သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်း Trump အပေါ် အမေရိကန်-မြန်မာ မဲဆန္ဒရှင်တွေရဲ့ သဘောထား


သမ္မတလောင်း Trump
သမ္မတလောင်း Trump

အမေရိကန်ပြည်ထောင်စု၊ Ohio ပြည်နယ် Cleveland မြို့မှာ ကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ Republican ပါတီညီလာခံကနေ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် Republican ပါတီရဲ့ သမ္မတလောင်းအဖြစ် ကုဋေကြွယ်သူဌေးကြီး Donald Trump ကို မနေ့က တရားဝင်ရွေးချယ်လိုက်ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာအခြေချနေထိုင်ကြပြီး အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားကြသူ မြန်မာတွေကလည်း လာမယ့် နိုဝင်ဘာလသမ္မတရွေးကောက်ပွဲမှာ မဲပေးကြဖို့ရှိပါတယ်။ အခု Celeveland မြို့ က Republican ပါတီညီလာခံကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ VOA ဝိုင်းတော်သား ကိုအောင်လွင်ဦးက Ohio ပြည်နယ်မှာ အခြေချနေထိုင်သူ မြန်မာမဲဆန္ဒရှင်တွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

“မေး။ ။ အခု Republican ပါတီညီလာခံက တကယ့်ကို အချေတင်ဖြစ်စရာတွေ အများကြီးကြုံနေရတယ်ဆိုတော့ ဒါနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရေးမှာလည်း ဟိုးလေးတကျော်ဖြစ်နေတယ်ဆိုတော့ အခုနိုင်ငံရေးလုပ်ငန်းစဉ်မှာ မြန်မာ ၁ ယောက်အနေနဲ့ ဘယ်လိုမြင်မိသလဲ။

ဖြေ။ ။ ကျနော်လည်းစိတ်ဝင်စားတယ်ခင်ဗျ။ စိတ်ဝင်စားတယ်ဆိုတာက Donald Trump နဲ့ Hillary ပေါ့နော် ကျန်တဲလူတွေတော့ရှိတာပေါ့ ဒါပေမယ့် နာမည်ကြီးနေတာက Donald Trump နဲ့ Hillary ပေါ့။ ဘယ်သူ့ကိုမဲထည့်လို့ ထည့်ရမှန်းမသိသေးဘူးဖြစ်နေတယ် အခုက ။ အရင်တုန်းက ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျနော်မဲထည့်ခဲ့တာတော့ အိုဘားမား နောက် ဒီမိုကရက်တစ်ကို ကျနော်မဲအများဆုံးထည့်ခဲ့တယ်ပေါ့နော်။ အခုကတော့ Donald Trump ကိုလည်းကြိုက်တယ်။ ဘာလို့ကြိုက်သလဲဆိုတော့ သူက လုံခြုံရေးရယ် ၊ နောက် လုပ်ငန်းကိုင်ငန်း အဆင်ပြေချောမောအောင်အတွက် လုပ်ပေးမယ်ဆိုတာကို သူပြောတယ်လေ။ အဲဒီအတွက်ကြောင့်ကျနော်ကြိုက်တယ်။ Hillary ကိုလည်းကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတဦးလည်းဖြစ်တယ် မြန်မာပြည်အတွက်လည်း ကံကြမ္မာကောင်းလာမယ်လို့ထင်တယ်။

မေး။ ။ အခု ဒီ Republican ပါတီညီလာခံအတွက်ပြောမယ်ဆိုရင် အခုနိုင်ငံရေးမှာ အကွဲအပြဲတွေဖြစ်တော့ လူတွေက တော်တော်စိတ်ပျက်နေကြတယ်လေ။ မြန်မာနိုင်ငံနဲ့ ယှဉ်ကြည့်မယ်ဆိုရင်ကော ဒီလိုနိုင်ငံရေးအကွဲအပြဲတွေက စိတ်ပျက်စရာလို့မြင်မိသလား။

ဖြေ။ ။ ကျနော့်အနေနဲ့တော့ သိပ်စိတ်ပျက်စရာမဟုတ်ဘူးလို့ထင်တယ်။ ဒါပေမယ့် သူတို့အတွက်ကတော့ အကွဲအပြဲကတော့ ကျနော်တို့နိုင်ငံတွေလို ၊ ကျန်တဲ့နိုင်ငံတွေလိုဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ထင်တာပဲ ။ ဒီမှာတော့ သူတို့ဟာသူတို့ ပြောကြမယ်၊ ဆိုကြမယ်။ ငြင်းကြမယ်ခုံကြမယ် ပြီးရင်ပြီးသွားတာပဲ။ ဒါပေမယ့် အစိုးရက သမ္မတဖြစ်လာပြီးနောက်ပိုင်းကျတော့မှပဲ သူဘာတွေလုပ်မလဲ၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကိုပဲ ကျနော့်အနေနဲ့ပေါ့နော် အဲဒါကိုပဲ စောင့်ကြည့်ချင်တာပဲရှိတယ်။ ဒါပေမယ့် ၂ ယောက်လုံးကတော့ ကောင်းနေတာကြီးပဲ။”

Ohio ပြည်နယ် Cronin မြို့မှာနေထိုင်သူ မြန်မာမဲဆန္ဒရှင် တဦးကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။

Ohio ပြည်နယ်၊ Cleveland မြို့က မြန်မာတိုင်းရင်းသူ ကျောင်းဆရာမ မစန္ဒာရဲ့ အမြင်ကိုလည်း ကိုအောင်လွင်ဦးကအခုလိုမေးမြန်းထားပါသေးတယ်။

“မေး။ ။ Republican ပါတီညီလာခံမှာ နိုင်ငံရေးအရ သဘောထား ကွဲတာလွဲတာက အရမ်းဖြစ်တယ်။ အခု ဆန္ဒပြပွဲ ဆိုရင်လည်း တဘက်နဲ့ တဘက် Donald Trump ကို ထောက်ခံတဲ့လူတွေနဲ့ ဆန့်ကျင်တဲ့လူတွေနဲ့ အကြီးအကျယ်ထိပ်တိုက်အခြေအနေမျိုးတွေဖြစ်နေတယ်ဆိုတော့ ဒီလို နိုင်ငံရေးအကွဲအပြဲတွေအပေါ်မှာ မြန်မာတယောက်အနေနဲ့ ဘယ်လိုမြင်မိသလဲ။

ဖြေ။ ။ နိုင်ငံရေးအကွဲအပြဲတွေကတော့ ရှိမှာပဲ ဒါပေမယ့် ကျမကတော့ Donald Trump ကိုလုံးဝမထောက်ခံတဲ့သူပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်နဲ့ ပတ်သက်ပြီးတော့လည်းအားပေးတယ်။ နောက်တခြားနိုင်ငံက ပြောင်းလာတဲ့သူကိုလည်း မထောက်ခံတဲ့အတွက်ကြောင့်မို့ ကျမကတော့ Donald Trump ကိုလုံး၀ အားမပေးပါဘူး။

မေး။ ။ နိုင်ငံရေးအကွဲအပြဲတွေအပေါ်မှာကော မြန်မာတယောက်အနေနဲ့ ဘယ်လိုမြင်မိသလဲ။ တခြားကြောင့်မဟုတ်ဘူး ကျနော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးပြဿနာတွေက အမြဲတမ်းကြုံရတယ်။အခုမှ အစိုးရသစ်ပေါ်လာပြီးတော့ တည်ငြိမ်စပြုလာတယ်ဆိုတော့ ဒီအမေရိကန်နိုင်ငံ နိုင်ငံရေးလုပ်ငန်းစဉ်ကနေ မြန်မာနိုင်ငံအနေနဲ့ ဘာတွေများ သင်ခန်းစာယူသင့်တာ မြင်မိသလဲ။

ဖြေ။ ။ သူတို့က ရန်ဖြစ်ပေမယ့်လည်း တကယ်တမ်း ထိပ်တိုက်တွေ့တဲ့အချိန်ကျရင် လူကြီးဆန်ဆန်နဲ့ဖြေရှင်းသွားတယ်ပေါ့နော်။ အဲဒါကတော့ အားကျစရာပါပဲ။

မေး။ ။ မြန်မာနိုင်ငံအတွက်ကော ဒီလိုနိုင်ငံရေး လုပ်ငန်းစဉ်မှာ ဘာတွေယူသွားစရာကောရှိသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံအတွက်ကတော့ အကယ်၍များ Donald Trump တက်လာရင်တော့ ကောင်းလိမ့်မယ်လို့မထင်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာနိုင်ငံကိုလည်း သိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံသားကိုလည်း ဘယ်လိုမှ အားပေးမှာမဟုတ်ဘူး ပေါ့နော် အဲဒါကြောင့်မို့လို့ သူတက်မလာဖို့ Ohio ကကြိုးစားရမှာပဲ။ ကျမတို့ ပထမ Primary တုန်းက Donald Trump ကိုရမှာဆိုပြီးတော့ Kasich ကိုအားလုံးမဲပေးကြတယ်ပေါ့နော်။ အဲလိုမျိုးပဲ မြန်မာပြည်မှာလည်း ဒီလိုပဲ စစ်အစိုးရတက်လာမှာဆိုးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းပြီးတော့ မဲပေးသလိုမျိုးပဲ ဒီ Ohio မှာလည်း သူ့ကိုမရစေချင်လို့ မဲပေးကြတယ်ပေါ့နော်။ Hillary ဆိုလည်း ဒီမှာနိုင်သွားတယ်။ Ohio မှာဆိုရင်လည်း နိုင်ဖို့က အဓိကပေါ့နော်။ အရင်တုန်းက သမ္မတတွေတုန်းကဆိုရင်လည်း Ohio State ကဆိုရင် အဓိက အရေးကြီးတဲ့ state တခုဖြစ်တယ်ပေါ့နော်။”

Ohio ပြည်နယ် Cleveland မြို့က Republican ပါတီညီလာခံကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ ကိုအောင်လွင်ဦးက အမေရိကန်-မြန်မာ မဲဆန္ဒရှင်တွေကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG