သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညမထွက်ရအမိန့်တွေ ဘာ့ကြောင့်ထုတ်ရတာလဲ


ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ရန်ကုန်မြို့ရှိ လမ်းတခုတွင် လှည့်လည်စောင့်ကြည့်နေကြတဲ့ ရဲဝန်ထမ်းများ (ဧပြီ ၁၈၊ ၂၀၂၀)
ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ရန်ကုန်မြို့ရှိ လမ်းတခုတွင် လှည့်လည်စောင့်ကြည့်နေကြတဲ့ ရဲဝန်ထမ်းများ (ဧပြီ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ရောဂါဖြစ်နေတဲ့ ကာလ မြန်မာနိုင်ငံမှာ ညမထွက်ရအမိန့်ကို ဘာကြောင့် တင်းတင်းကြပ်ကြပ် ထုတ်ပြန်ရသလဲဆိုတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

မြန်မာမှာ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟို ကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက် တွေကို ဧပြီလ ၃၀ ရက်ကနေ မေလ ၁၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အလိုက် ထုတ်ပြန်ထားကြတဲ့ ဒေသန္တရအမိန့်တွေမှာလည်း ညမထွက်ရအမိန့်ကို ဇွန်လအထိ နောက်ထပ် နှစ်လ ထပ်တိုးလိုက်ပါတယ်။

COVID-19 ရောဂါကြောင့် ဖြစ်နေတဲ့ အခြေအနေ အကြပ်အတည်းတွေကို အခွင့်ကောင်းယူပြီး ရာဇဝတ်မှုတွေ တိုးလာမှာကို စိုးရိမ်တာကြောင့် ညမထွက်ရအမိန့်ကို အဓိက ထုတ်ပြန်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်အမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးမိုးကျော်သူက ဗွီအိုအေကို ပြောပါတယ်။

“COVID အတွက်က တိုက်ရိုက်သက်ရောက်မှုတော့ မဟုတ်ဘူး။ ညဘက်တွေမှာ ကျနော်တို့က လုရိုက်မှုတွေပေါ့၊ ဒုစရိုက်မှုတွေက ညဘက်တွေမှာ လှုပ်ရှားမှုတွေ များလာတယ်။ အဲ့ဒီလို များလာတဲ့ အခါကျတော့ ကျနော်တို့က ထိန်းချုပ်နိုင်အောင်လို့ ညမထွက်ရအမိန့်နဲ့ တားထားတာ။ စီးပွားရေးအရ အဆင်မပြေလို့ပဲဖြစ်ဖြစ်ပေါ့ လူငယ်တွေ တော်တော်များများ တွေ့လာရပါတယ်။ လမ်းပေါ်မှာ အဲ့လိုမျိုး ညဘက်မှာလည်း သွားလာလှုပ်ရှားရင်းက နေပြီးတော့မှ ရောဂါပိုးကူးနိုင်တဲ့ အနေအထားမျိုးကိုလည်း ရောက်နိုင်တယ်။ နောက်တစ်ခါ ဒုစရိုက်လုပ်ငန်းတွေကိုလည်း လုပ်လာနိုင်တယ်။ အဲ့တော့ ဒီဟာတွေကို တရားဥပဒေစိုးမိုးရေးရော ကြိုတင်ကာကွယ်ရေးရော နှစ်ခုစလုံး သက်ရောက်နေတဲ့အတွက် ညမထွက်ရအမိန့်ကို ထုတ်တာဖြစ်တယ်။”

စစ်ကိုင်းတိုင်းမှာတော့ ညဘက်တွေမှာ လှည့်ကင်းတွေ လှည့်လည်ပြီး စောင့်ကြည့်တာတွေ လုပ်နေပါတယ်။ စည်းကမ်းဖောက်ပြီး ညဘက် အပြင်ထွက် မူးယစ်ရမ်းကားကြတာနဲ့ လုယက်မှု အချို့ကိုတော့ ဖမ်းဆီး အရေးယူထားတာရှိတယ်လို့ ဆိုပါတယ်။

ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ရန်ကုန်မြို့ရှိ လမ်းတခုတွင် လှည့်လည်စောင့်ကြည့်နေကြတဲ့ ရဲများ (ဧပြီ ၁၈၊ ၂၀၂၀)
ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ရန်ကုန်မြို့ရှိ လမ်းတခုတွင် လှည့်လည်စောင့်ကြည့်နေကြတဲ့ ရဲများ (ဧပြီ ၁၈၊ ၂၀၂၀)

ဒီလို အမိန့်ကို ကန့်သတ်ချက် ထပ်တိုးလိုက်တာက ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်တာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဒီအမိန့်ကို အတိအကျ လိုက်နာပေးဖို့ လိုအပ်သလို ဖောက်ဖျက်ရင်တော့ အစိုးရရဲ့ တာဝန်အတိုင်း အရေးယူတာတွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ညမထွက်ရ အမိန့်ထုတ်တာက ရောဂါကူးစက်မှုကို အထိုက်အလျောက် တားဆီးနိုင်ပေမဲ့ ပြည်သူတွေအနေနဲ့ လိုက်နာနိုင်မှုမှာ အားနည်းနေသေးတဲ့အကြောင်းကို မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် အမှတ် ၁ က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အခုလို ပြောပါတယ်။

“ကျနော်တို့ကလေ အတိုင်းအတာတခုတော့ ရမှာပေါ့နော်။ အတိုင်းအတာတခုဆိုတာက ကျနော်တို့ ဒီမှာက ရန်ကုန်မြို့ရဲ့ အနေအထားမှာက လုပ်ရတဲ့ အခါကျတော့ ဒီစည်းရုံးရေးလုပ်တဲ့ အခါ တကယ်တမ်းကျလို့ရှိရင် လိုချင်သလောက်အတိုင်းအတာမျိုး ထိထိရောက်ရောက် သိပ်မရဘူး။ ရသလောက်ကို ကြိုးစားရတာပဲနှော်၊ အမှန်ကတော့ ညမထွက်ရအမိန့်ကတော့ ကျနော့်အနေနဲ့ ပြောရရင်တော့ ဒီထက်ပိုပြီးတော့ အချိန်ရှည်ရှည်ရရင်တော့ ပိုပြီးတော့ ထိရောက်ပါတယ်။ သို့သော်လည်း လူတွေရဲ့ စားဝတ်နေထိုင်ရေးအတွက် ဒီ ည ၁၀ နာရီက မနက် ၄ နာရီထိပဲလုပ်ရတယ် ပေါ့။ အဲ့ဒီအချိန်ကာလနဲ့ ပတ်သက်တဲ့ အကျိုးတစ်ခုတော့ အတိုင်းတာတခုတော့ ရမှာပါ ထိရောက်မှုကတော့။”

ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားသလို COVID-19 ရောဂါဖြစ်နေတဲ့ အခြေအနေကို အခြေခံပြီး ဒုစရိုက်မှု ကျူးလွန်တာမျိုးတွေကို တားဆီးနိုင်ဖို့အတွက် ရန်ကုန်မြို့မှာတော့ ရဲလှည့်ကင်းတွေနှင့် ဆောင်ရွက်နေကြတဲ့ အပြင် ရဲတပ်ရင်းက အင်အားလာဖြည့်ပေးထားတဲ့ တပ်ခွဲတွေ ပါရှိတဲ့အတွက် မနက်အထိ ကင်းလှည့်ပြီး လုံခြုံရေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ရပ်ကွက်လုံခြုံရေးအတွက် ထိန်းသိမ်းဆောင်ရွက်တာတွေ လုပ်နေကြပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာလည်း COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဉ် ည ၉ နာရီကနေ မနက် ၄ နာရီအထိ လုံးဝ အပြင်မထွက်ကြဖို့ ပြည်သူတွေအနေနဲ့ နေ့ခင်း အပြင်ထွက်တဲ့အခါလည်း အိမ်ထောင်တစုကို လူတစ်ဦးသာ ထွက်ကြဖို့ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ စတဲ့ အမိန့်ကို ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ခြွင်းချက်ထားပြီး လူ ငါးဦးထက်ပိုပြီးမစုဝေးကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ညမထှကျရအမိန့ျတှေ ဘာ့ကွောင့ျထုတျရတာလဲ



ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ရန်ကုန်မြို့ရှိ လမ်းတခုတွင် လှည့်လည်စောင့်ကြည့်နေကြတဲ့ ရဲများ (ဧပြီ ၁၈၊ ၂၀၂၀)
ညမထွက်ရအမိန့်ထုတ်ထားတာကြောင့် ရန်ကုန်မြို့ရှိ လမ်းတခုတွင် လှည့်လည်စောင့်ကြည့်နေကြတဲ့ ရဲများ (ဧပြီ ၁၈၊ ၂၀၂၀)











XS
SM
MD
LG