သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီးတဦး လာဘ်စားမှုနဲ့ စစ်ဆေးခံရဟု သတင်းထွက်ပေါ်


မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးတဦးကို အဂတိလိုက်စားမှုစွဲချက်နဲ့ စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စစ်ဆေးရေးအဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှု ၁၈ မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာချက်ထွက်လာပါတယ်။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးဆဲအမှုတွေအပေါ် အသေးစိတ်ထုတ်ပြန်ဖို့ မရှိဘူးလို့လည်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းရဲ့ နေအိမ်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ အခြားအာဏာပိုင်အဖွဲ့အစည်းအချို့ ဝင်ရောက် စစ်ဆေးရှာဖွေမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ မနေ့ကတည်းက ထွက်ပေါ်ခဲ့တာပါ။

ဒီအပေါ် အာဏာပိုင်တွေဖက်က အတည်ပြု ထုတ်ပြန်တာမျိုးမရှိသလို၊ ဗွီအိုအေ ကနေ သီးခြားအတည်ပြုလို့လည်း မရသေးပါဘူး။ ဒီ ကိစ္စနဲ့ဆက်နွယ်ပြီး စီးပွားရေးလုပ်ငန်းရှင်အချို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ ခေါ်ယူမေးမြန်းတာမျိုးရှိနေတယ်လို့လည်း စီးပွားရေးအသိုင်းအဝိုင်းတွေဖက်က သတင်းရရှိပါတယ်။

ဒီကော်မရှင်ကို ကနဦးအားဖြင့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်အဖြစ် ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်မှာ စတင် ဖွဲ့စည်းခဲ့တာပါ။ NLD အစိုးရတက်လာတဲ့နောက်ပိုင်း အစိုးရအဆင့်ဆင့် အဂတိလိုက်စားမှုတွေကို အရေးယူသွားမယ်လို့ဆိုပြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် ၂၀၁၇ ခုနှစ်မှာ အမည်ပြောင်းလဲ ဖွဲ့စည်းပါတယ်။

အဲဒီမှာတော့ ယခင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဌအဖြစ်ထား ပြန်လည်ဖွဲ့စည်းခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ FDA အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ်ကို အာဏာအလွဲသုံးစားပြုပြီး အဂတိလိုက်စားခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲ အရေးယူခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးတဦး လာဘ်စားမှုနဲ့ စစ်ဆေးခံရဟု သတင်းထွက်ပေါ်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG