ရက်၊ ၁၁ ရက်စာလေးကို ပေးဖို့ရန်ပေါ့။”

အစိုးရကတော့ ၂၀၁၂ လူမှုဖူလုံရေးဥပဒေ ၁၃ (ခ)၊ (၂) သဘာဝဘေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့် အတိုင်း လစာရဲ့ ၄၀ ရာခိုင်နှုန်းကို ပေးသွားမယ်လို့ ပြောပါတယ်။ အလုပ်သမားတွေကတော့ အစိုးရရဲ့ နည်းပါးတဲ့ လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်းအပေါ်မှာ မေးခွန်းထုတ်လာကြပါတယ်။ တိုင်ရီအလုပ်သမားသမဂ္ဂ အဖွဲ့ဝင် မမိုးဝေက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“တကယ်တော့ ၄၀ ရာခိုင်နှုန်းက အရမ်းကိုမှ နည်းလွန်းတယ်။ တို့အနေနဲ့ လုံးဝအဆင်မပြေဘူး။ ဖြစ်နိင်မယ်ဆိုရင် အစိုးရအနေနဲ့ တစိတ်တပိုင်းကို (လူမှု) ဖူလုံရေးထဲကနေ သုံးပြီး တချို့ ရာခိုင်နှုန်းကို အလုပ်ရှင်ကို တာဝန်ပေးပြီးမှ လုပ်ခိုင်းစေမယ်ပေါ့။ ဒါကတော့ ဆန္ဒ တခုပေါ့။ ဒုတိယ တခုကတော့ အလုပ်ရှင်တွေကလည်း မလုပ်နိုင်ဘူးလေ။ ၄၀ ရာခိုင်နှုန်း လက်ခံရမယ်ဆိုရင်တောင်မှ လူမှုဖူလုံရေး ရန်ပုံငွေက လက်ရှိနိုင်ငံမှာ ဘယ်လောက်ရှိပြီလဲ ဘယ်လို အခက်အခဲကြောင့် ဒီ ၄၀ ရာခိုင်နှုန်းပဲ ပေးရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တယ်ပေါ့။”

၂၀၁၂ လူမှုဖူလုံရေး ဥပဒေပုဒ်မ (၁၀၀) မှာ အလုပ်သမားဝန်ကြီးဌာနဟာ ဘဏ္ဍာရန်ပုံငွေဖူလုံမှု၊ စီးပွားရေးတိုးတက်မှု၊ လူမှုရေး လိုအပ်ချက် ဒါတွေအပေါ် မူတည်ပြီး အလုပ်သမားတွေရမယ့် အကျိုးခံစားခွင့်ကို အစိုးရရဲ့ အတည်ပြုချက်နဲ့ ပြင်ဆင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဥပဒေအရ အစိုးရရဲ့ဟာ လုပ်ပိုင်ခွင့်အပြည့်အဝ ရထားတာပါ။

လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်းဆိုရင် အလုပ်သမား တယောက်ကို တရက် ပျမ်းမျှ ၁,၉၀၀ ကျပ်ရရှိမှာ ဖြစ်ပါတယ်။ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ အလုပ်သမားတွေအတွက် အလုပ်ရှင်တွေက သက်ဆိုင်တဲ့ မြို့နယ်လူမှုဖူလုံရေးရုံးတွေမှာ ဧပြီလ ၂၈ ရက်ကစပြီး လျှောက်ထားရမှာပါ။

ဥရောပသမဂ္ဂ EU ကလည်း ပြည်တွင်းက အလုပ်သမားသမဂ္ဂတွေကတဆင့် အထည်ချုပ်ဝန်ထမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စီစဉ်နေပါတယ်။ အလုပ်သမားတွေက နီးစပ်ရာ အလုပ်သမား သမဂ္ဂအဖွဲ့တွေဆီမှာ ဒီအထောက်အပံ့ရဖို့ စာရင်းပေးနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG