သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆန် တရုတ်အဝယ်တန့် ဈေးကျဆင်း


မြန်မာ့ဆန် (မေ၊ ၁၇၊ ၂၀၀၈)
မြန်မာ့ဆန် (မေ၊ ၁၇၊ ၂၀၀၈)

တရုတ်ကုန်သည်တွေက မြန်မာ့ဆန်တွေကို အခွန်မဆောင်ဘဲ ဝယ်ယူနေလို့ ဒါဟာ တရားမဝင်တဲ့အတွက် ယူနန်အစိုးရက သူ့ပြည်တွင်းမှာ စစ်ဆေး၊ ဖမ်းဆီးတာတွေ လုပ်လာပြီးနောက်ပိုင်း မြန်မာ့ဆန်ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။ အခုနွေစပါးပေါ်ချိန်မှာ ကုန်သည်အဖွဲ့အစည်းတွေ မနှစ်က သတ်မှတ်ထားတဲ့ အခြေခံစပါး ပေါက်ဈေးထက်နည်းနေသလို လယ်သမားတွေအနေနဲ့ ချေးငွေပြန်ဆပ်နိုင်ဖို့အရေး ရတဲ့ဈေးနဲ့ စပါးကိုထုတ်ရောင်းနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီအကြောင်း ဆန်လုပ်ငန်းရှင် အသိုင်းအဝန်းကို မေးမြန်းထားတဲ့ ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

၂၀၁၉ နှစ်ဟာ မြန်မာ့ဆန်အတွက် အတော်လေး ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက တရုတ်ကုန်သည်တွေ နယ်စပ်ကနေ မြန်မာ့ဆန်တရားမဝင်တင်သွင်းနေတာကို အရေးယူနေသလို တရားဝင်ပေးဆောင်ရမယ့် အခွန်ကလည်း ၃၇ရာခိုင်နှုန်းရှိတဲ့အတွက် တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ဝယ်ယူတာကိုရပ်နားလိုက်ပါတယ်။ ဒါရဲ့ သက်ရောက်မှုကတော့ နယ်စပ်ဆန်တင်ပို့မှု တန်ချိန်၂သန်းနီးပါး ရပ်ဆိုင်းသွားတဲ့အခြအနေ ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုန်သည်တွေရဲ့ဝယ်အားကျသွားသလို ဒီနှစ်စပါးအထွက်ကလည်း အရင်ကထက် များတဲ့အတွက် စပါးဈေးဟာ မနှစ်က သတ်မှတ်ထားတဲ့အခြေခံဈေး တင်း ၁၀၀၊ ၅သိန်းကျပ်နှုန်းအောက်ကို ကျသွားရတာလို့ ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားအသင်း အတွင်းရေးမှူး ဦးအေးသောင်းက ပြောပါတယ်။

“စပါးဈေးကျတယ်ပေါ့ ကျနော်တို့လယ်သမားတွေက ဒီအချိန်မှာ မဝယ်နိုင်လည်း ကျနော်တို့ အတင်းတွန်းထိုးရောင်းနေရတာပဲ။ ရာသီဥတုအခြေအနေကြောင့်ရယ် ငွေရေးကြေးရေး အကြွေးဘာညာဆပ်ဖို့တွေလည်း ရှိတယ်လေ နောက်ရာသီဥတုအခြေအနေနဲ့ စပါးတွေမိုးမိမှာစိုးတာလည်းပါတယ် ကုန်သည်တွေဘက်ကလည်း ဘာဖြစ်မလဲဆိုတော့ သူတို့ကဆန်အရောင်းအဝယ်ထိုင်းနေတဲ့အတွက် စပါးကမကြိတ်ရဘူး ထားစရာနေရာမရှိဘူး အဲဒီလိုပြဿနာတွေပေါ်ပြီးတော့ စပါးဈေးတွေ ထိုးကျတယ်လို့ ကျနော်တို့သုံးသပ်တယ်။”

လယ်သမားအများစုက စိုက်ပျိုးစရိတ်ချေးငွေနဲ့ စိုက်ကြသလို ဓာတ်မြေသြဇာ၊ ဒီဇယ်၊ ပိုးသတ်ဆေး စတဲ့လုပ်ငန်းသွင်းအားစုတွေရဲ့ ကုန်ကျစရိတ်ကလည်း တက်လာတဲ့အတွက် ဒီနှစ်မှာ အရင်းလောက်ပဲပြန်ရဖို့ရှိကြောင်း ဦးအေးသောင်းက ပြောပါတယ်။

စပါးတင်း ၁၀၀ ကို အခြေခံဈေး ကျပ်ငါးသိန်းအနိမ့်ဆုံးထားပေးဝယ်ဖို့ ဆန်စပါးအသင်းချုပ်က ၂၀၁၈ မတ်လ ၆ရက်ကထုတ်ပြန်ထားတာပါ။ ဈေးကွက်မှာ အခြေခံဈေးထက်ကျနေရင်တောင် အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမယ်လို့ ထုတ်ပြန်ချက်မှာပြောထားတာပါ။ ဒီနှစ်အတွက် သတ်မှတ်ချက်မရှိသေးပေမဲ့လည်း အဲဒီအခြေခံဈေးနှုန်းအတိုင်းပဲ ပြင်ပမှာအရောင်းအဝယ်သတ်မှတ်ချက်ရှိနေပါတယ်။ တောင်သူတွေကတော့ ငွေလိုအပ်တဲ့အချိန်မှာ ဒီအခြေခံဈေးနှုန်းအောက်နဲ့ပဲ ရောင်းရတဲ့အနေအထားရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးဌေးလွင်က ဗွီအိုအေကိုပြောပါတယ်။

"ပြင်ပကိုရောင်းဖို့ ဈေးကွက်အခက်အခဲဖြစ်နေတဲ့အချိန်မျိုးမှာ ဒီငွေလည်ပတ်မှုမရှိနိုင်တာကြောင့် အခြေခံဈေးကို တောင်သူကတကယ်လို့အခြေခံဈေးကို စောင့်ချင်တယ်ဆိုရင် ကျနော်တို့ဒီအခြေခံဈေးဟာရနိုင်မယ်လို့ထင်ပါတယ်။ တကယ်လို့အခြေခံဈေးကို မစောင့်နိုင်တဲ့အခါမျိုးမှာတော့ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ ငွေကြေးအခက်အခဲတွေကြောင့်လျှော့ပြီးတော့ ရောင်းချင်တဲ့ ဆန္ဒတွေဖြစ်လာတဲ့အတွက် ဈေးကတော့ကျနိုင်ပါတယ်။”

ဧပြီလက ပေကျင်းမှာလုပ်တဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းဖိုရမ်မှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာ့ဆန်တရားဝင်တင်ပို့နိုင်ဖို့ အကြမ်းဖျင်းသဘောတူညီမှုရထားပြီး ဒီသဘောတူညီမှုနဲ့ ဆန်တန်ချိန် ၁သိန်းကျော်ကို ရေလမ်းကြောင်းကနေ တင်ပို့သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်ပြီး နှစ်ဘက် နားလည်မှုစာချွန်လွှာ MoU ရေးထိုးနိုင်ဖို့ ဒါကိုဆောင်ရွက်သွားမှာပါ။

ဒါပေမဲ့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးကတော့ မြန်မာဘက်ကတရားဝင်ဆိုပေမဲ့ တရုတ်ဘက်ကတော့တရားမဝင်လမ်းကြောင်းအနေနဲ့ပဲ သတ်မှတ်ထားတာပါ။

တရုတ်ပြည်ကို ပုံမှန်ကုန်သွယ်မှု (normal trade) ရေလမ်းကြောင်းကနေ တင်ပို့နေတာဟာ အကန့်အသတ်အတိုင်းအတာရှိပြီး နယ်စပ်ကုန်သွယ်ရေးမှာတော့ လွတ်လပ် မြန်ဆန်တဲ့အတွက် မြန်မာနယ်စပ်ကနေ တရုတ်ယူနန်ပြည်နယ်ကိုသွားတဲ့ ဆန်ဟာတစ်နှစ်ကို တန်ချိန် ၂သန်းလောက်ရှိပါတယ်။ အခုတော့ ဈေးကွက်ဟာ လုံးဝ ရပ်ဆိုင်းသွားတဲ့အခြေအနေဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းကပြောပါတယ်။

"တရုတ်ဈေးကွက်က လုံးဝရပ်သွားသလို ဖြစ်သွားတာပေါ့နော်။ ဈေးကွက်အချိုးမညီတော့ဘူး အဲဒီလိုဖြစ်သွားတာပေါ့။ တရုတ်ဝယ်လက်လျှော့သွားတာပေါ့ ရှင်းရှင်ပြော ရရင် ဒီ normal trade ပဲ တွန်းနေတာဆိုတော့ normal trade ကလည်း သူ့အကန့်အသတ်နဲ့သူ သွားနေကြတာကိုး ဝယ်မယ့်သူရှိမှရောင်းရတာကိုး normal trade ကလည်း။ ဆန်တွေက ရောင်းချင်တဲ့သူတွေကများ ဝယ်တဲ့သူကလည်းမဝယ်နိုင်အဲဒီလိုတွေဖြစ်နေတာပေါ့။”

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထက် သိသိသာသာ လျော့ကျသွားတယ်လို့ စာရင်းဇယားတွေမှာ ဖော်ပြထားကြပါတယ်။ နွေစပါးပေါ်ချိန် ဈေးကျနေတဲ့အတွက် ဒါကိုအဖြေရှာဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အဖွဲ့ဝင်တွေဟာ အစိုးရ-ပုဂ္ဂလိက ပူပေါင်းဆောင်ရွက်သွားဖို့ နိုင်ငံတော်သမ္မတရုံးမှာ မနေ့က မေလ ၉ ရက်က ဆွေးနွေးခဲ့ကြပြီး အသေးစိတ်ကို သတင်းထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG