သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်နှိမ်နင်းရေး နိုင်ငံတကာနဲ့ပူးပေါင်း


 မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနား
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနား

မြန်မာနိုင်ငံအနေနဲ့ တရားမဝင်မူးယစ်ဆေးဝါတားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေကို ဒေသတွင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အတွင်း အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မြန်မာအာဏာပိုင်တွေဘက်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်းမှာ ကျင်းပခဲ့ပြီး၊ နိုင်ငံတဝှမ်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အာဏာပိုင်တွေဘက်က မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေး နဲ့ တောင်ကြီးမြို့တွေမှာ ဘိန်းဖြူအပါအဝင် အမေရိကန်ဒေါ်လာ ၃၈၄ သန်းတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုသမိုင်းမှာ အများဆုံးဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“အများဆုံးကတော့ မင်္ဂလာဒုံက ၂၆.၇ သန်းဖြစ်သလို ၊ ကျနော်တို့ ပဲခူးတိုင်း ပတောင်းမှာ ၁၄.၉ သန်း၊ ရခိုင်မှာ ၁၉.၆ သန်း ဒါက ဒီနေ့ မီးရှို့တဲ့အထဲမှာ စံချိန်တင် တဲ့မူးယစ်ဆေးဝါးတွေဖြစ်ပါတယ်ခင်ဗျ။”

ဒါ့အပြင် ပြည်သူလူထုအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်ဆိုရင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး လုပ်ငန်းတွေ ဒီထက်မက အောင်မြင်မှုရမှာဖြစ်တယ်လို့လည်း ဒု-ရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း နိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ၊ ကာကွယ်ကုသရေး နဲ့ မူဝါဒပြုပြင်ပြောင်လဲရေး ကိစ္စရပ်တွေကို လုပ်ဆောင်နေတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ စီမံကိန်းဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ဗီအိုအေကို ပြောပါတယ်။

“မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိတယ်၊ ဒေသအတွင်းပူးပေါင်းဆောင်ရွက်မူရှိတယ်။ တားဆီးနှိမ်နှင်းရေးနဲ့ ပြောရမယ်ဆိုရင်တော့ ဒေသအတွင်း၆ နိုင်ငံပေါ့နော် GMS ၆ နိုင်ငံပူးပေါင်းဆောင်ရွက်မှုရှိတယ်၊ နောက်အာဆီယံမှာတော့ ကျနော်တို့ commitment အနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်။ တခြားတဖက်မှာလည်း ကျနော်တို့က သီးခြားပေါ့နော်၊ UNODCတို့နဲ့လည်း information exchange program တွေကနေတဆင့် မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းဆီးရမိခဲ့တယ်။ အလားတူပဲ ဒီဘက်မှာလည်း ကူသရေးတွေ ပြန်လည်ထူထောင်ရေးတွေ ၊ ကြိုတင်ကာကွယ်ရေးတွေ၊ မူဝါဒတွေရဲ့ Standard တွေ Norms တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။”

ကုလသမဂ္ဂ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့ UNODC ရဲ့ အစီရင်ခံစာမှတ်တမ်းတွေအရတော့ - မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းဖြူအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့ ဖော်ပြပါတယ်။ ၂၀၀၆ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏဟာ တိုးလာခဲ့ပြီး၊ အဲဒီလိုတိုးလာတာဟာ တိုင်းရင်းသားဒေသတွေမှာ တည်ငြိမ်မှုမရှိတာ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမရှိတာ နဲ့ တခြားအခွင့်အလမ်းတွေနည်းပါတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းနိုင်က ပြောပါတယ်။ ဒါပေမဲ့ ၂၀၁၃ နောက်ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှုဟာ တဖြည်းဖြည်းကျဆင်း လာနေတယ်လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“အထူးသဖြင့်တော့ ကျနော်တို့ဆီမှာက ပြဿနာက မူးယစ်ဆေးဝါးမှာ ဘိန်းစိုက်ပျိုးမှုရှိတယ်၊ နောက် Methamphetamine ထုတ်လုပ်မှုရှိတယ်ပေါ့နော်။ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နှစ်စဉ်ကောက်ခဲ့တဲ့ စစ်တမ်းတွေအရကတော့ မူးယစ်ဆေးဝါးမှာ ဘိန်းစိုက်ပျိုးမှုကတော့ ကျဆင်းသွားတဲ့အပိုင်းကိုရောက်ပါတယ်။ Methamphetamine နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က စစ်တမ်းတွေမရှိတဲ့အတွက် ကျနော်တို့ သေသေချာချာ Scientific evidence တွေ အနေနဲ့ ပြောဖို့ ခက်ခဲပါတယ်။ ဆိုတော့ ဘိန်းစိုက်ပျိုးမှု အခုပြောတဲ့ Afghanistan ပြီးရင် မြန်မာတော့ဖြစ်တယ်၊ သို့သော်လည်း amount ကတော့ ကာတာပေါ့နော် Afghanistan နဲ့ မြန်မာနဲ့။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားရှိပါတယ်။ ကျနော်တို့ ၂၀၁၃ ကတည်းက ဘိန်းစိုက်ပျိုးမှုက တစတစ ကျလာပါပြီ။”

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းက ရှမ်းပြည်နယ်မှာဖြစ်ပြီး၊ ကျန်တာကတော့ ကယား နဲ့ ကချင်ပြည်နယ်တွေမှာဖြစ်တယ်လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၃၈၄ သန်းတန်ဖိုးရှိတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့တချိန်တည်းမှာပဲ၊ အိမ်နီးချင်းထိုင်းနိုင်ငံ အယုဒ္ဒယခရိုင်အတွင်းမှာလည်း အမေရိကန်ဒေါ်လာ သန်း ၅၉၀ ဖိုးရှိတဲ့ Methamphetamine စိတ်ကြွဆေးအပါအဝင် တရားမဝင် မူးယစ်ဆေးဝါး ၉.၃ တန်ကျော်ကို ဒီကနေ့မှာ မီးရှို့ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါ တားဆီးထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Sirinya Sittichai ကတော့ - ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းမှာ မူးယစ်မှောင်ခိုကုန်ကူးနေတဲ့ဂိုဏ်းတွေ အတော်များများကို ဖမ်းဆီးနှိမ်နှင်နိုင်လိုက်တာကြောင့် အောင်မြင်မှုတစုံတရာရတယ်လို့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG