သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်အလုပ်သမားဆေးရုံရဲ့ COVID-19 လူနာတွေအတွက် ပြင်ဆင်မှုအခြေအနေ


(ဓါတ်ပုံ- Workers' Hospital, Yangon)
(ဓါတ်ပုံ- Workers' Hospital, Yangon)

(Zawgyi/Unicode)

မကြာခင်ရက်ပိုင်းက ရန်ကုန်စက်မှုဇုံတွေမှာ အလုပ်သမား အများအပြားစုဝေးခဲ့တာကြောင့် COVID-19 ရောဂါပျံ့နှံ့မှာ စိုးရိမ်နေသလို၊ COVID- 19 လူနာတွေ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှာ စိုးရိမ်နေတယ်လို့ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရဲ့ ယာယီဆေးရုံအုပ်ကြီး ဖြစ်သူ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာတင်မင်းထွန်းက VOA မြန်မာပိုင်းကို ပြောပါတယ်။ လူမှုဖူလုံရေးကြေးပေးထားတဲ့ အလုပ်သမားအားလုံးကို ကုသပေးတဲ့ အလုပ်သမားဆေးရုံမှာ COVID- 19 သံသယလူနာတွေ စောင့်ကြည့်ဖို့ ပြင်ဆင်ထားတာနဲ့ ပတ်သက်လို့ ယာယီဆေးရုံအုပ်ကြီးကို မစုမြတ်မွန် ဆက်သွယ်မေးတဲ့အခါ သူက အခုလို စပြောပါတယ်။

ဒေါက်တာတင်မင်းထွန်း။ ။ ကျနော်တို့အခု ကြိုပြင်ထားတာပေါ့နော် ဆိုပါတော့ ကျနော်တို့ဆီကို ဖျားတဲ့လူနာရောက်လာပြီဆိုရင် ဖျားတဲ့လူနာကို သီးသန့်ထားဖို့ အခန်းတွေ ဖွဲ့ထားတယ်။ အဲဒီလူနာကို ကြည့်ဖို့ duty ဘယ်လိုဆင်းမယ်ဆိုတာလည်း တခါတည်း ပြင်ထားတာပေါ့နော်။ ပြီးတော့ COVID သံသယရှိတဲ့လူနာကို စောင့်ကြည့်ဖို့အတွက် အခန်းတွေပြင်ထားတယ်။

မစုမြတ်မွန်။ ။ အဲလို ပြင်ဆင်တဲ့အခါမှာ လိုအပ်ချက်တွေရှိလား၊ အကုန်ပြည့်စုံပြီလားဆရာ။

ဒေါက်တာတင်မင်းထွန်း။ ။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ PPE တို့၊ mask တို့ကတော့ ကျနော်တို့ဆီမှာ အပြည့်အစုံရှိတယ်။ မရှိတာတခုကတော့ ventilator ပေါ့။ ကျနော်တို့ ဆေးရုံက နဂိုတည်းက ICU မရှိတဲ့အခါကျတော့ ventilator အသက်ရှုစက် ကို ဝယ်မထားဖြစ်ဘူး။ ကျနော်တို့ဆီမှာ လောလောဆည် အသက်ရှုစက် တခုပဲရှိတယ်၊ အဲဒါကို ပြင်ထားတယ်။ နောက်အဓိက ပြဿနာတခုကတော့ အလုပ်သမားဆေးရုံက ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ အင်အား ခွဲပေးရတာဆိုတော့ Human resource အင်အားနည်းတယ် အဲဒါတခုပဲ ကျန်တာကတော့ အပြည့်အစုံရှိတယ်။

မစုမြတ်မွန်။ ။အခုလက်ရှိ ကူးစက်နေသူတွေထဲမှာ ဆရာဝန်တွေ ၊ သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေတဲ့အခါကျတော့ ဆရာတို့ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးဖို့ အပြည့်အစုံပြင်ဆင်ထားလား။ ပစ္စည်းရော အလုံအလောက်ရှိပါသလား။

ဒေါက်တာတင်မင်းထွန်း။ ။ ရှိပါတယ် ခုနက ကျနော်တို့ပြောတဲ့ PPE တို့၊ mask တို့ကတော့ ကျနော်တို့ဆီမှာ အပြည့်အစုံ အလုံအလောက်ရှိတယ်။ လက်အိတ်တွေ အကုန်လုံး အခြေခံ လိုအပ်ချက်တွေ အပြည့်အစုံရှိတယ်။ နောက်ပြီးတော့ သူတို့နဲ့ ထိတွေ့မူဖြစ်သွားလို့ Quarantine ထားဖို့တောင်မှ ကျနော်တို့ သီးသန့်နေရာတွေ ပြင်ဆင်ထားတယ်။

မစုမြတ်မွန်။ ။ ခုနက ပြောသလို အသက်ရှုစက် တခုပဲ ရှိတယ်ဆိုတော့ တကယ်လို့ အခုဆရာတို့ဆေးရုံမှာ လူနာရှိလာပြီးတော့ အဲဒါမျိုးလိုအပ်လာမယ်ဆိုရင်ရော ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။

ဒေါက်တာတင်မင်းထွန်း။ ။ ကျနော်တို့ ဒီဆေးရုံက ကျန်းမာရေးဝန်ကြီးဌာန Guide line နဲ့ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ ဆေးရုံတွေအားလုံးက COVID-19 positive ဖြစ်သွားပြီဆိုရင် သူတို့က ဝေဘာဂီဆေးရုံ တို့ သူတို့ သတ်မှတ်ထားတဲ့ အထူးဆေးရုံတွေမှာ လွဲပေးဖို့ ညွှန်ကြားထား ပြီးသားဆိုတော့ ကျနော်တို့ဆေးရုံမှာ ventilator တင်ရတဲ့ လူနာအဆင့်အထိတော့ မမျှော်မှန်းထားဘူး။ ကျနော်တို့ဆီမှာ သံသယလူနာပဲ ထားတဲ့ အဆင့်ပဲရောက်မယ်။ တကယ်လို့ positive ဖြစ်သွားပြီဆိုရင် ကျနေ်ာတို့က လူနာကို လွဲပေးရမှာပေါ့နော်။

မစုမြတ်မွန်။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်စက်မှုဇုံတွေမှာ စက်ရုံတွေဖွင့်တယ်ဆိုတော့ အလုပ်သမားအများကြီးပဲ လာကြတယ်ပေါ့လေ ။ ဒါကြည့်ရင် ဒီရောဂါကူးဖို့အတွက် အင်မတန် စိုးရိမ်စရာ အခြေအနေဖြစ်တယ်ပေါ့လေ။ အဲဒီနောက်ဆက်တွဲရော ဆရာဘာတွေ သိရပြီလဲ။ ရောဂါပိုးကူးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်ပါသလဲ။

ဒေါက်တာတင်မင်းထွန်း။ ။ အဲဒါကတော့ ကျနော်တို့ အလုပ်သမားဆေးရုံတွေ လူမှုဖူလုံရေး ဆေးခန်းတွေ အတွက်က တအားကို စိုးရိမ်တဲ့ကိစ္စပါပဲ။ အဲဒီအဖြေက ဘယ်တော့သိမလဲဆိုရင် နောက်၂ ပတ်လောက် မေလလောက်မှပဲ အဖြေကို ပိုပြီးတော့ တိတိကျကျ သိရမယ်ထင်တယ်။ အခုက သင်္ကြန်အပြီး စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်ကြတယ်။ ဖွင့်ပြီးတော့ တခါ တချို့လည်း ပိတ်တယ် ၊ တချို့လည်းဖွင့်တယ် အမျိုးမျိုးဖြစ်ပြီးတော့ ဘာပဲပြောပြော contact တွေက ရှိသွားပြီပေ့ါနော်။ ထိတွေ့မှုတွေ ရှိသွားပြီဆိုတော့ အခုတော့ ပေါ်ဦးမှာ မဟုတ်ဘူး နောက် ၂ ပတ်လောက် မှ အဖြေအတိအကျ သိရမယ်ထင်တယ်။

မစုမြတ်မွန်။ ။ ဆရာဝန်တယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ကူးစက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာ့ရဲ့ စိုးရိမ်မှုကို ဘယ်လိုပြောချင်သလဲ။

ဒေါက်တာတင်မင်းထွန်း။ ။ ကျနော့်ရဲ့ စိုးရိမ်မှုက လောလောဆည် စိတ်ပူတာ ၂ ခုရှိတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကို ထိသွားမှာ တခုရှိတယ်။ နောက်တခုကတော့ အခြေခံလူတန်းစားတွေမှာ ပြန့်သွားမှာ စိုးရိမ်တယ်။ ဥပမာအနေနဲ့ တာချီလိတ်ဆေးရုံမှာ တယောက် positive ဖြစ်တာနဲ့ ဆေးရုံတခုလုံးက quarantine ဝင်တာနဲ့ အဲဒီ ဆေးရုံတခုလုံးက လုပ်ငန်းတွေ ရပ်ဆိုင်းသွားသလိုဖြစ်သွားတာပေါ့နော်။ ဆိုတော့ ကျန်းမာရေးဝန်ထမ်း တယောက်ထိသွားတာနဲ့ တခြားရောဂါတွေ ကုဖို့ လူနာတွေက quarantine ဝင်တာနဲ့ အဲဒီ ဆေးရုံတခုလုံးက လုပ်ငန်းတွေရပ်သွားမှာပေါ့နော် အဲဒါ ကျနော်စိတ်ပူတယ်။ နောက်တခုကတော့ အခြေခံလူတန်းစားတွေပေါ့ တနေ့လုပ်မှ တနေ့စားတဲ့လူတွေ နားဖို့လည်း အချိန်မရှိဘူး အိမ်မှာနေရတဲ့အခါကျတော့ တအိမ်ထဲမှာ ၅ ယောက် ၁၀ ယောက် စုပြီးတော့ နေတာရှိတယ်။ အဲဒီတော့ သူတို့ တယောက်ဖြစ်တာနဲ့ ကျန်တဲ့လူတွေ outbreak ဖြစ်ဖို့က chance များသွားတယ်ပေါ့နော် အဲဒီ ၂ ခုကို စိတ်ပူတယ်။

မစုမြတ်မွန်။ ။အမေရိကန်တို့ ၊ ဗြိတိန်တို့လို နိုင်ငံတွေမှာတောင်မှ ဆရာဝန်တွေ အများကြီး ကူးစက်လာပြီဆိုရင် ဆရာပြောသလို လူနာတွေကို ကုသပေးဖို့ ဆရာဝန်တွေမှာ မနိုင်မနင်းဖြစ်တယ်။ နောက် ဒီဆေးရုံတွေမှာ လိုအပ်ချက်တွေ ရှိလာတယ်ဆိုတော့ မြန်မာပြည်မှာ အဲလိုဖြစ်လာရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လုံလုံလောက်လောက်ကုသပေးဖို့ ဆရာ့အနေနဲ့ ဘယ်လိုမျိုး မြင်သလဲရှင့်။

ဒေါက်တာတင်မင်းထွန်း။ ။ အခုအချိန်ထိကတော့ အဆင်ပြေနေသေးတယ်။ ဒါပေမယ့် outbreak ဖြစ်တဲ့ အနေအထားမှာတော့ အမေရိကန်တို့ ၊ ဗြိတိန်တို့လို နိုင်ငံတွေမှာတောင်မှ မနိုင်မနင်းဖြစ်ပြီဆိုရင် ကျနော်တို့ နိုင်ငံမျိုးကတော့ ဒီထက် ပိုဆိုးမယ်လို့ ထင်တာပဲ။

မစုမြတ်မွန်။ ။ အဲလိုမျိုးအခြေအနေ သက်သာအောင်ရော ဘယ်လိုမျိုးတွေ လုပ်လို့ရသလဲ ဆရာ။

ဒေါက်တာတင်မင်းထွန်း။ ။ အဲလိုမျိုးအခြေအနေ သက်သာအောင်လုပ်မယ်ဆိုရင်တော့ ကျနော်မျှော်မှန်းတာကတော့ သင်္ကြန်ရုံးပိတ်ရက်ရှည်ကို ဆက်ပြီးတော့ ပိတ်ထားစေချင်တယ် ။ ဒီလို ပိတ်တာကြောင့် အလုပ်သမားတွေ သူတို့ လစာ မရတာကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ။ ကျနော်တို့ home stay ကာလကို ဆက်ပြီးတော့ ၁ လ ၂ လ လောက် တိုးလိုက်မယ်ဆိုရင် ၊ ဖြစ်နေတဲ့ အရှိန်ကို ရပ်တန့်လိုက်နိုင်မယ်ဆိုရင် ကျနော်တို့ ထိန်းနိုင်မယ်ထင်တာပဲ။

အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရဲ့ ယာယီဆေးရုံအုပ်ကြီး ဖြစ်သူ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာတင်မင်းထွန်းကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်


...............


(Unicode)


















XS
SM
MD
LG