မြန်မာနိုင်ငံမှာ အတိုက်အခံ NLD ပါတီဝင်အများစုပါတဲ့ အရွေးကောက်ခံ လွှတ်တော်အမတ် ၇၄ ဦး ဖမ်းဆီးထောင်ချခံနေရတာ၊ တရားရင်ဆိုင်နေရတာ ခံနေရသလို အများအပြားဟာလည်း အာဏာသိမ်းစစ်တပ် လက်အောက်မှာနေလို့ မရတဲ့အတွက် ပြည်ပထွက်ပြေးနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ရဲ့ ကြာသပတေးနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အာဆီယံဒေသတွင်း လွှတ်တော်အမတ်တွေဟာ အစိုးရရဲ့ လက်တုံ့ပြန်မှုတွေ၊ အနှောက်အယှက်ပေးမှုတွေနဲ့ တခြားလူ့အခွင့်ရေးချိုးဖေါက်မှု အန္တရာယ်တွေ ရင်ဆိုင်နေရကြောင်းနဲ့ အထူးသဖြင့် အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီက အတိုက်အခံအမတ်တွေကို ဖိနှိပ်ချေမှုန်းတာနဲ့ ဖိလစ်ပိုင်မှာတော့ လွှတ်တော် အမတ်တယောက် နှစ်ရှည် အကျဉ်းကျနေတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံကတော့ အဆိုးဝါးဆုံး လူ့အခွင့်ရေးချိုးဖေါက်မှုရှိတဲ့ နိုင်ငံ တနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒါဟာ ၂၀၂၀ မှာ လွှတ်တော် အမတ်တွေ အနိုင်ရခဲ့ချိန်ကစပြီး နိုင်ငံရေးအရ ဖမ်းဆီးဖိနှိပ်မှုဖြစ်ကြောင်း ထင်ရှားနေတယ်လို့ ဆိုပါတယ်။
အရွေးကောက်ခံ မြန်မာလွှတ်တော်အမတ်တွေဟာ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ သူတို့ရဲ့တာဝန်တွေကို ပုန်းရှောင်ရင်း ထမ်းဆောင်နေကြရတယ်လို့ စာမျက်နှာ ၄၈ မျက်နှာပါ ၂၀၂၃ အရှေ့တောင်အာရှတလွှား လွှတ်တော်အမတ်တွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု မှတ်တမ်းအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့မဲဆန္ဒရှင်တွေကိုယ်စား တင်ပြပြောဆိုတာကြောင့် အခုလို ဖမ်းဆီးအရေးယူတဲ့ ဒဏ်ခံနေရတာဖြစ်ကြောင်းလည်း APHR အစီရင်ခံစာမှာရေးပါတယ်။
Forum