သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်း ၃ မြို့နယ်မှာ Stay at Home အမိန့် စတင်အသက်ဝင်


ရန်ကုန်မြို့တွင် Lockdown လုပ်ထားသည့် နေရာတခုအနီး မြင်ကွင်း။ (ဧပြီ ၁၈၊ ၂၀၂၀)
ရန်ကုန်မြို့တွင် Lockdown လုပ်ထားသည့် နေရာတခုအနီး မြင်ကွင်း။ (ဧပြီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကပ်ရောဂါဖြစ်နေချိန် အိမ်တွေထဲမှာပဲ နေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူတွေ တိုးလာနေချိန်မှာပဲ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ နေအိမ်မှာပဲနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်လိုက်တာပါ။ ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်အရ ထုတ်ပြန်လိုက်တာဖြစ်ပြီး စနေနေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ အမိန့်အရ တာမွေမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ် ၃ မြို့နယ်မှာ နေထိုင်သူတွေ မလိုအပ်ဘဲ အပြင်မသွားဖို့ တားမြစ်ထားပါတယ်။ မဖြစ်မနေ ဈေးဝယ်ထွက်ရင် တဦးပဲထွက်ဖို့ ဆေးရုံဆေးခန်းသွားရင် ၂ ဦးထက် မပိုကြဖို့၊ အပြင်ထွက်ရင်လည်း ပါးစပ်/နှာခေါင်းစည်း ဝတ်ကြဖို့လည်း သတ်မှတ်ထားပါတယ်။

အမိန့်အရတော့ သက်ဆိုင်ရာ ရပ်ကွက်မြို့နယ်တွေထဲ ခွင့်ပြုချက်ရထားတဲ့ ယာဉ်တွေသာ သွားလာခွင့်ရှိမှာဖြစ်ပြီး အမိန့်ကို မလိုက်နာရင်တော့ အရေးယူမှာပါ။ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ထောင်ဒဏ်၊ ငွေဒဏ် အပါအဝင် အရေးယူ အပြစ်ပေးခံရနိုင်တဲ့အမိန့် ဖြစ်တဲ့အတွက် အများပြည်သူသိအောင် ရှင်းပြဖို့လိုတယ်လို့ ပြောပါတယ်။

“ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေဆိုတာ နဝတလက်ထက်မှာ ပြဋ္ဌာန်းခဲ့တာပါ။ အဲ့ဒီ့ပြဋ္ဌာန်းချက် ပုဒ်မ ၂ (က) မှာဆိုရင် ကူးစက်ရောဂါတွေကို အဓိပ္ပာယ်ဖွင့်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်မြန်ရောဂါလို့ သတ်မှတ်ထားတဲ့ ရောဂါတွေ ပါပါတယ်။ ဒီပြဋ္ဌာန်းချက်ရဲ့ သဘောကတော့ ကူးစက်မြန်ရောဂါတွေကနေ လူ့အဖွဲ့အစည်းတခုလုံးကို ရောဂါဘယတွေ ကူးစက်ပြီး ဒုက္ခရောက်မှုကနေ ကာကွယ်နိုင်အောင် အသွားအလာ ကန့်သတ်မှုတွေ လုပ်နိုင်အောင်ပါ။

“အဲ့ဒီ့လို ဥပဒေပြဋ္ဌာန်းမှုတွေကို မလိုက်နာဘူးဆိုရင် ဥပဒေအရ အရေးယူလို့ ရပါတယ်။ အဲ့ဒီ့မှာ အဓိက ကူးစက်မြန်ရောဂါတွေ ဖြစ်လာရင် ရောဂါထိန်းချုပ်နိုင်ဖို့ အသွားအလာ ကန့်သတ်တာ တားမြစ်ပိတ်ပင်တာလို တင်းကျပ်တဲ့ ဥပဒေတွေ ထုတ်တာဖြစ်လို့ လူထုလိုက်နာဖို့ အရေးကြီးပါတယ်။ အခုက တာမွေရယ်၊ ဗိုလ်တထောင်ရယ်၊ မင်္ဂလာဒုံရယ် သုံးမြို့နယ်ကို ထုတ်ပြန်ထားတယ်။ အဲ့ဒီ့မြို့နယ်တွေမှာ ပြဋ္ဌာန်းချက်တွေကို မလိုက်နာဘူး ပျက်ကွယ်မယ်ဆိုရင် အခု အဲ့ဒီ့ဥပဒေကို ပြဋ္ဌာန်းချက် ပြင်ဆင်ချက်တွေအရဆိုရင် ပြစ်ဒဏ်တွေကို ထပ်တိုးထားတယ်။ ငွေဒဏ်ကိုလည်း တိုးထားသလို ထောင်ဒဏ်ကိုလည်း တိုးထားတယ်။ အခုအချိန်က COVID-19 ချိန်ကလည်း အင်မတန်ကို အန္တရာယ်ကြီးနေတဲ့ အချိန်မို့ပါ။”

ကျန်းမာရေးပညာပေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က ဒေါက်တာကိုကိုထွေးကတော့ ကိုယ်တိုင်လည်း ကူးစက်မခံရအောင် တခြားသူတွေကိုလည်း ထပ်ဆင့်မကူးအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထပ်ဆင့်ထုတ်ပြန်ချက်ကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

“အစိုးရကတော့ ပြည်သူလူထုကို အိမ်မှာပဲနေပေးကြပါလို့ ပြောတာပါ။ ဒါကြောင့် ပြည်သူလူထု အိမ်တွေထဲမှာပဲနေကြဖို့ အင်မတန် အရေးကြီးတယ်။ တကယ်လို့ နောက်ထပ် တလလောက် Stay At Home နေပေးကြမယ်ဆိုရင် မြို့တိုင်းမြို့တိုင်းသာ အိမ်တွေထဲ နေပေးမယ်ဆိုရင် ဗိုင်းရပ်စ်ပြန့်ပွားမှုကနေ တော်တော်လေးကို ကင်းသွားနိုင်တယ်။ တကယ်လို့ အိမ်တွေထဲကနေ မဖြစ်မနေ သွားရမယ့်လူမျိုး ဥပမာ အလုပ်သွားရမယ့် အစိုးရဝန်ထမ်းဆိုရင် တယောက်ထွက်ပေါ့လေ။ တကယ်လို့ ဆေးခန်းသွားရမယ်ဆိုလည်း ၂ ယောက်ထွက်ပေါ့လေ။ အကောင်းဆုံးကတော့လေ အိမ်တွေထဲမှာပဲ နေပေးကြပါ။

“အခုဆိုရင် ဆေးရုံတွေ စင်တာတွေမှာ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကပ်ရောဂါဖြစ်ပွားချိန် ဆေးကုသမှု ပေးနေကြရချိန် အိမ်ထဲမှာပဲ နေပေးခြင်းနဲ့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံတယ်။ အပြင်ထွက်လို့ ရောဂါတွေဖြစ်ကြရင် ကျနော်တို့တွေအတွက်လည်း ဒုက္ခတွေများပါတယ်။ ဒီဘက်မှာ ဆေးရုံတွေမှာလည်း လူနာတွေလည်း အရမ်းများနေတယ်။ စောင့်ကြည့်နေရတဲ့ သူတွေလည်း ရှိနေတာမို့။ ဒါကြောင့် အတတ်နိုင်ဆုံး အိမ်တွေထဲမှာနေပါလို့။”

ကျန်းမာရေးဝန်ကြီးဌာနက တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာနေကြဖို့ ပြောထားပေမယ့် ကျန်းမာရေးကိစ္စ အပါအဝင် အရေးပေါ် လိုအပ်ချက်အရ သွားလာမယ်ဆိုရင်တော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာခွင့် ပြုထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါနဲ့ ကြုံနေရတဲ့ အရေးပေါ် အခြေအနေမျိုးမှာ လိုအပ်ချက်အရ ထုတ်ပြန်တဲ့ အမိန့်ကိုတော့ လိုက်နာဖို့ လိုတယ်လို့လည်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း အမိန့် ညွှန်ကြားချက်များကို အချိန်မီ တပြေးညီ ထုတ်ပေးဖို့လိုပါတယ်။ အဲ့သလို ထုတ်ပေးတဲ့ ညွှန်ကြားချက်တွေကိုလည်း ပြည်သူလူထုက မိမိအပါအဝင် အများပြည်သူရဲ့ အကျိုးအတွက် လိုက်နာပေးကြပါ။ အတွန့်တက်တာမျိုးတွေ မလုပ်ပါနဲ့။ တချို့ ကျနော်တို့ တွေ့နေရတာ အတွန့်တွေတက်ပြီး ပြဿနာရှာတယ်။ ဒါတွေ မကောင်းပါဘူး။ ဒါတွေ မလုပ်ပါနဲ့။ အများအတွက် ညွှန်ကြားချက်တွေကို လေးစားလိုက်နာပေးကြပါလို့လည်း ကျနော်ကတော့ လေးလေးစားစား မေတ္တာရပ်ခံ တောင်းပန်ချင်ပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့မနက် ၇ နာရီအထိ ထုတ်ပြန်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အမျိုးသား ၂ ဦးကို ထပ်မံအတည်ပြုထားပါတယ်။ အခုနောက်ဆုံး အတည်ပြုလိုက်တဲ့သူ ၂ ဦးနဲ့ပါဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၁၄၆ ဦးအထိ ရှိနေပါပြီ။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)













XS
SM
MD
LG