သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မင်းပြားဒေသ တိုက်ပွဲ ပြင်းထန်


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။

(Zawgyi / Unicode)

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မနေ့က မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား မြို့နယ် ၄ မြို့နယ်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သလို နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ AA နဲ့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်နဲ့ ရသေ့တောင်နယ်စပ်က ရွာသားတသောင်းခန့်ဟာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့ဝင်တွေက ဆိုပါတယ်။ စစ်ရေးတင်းမာဆဲ ရခိုင်ဒေသရဲ့ အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြား၊ မြေပုံနဲ့ ဘူးသီးတောင်မြို့နယ်ဘက်မှာ မနေ့ကတရက်တည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့သလို အထူးသဖြင့် မင်းပြားမြို့နယ် ဖားပျော်ကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှု ရှိခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တယ်လို့ ပြောလို့ရတယ်။ မြေပုံမြို့နယ်ထဲမှာ ဖြစ်တာ ရှိတယ်။ နောက် မင်းပြားမြို့နယ်ထဲမှာ တိုက်ပွဲ ၄ ကြိမ်ဖြစ်တာ ရှိတယ်။ နောက်ပြီးလို့ရှိရင် ရသေ့တောင်၊ ဘူးသီးတောင် ရယ်ပေါ့နော် အဲဒီမှာ တိုက်ပွဲအကုန်လုံးဆိုရင် ၇ ကြိမ်လောက် ဖြစ်ခဲ့တာပေါ့။ မင်းပြားမြို့နယ်ထဲမှာတော့ မနက် ၇ နာရီ ၅၀ မှာ ဖားပျော်ချင်းရွာရဲ့ အရှေ့တောင်ဘက် ၁.၉ ကီလိုမီတာလောက်အကွာမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ မနက် ၉ နာရီ ၁၃ မိနစ်မှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လာပြီးတော့ မိနစ် ၂၀ လောက် လာပြီးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာရှိတယ်။ မြန်မာစစ်တပ်ဘက်က ကျဆုံးမှုကတော့ ၁၅ ဦးအထက် ရှိတယ်ဗျ။ နောက်ပြီးတော့ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ ကျနော်တို့ ရခိုင့်တပ်တော်ဘက်ကလည်း ဒဏ်ရာရတဲ့သူလည်း ရှိတယ်။”

မနေ့က မင်းပြားမြို့နယ် သေကန်ရွာနဲ့ ထန်းတပင်ရွာဘက်မှာ တကြိမ်၊ တင်းမရွာတောင်တန်းဘက်မှာ တကြိမ်၊ ခွဆုံရွာ အရှေ့မြောက်ဘက် တောင်တန်းပေါ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မြေပုံမြို့နယ် စံညှင်းရွာ အနောက်မြောက်ဘက် တောင်တန်းပေါ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခိုင်သုခက ဆိုပါတယ်။

မနေ့က ဘူးသီးတောင်နဲ့ ရသေ့တောင်အစပ် အောင်ဇေယျရွာအကြား တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ လက်နက်ကြီးသုံး တိုက်ခိုက်ခဲ့တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“နေ့လယ် ၁ နာရီ ၃၈ မိနစ်မှာ အောင်ဇေယျရွာအနီးမှာလည်း တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ နောက်ပြီးတော့ ရသေ့တောင်ဘက်မှာတော့ ခမရ ၅၃၇ အဲဒီတပ်ရင်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာ ရှိတယ်။ ရဟတ်ယာဉ်နှစ်စီးနဲ့ လာပြီးတော့မှ နေရာတော်တော်များများ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာရှိတယ်ဗျ။”

ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖက်လိပ်၊ ပေါက်တော၊ အောင်ဇေယျကျေးရွာ အပါအဝင် အနီးနားရွာတွေဖြစ်တဲ့ သဇင်မြိုင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ သိမ်တောင်၊ ကျောက်ရံ စတဲ့ ရွာသားအများအပြားဟာ စစ်ရှောင်နေရတယ်လို့ ရသေ့တောင်မြို့နယ် လူမှုကူညီရေးအဖွဲ့ဝင် ကိုဘက္ကာက ပြောပါတယ်။

“ဖက်လိပ်ရယ် အောင်ဇေယျရယ် အဲဒီနားမှာရှိတဲ့ရွာက ဘယ်လိုမှ နေလို့မဖြစ်တော့ဘူးလေ။ ဟိုမှာ လေယာဉ်ကလည်း ပစ်တယ်ဗျာ။ နယ်မြေခံတပ်ရင်းကလည်း လှမ်းပြီးပစ်တယ်။ အဲဒီလိုပစ်တော့ ကျေးရွာ ၇ ရွာ ၈ ရွာက ဘယ်လိုမှ နေလို့မရတော့ဘူး ဖြစ်သွားတယ်။ အဲဒီရွာသားတွေက မြို့ပေါ်ရောက်တဲ့သူက ရောက်တယ်။ ရွာထဲဆက်နွှယ်ရာ သူတို့သွားလို့ရတဲ့ ရွာတွေကိုလည်း ရှောင်ပြေးတာတွေ ရှိတယ်။ စစ်တွေကို ရောက်တာတွေ ရှိတယ်။ ခန့်မှန်းချေဆိုလို့ရှိရင် တသောင်းကျော်လောက်ရှိမယ်။ တရွာမှာက တထောင်ကျော် နှစ်ထောင်နီးပါးလောက် ရှိတယ်လေ။”

မနေ့က တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ မင်းပြားဘက်မှာရယ် ဘူးသီးတောင်ဘက်မှာရယ် ကဇူးကိုင်း(မြေပုံ) ဘက်မှာရယ် ဖြစ်ခဲ့တာရှိပါတယ်။ ကဇူးကိုင်းဘက်ကတော့ နေ့ပိုင်းမှာ ခနပါပဲ။ မင်းပြားဘက်ကတော့ ကျနော်တို့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဖြစ်ခဲ့တာရှိပါတယ်။ ဘူးသီးတောင်ဘက်ကတော့ နေ့ခင်းပိုင်းလောက်မှာ ၅ မိနစ်လောက်ပါ အဲဒီလောက်ဖြစ်ခဲ့တယ်။ ထိခိုက်မှု အခြေအနေကတော့ မင်းပြားဘက်မှာတော့ ကျနော်တို့ဘက်ကနေ ဒဏ်ရာရရှိမှု ရှိပါတယ်။”

ပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းမှုထက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်ဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို တရုတ်အစိုးရက တွန်းအားပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁ဝ ရက်က ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang နဲ့ AA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ်ညိုထွန်းအောင်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောကြားခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်ပေါ့ဗျာ။ ထိုးစစ်တွေ ဘာတွေ မလုပ်ကြဖို့။ နောက် နိုင်ငံရေးစကားဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သူတို့အနေနဲ့လည်း အတတ်နိုင်ဆုံး အကူအညီ ပေးသွားကြဖို့ပေါ့နော် အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သူတို့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားဖို့ပေါ့ ပြောကြားသွားတာတော့ ရှိပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေလည်း တနေ့ထက်တနေ့ ပြင်းထန်လာသလို မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကလည်း ပိုမိုဖြစ်ပေါ်နေပါတယ်။

မနေ့ကလည်း ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာမှာ ဗုံးပေါက်ကွဲခဲ့ပြီး ကလေးနှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရုပ်သားကျေးရွာ နဂရာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောပါတယ်။

ဒါ့အပြင် မနေ့က မင်းပြားမြို့နယ်ကနေ မြေပုံမြို့နယ် ညောင်ကန်းကျေးရွာကို ပြန်လာတဲ့ မိသားစုတစု လိုက်ပါလာတဲ့ လှေကို တပ်မတော်က လှမ်းပစ်ခတ်ခဲ့တာကြောင့် ၉ လအရွယ်ကလေး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့ တနှစ်ကျော် ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားသေဆုံးမှု ၁၂၀ ကျော်အထိ ရှိလာနေပြီး ၂၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို စစ်ရှောင်ဦးရေ တသိန်းကျော် ရှိလာနေပြီလို့လည်း ရခိုင်လူမှုအဖွဲ့တွေက စာရင်းပြုစုထားပါတယ်။

------------------------------------

(Unicode)




















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG