သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူအမြောက်အများတွေ့ရှိ


မုံရွာမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူအမြောက်အများတွေ့ရှိ (ဓါတ်ပုံ-ကိုငယ်လေး (ဒေသခံ))
မုံရွာမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူအမြောက်အများတွေ့ရှိ (ဓါတ်ပုံ-ကိုငယ်လေး (ဒေသခံ))

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့မှာကာလတန်ဖိုး ကျပ်သိန်းပေါင်း သိန်းချီ ရှိတဲ့ ပိုင်ရှင်မဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူလို့ယူဆရတဲ့ အမှုန့်တွေ ကို နေရာ အတော်များများမှာ တွေ့ရှိခဲ့ရပြီး၊ ဇွန်လ ၁၉ ရက်မနေ့က မုံရွာမြို့မရဲစခန်းမှူးက တရားလိုလုပ်ပြီး အမူကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ပိုင်ရှင်မဲ့ စွန့်ပစ်ထားတဲ့ ဒီမူးယစ်ဆေးဝါး ပမာဏဟာ မုံရွာမြို့မရဲစခန်း အတွက်တော ပထမဦးဆုံးအကြိမ်အဖြစ် စံချိန်တင် သိမ်းဆည်းရမိတာဖြစ်တယ်လို့ ရဲစခန်းမှူးက ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မုံရွာမြို့မ ရဲစခန်းအပိုင်အတွင်းမှာပဲ ကျပ်သိန်းပေါင်း သိန်းချီ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါးတွေကို ပီနံအိတ်နဲ့ စွန့်ပစ်ခဲ့တာကြောင့် လိုက်လံ သိမ်းဆည်းဖမ်းဆီးမူတွေ လုပ်ခဲ့ရကြောင်း မုံရွာမြို့မ စခန်းမှူးကြီး ရဲအောင်က ပြောပြပါတယ်။

“စွန့်ပစ်ထားတယ်ဆိုတာထက် ချပြီးတော့ ထွက်ပြေးတယ်ဆိုတာက ပိုမှန်လိမ့်မယ်အမ။ စွန့်ပစ်ထားတယ်ဆိုရင် ညကတည်းက လာစွန့်ပစ်မှာလေနော် အခုက တပ်ဖွဲ့ဝင်တွေမြင်သွားတော့ မလွှတ်မှန်းသိတော့ သူတို့ချပြီးထွက်ပြေးတာ။ စိတ်ကြွဆေးပြားက အပြား၁ သိန်း ၊ အဲဒီမှာ ဒေသ ပေါက်ဈေးက တပြားကို ၅၀၀၀ နှုန်းနဲ့ဆိုရင် သိန်း ၅၀၀၀။ ဘိန်းဖြူလို့ယူဆရတဲ့ အဖြူမှုန့် အဲဒါ တထုတ်ကို အလေးချိန် ၁၁ ဂရန်ပါတယ်။ အဲဒါလေးတွေကို ပလတ်စတစ်နဲ့ ထုတ်ပြီးမှ ဆပ်ပြာခွက်ထဲကိုထည့်တာ ၊ ၁၀၇၁ ထုတ် စုစုပေါင်းအလေးချိန်က ၁၁.၇၈၁ ကီလိုဂရမ် ၊ ဆိုတော့ ၁ ကီလိုဆိုရင် ကျပ် သိန်း ၁၀၀၀ ပေါ့ ၊ ဆိုတော့ စုစုပေါင်း ဘိန်းဖြူအတွက်က ကျပ်သိန်းပေါင်း ၁ သောင်း ၁ ထောင် ၇၈၁ ဖိုး ။ နောက်ပြီး ကျနော်တို့စခန်းအနေနဲ့ကတော့ ဒါအများဆုံးပဲ ။ ကာလတန်ဖိုးဆိုရင် သိန်းပေါင်း ၁ သိန်း ၁ သောင်း ၇ ထောင် အဲဒီမှာ ၁ သောင်း၇ထောင် ၈၁ သိန်းရယ် ၊ သိန်း ၅၀၀၀ ရယ်ပေါင်းလိုက်ပါအမ။”

မူးယစ်ဆေးဝါးတွေကိုတော့ ကားတစီးနဲ့လာရောက်စွန့်ပစ်မူတွေလုပ်တာကို တွေရတယ်လို့ဒေသခံတွေက ဆိုပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ စုံစမ်းလို့မရသေးပါဘူး။

မူယစ်ဆေးဝါးတွေကို ဒေသခံတွေက တွေ့ရှိရာကနေ အာဏာပိုင်တွေထံသတင်းပို့ ခဲ့သလို စွန့်ပစ်ထားတဲ့ စိတ်ကြွဆေးတွေနဲ့ ပတ်သက်လို့လမ်းကြောင်းတလျောက် လိုက်လံရှာဖွေမူတွေကို ဆက်လုပ်ခဲ့တဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူတဦးကလည်း အခုလိုပြောပြပါတယ်။

“ကျေးဇူးရှင် ကျောင်းတောင်ဘက်မှာက ပီနံအိတ် ၁၀ထုတ်ပစ်ထားတယ်။ အဲဒီကနေ တောက်လျှောက် အရှေ့ဘက်ကို ထောင်တက်သွားပြီးတော့ လမ်းနားအရောက်တော့ ကွင်းအလွတ်ကြီးရှိတယ် အဲဒီမှာ ၄ အိတ်ထပ်ပြီးတော့တွေ့တယ်။ အဲဒီကနေမှ အရှေ့ဘက်ကို ထောင်တက်သွားပြီးတော့ နန္ဒဝန် ရပ်ကွက် လမ်းသွယ် ၇ ရောက်တော့ ဘက်ဘက်ကိုချိုးသွားပြီးတော့မှ လမ်းကြောင်းမှာ နောက်ထပ် ၃ အိတ်ထပ်တွေ့ရတယ်။ တအိတ်ချင်းစီ ၃ နေရာပေါ့နော် အဲဒီကနေတခါ လမ်းဆုံးထောင့်ချိုးလေးမှာတခါ ဆပ်ပြာခွက် ပြန့်ကျဲနေတဲ့ဟာ ၂၂ ခွက်ထပ်တွေ့ရတယ်။ အဲဒီကနေတခါ အနောက်ဘက်ကို ပြန်ထောင်သွားလိုက်တော့ လမ်းဘေးအမှိုက်ပုံဆည်ထားတဲ့ ရေမြောင်းထဲမှာပီနံအိတ် ၁ အိတ်ထပ်တွေ့ရတယ် ။နောက်တခါ အဲဒီကွင်းလွတ်ထဲမှာလည်း ပီနံအိတ် ၁ အိတ်ထပ်တွေ့ရတယ် ။”

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ အစီရင်ခံစာမှာတော့ တနိုင်ငံချင်း အလိုက် အခြေအနေတွေကို ဖေါ်ပြထားပါတယ်။ အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာတွေမှာရေးသားထားတာပါ။ မြန်မာ အာဏာပိုင်တွေဖက် ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ နိုင်ငံတကာနဲ့ တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက် နေပါတယ်လို တုံ့ပြန်ထားပါတယ်။ လက်ရှိမှာတော့ တနိုင်ငံလုံးအနှံ့အပြားမှာ စိတ်ကြွဆေးတွေစွန့် ပစ်တာတွေ ဖမ်းဆီးမိတာတွေကလည်းဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG