သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကျင်းပရေးအခြေအနေအပေါ် နိုင်ငံရေးပါတီတွေ စိုးရိမ်


နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးချုပ်
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးချုပ်

(Zawgyi/Unicode)

ဒီနှစ်ကျင်းပဖို့ ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေအကြားစိုးရိမ်မှုရှိနေတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ဆက်ပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 အကြပ်အတည်း အခြေအနေတွေကြောင့် ပုံမှန်အားဖြင့်ဆိုရင် လာမယ့်နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိ အခြေအနေမှာ ရောဂါမပြန့်ပွားရေးအတွက် လူစုလူဝေး လုပ်ဖို့ တားဆီးထားတာတွေနဲ့ တခြားကန့်သတ်ချက်တွေ ရှိတာကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ မသေချာမရေရာတွေ ဖြစ်လာရတာပါ။ ဒီအပေါ် ကော်မရှင်ဘက်ကတော့ ဘာမှ တိတိကျကျ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေဘက်က စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အာဏာရ ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ လက်ရှိအခြေအနေအရ ပါတီအောင်နိုင်ရေးနဲ့ ပတ်သတ်လို့ အခက်အခဲတွေ ရှိနေတဲ့ အပြင် လူရွေးချယ်ဖို့အတွက်က အခက်အခဲတွေ ရှိနေတယ်လို့ အခုလို ရွေးကောက်ပွဲကို ပုံမှန် အတိုင်း ကျင်းပမယ်ဆို အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲ လုပ်မယ်ဆို ဒီမေလကုန် ဇွန်လဆန်းလောက်မှာ စပြီးတော့ ကြငြာပေးကြရမှာလေ။ ဒါကလည်း ကော်မရှင်ဘက်က အဆင်သင့်ဖြစ်ပုံ မရဘူး။ ကျနော်တို့နိုင်ငံရေးပါတီတွေဘက်ကလည်း ကိုယ်စားလှယ် ရွေးဖို့က ဇွန်လအတွင်းပြီးအောင်လုပ်မယ်လို့ လျာထားပေမဲ့ ဒီအတိုင်းဆိုလို့ရှိရင် ဇွန်လထဲမှာတောင်မှ ပြီးဖို့ တော်တော်လေးခက်တယ်။ ရွေးကောက်ပွဲကို သက်မှတ်ထားတဲ့ အချိန်အတော်အတွင်းမှာ ဖြစ်မှ၊ ဖြစ်ပါ့မလားလို့ ကျနော်တော့် သံသယရှိတယ် ပြောချင်ပါတယ်။"

၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပမယ့် ကာလကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထုတ်ဖော်ကြေညာတာ မရှိသေးဘဲ အရင်အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပ ခဲ့တဲ့ ကာလအတိုင်း ဆောင်ရွက်မယ်လို့ပဲ ယေဘူယျပြောဆိုထားတာ ရှိပါတယ်။ ကော်မရှင်ပြောရေးဆို ခွင့်ရှိသူ ဦးမြင့်နိုင်က ပြီးခဲ့တဲ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ COVID-19 အန္တရာယ်ကို ကျော်လွှားနိုင်ပြီး အရင်ရည်ရွယ်ထားတဲ့ အတိုင်းကျင်းပနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာ ရောဂါကူးစက်ခံရသူ ၁၄၀ ကျော် တွေ့ရှိထားပြီး ကျန်းမာရေးဝန်ကြီးဌာန ဘက်ကလည်း လာမယ့် မေလ ၁၅ ရက်အထိ လူစုလူဝေးများ မပြုလုပ်ဖို့နဲ့ နေအိမ်တွင်သာ နေ ထိုင်ကြဖို့ညွှန်ကြားချက်များ ထုတ်ပြန်ထားတာကြောင့် ရွေးကောက်ပွဲ စီစဉ်ကျင်းပနိုင်ဖို့ ရှိမရှိဆိုတာကို နိုင်ငံရေးပါတီတွေဘက်က တိတိပပ သိချင်နေကြပါတယ်။ လက်ရှိချိန် ထိ ကော်မရှင်ဘက်က ဘာဆွေးနွေးမှုမှမရှိသလို ဘာမှ တိတိကျကျ မသိတာကြောင့် ကော်မရှင်ဘက်က ဆုံးဖြတ်မှုကို အမြန်ဆုံးချပြပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စိုင်းကျော်ညွှန့်က တောင်းဆိုလိုက်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးဖို့ကလည်း အချိန်မလုံလောက်ဘူး။ ရွေးကောက်ပွဲ campaign ဆင်းရပြီ ဆိုတဲ့ အဲချိန်မှာ ဒီရောဂါထိန်းချုပ်နိုင်ပြီလား၊ မထိန်းချုပ်နိုင်ရင် တအိမ်တက်ဆင်း စည်းရုံးရေးလုပ်ဖို့က ဘယ်လိုလုပ်မလဲ။ ဘယ်လိုကျော်လွှားမလဲ။ campaign နည်းစနစ်တွေ ဘယ်လိုလုပ်ရမယ်ကအစ ရှင်းရှင်းလင်းလင်းသိရအောင်တော့ UEC အနေနဲ့လည်း ဘယ်လိုစီစဉ်ထားတယ်၊ ဘယ်လိုစီစဉ်ဖို့ ရည်ရွယ်ချက်ရှိတယ်ပေါ့လေ၊ အဲဒါမျိုးတွေကိုတော့ ဆွေးနွေးသင့်တယ်လို့ မြင်တယ်ကျနော်တော့။"

ရွေးကောက်ပွဲဆိုင် ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ကော်မရှင်အနေနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လက်ရှိအခြေအနေကို ဆွေးနွေးဖို့နဲ့ ဆွေးနွေးအပြီးမှ ရွေးကောက်ပွဲကိုရွှေ့သင့်၊ မရွှေ့သင့်ကို ဆုံးဖြတ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ဒီရောဂါကူးစက်ပြန့်ပွားမှု အနေအထားကလည်း ခုချိန်ထိကို ကျနော်တို့ ခန့်မှန်းရ ခက်သေးတာကိုး။ ကျန်းမာရေးဌာနကိုယ်တိုင်ကိုက သူတို့ protection မလုပ်နိုင်သေးဘူးကောင်းကောင်း။ သူတို့ကတော့ မေလလယ်လောက်မှာ အတိအကျသိနိုင်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ရှိတဲ့ အချက်အလက်တွေအရ ဒီဟာကို Protection လုပ်ဖို့ ခက်ပါတယ်။ သေချာတာကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုက စကို လုပ်သင့်နေပြီ။ အထူးသဖြင့်တော့ဗျာ ... နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်ကြားထဲမှာ စပြီးတော့ စကားပြောဖို့ လိုပြီ။"

နိုင်ငံရေးပါတီတွေရဲ့ ဒီစိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ဘက်ကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG