သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံ မုန်းကိုးရွာသားတွေ လွှတ်ပေးရေး ကချင်ငြိမ်းချမ်းရေးကွန်ယက် တောင်းဆို


စစ်ရှောင်ဒုက္ခသည်များ (ဖေဖဝါရီလ ၂၀၁၅)
စစ်ရှောင်ဒုက္ခသည်များ (ဖေဖဝါရီလ ၂၀၁၅)

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ စတင်ချိန်မှာ မုန်းကိုးအနီးရွာတရွာက အရပ်သား ၅၀ လောက်ကို အစိုးရတပ်မတော်က ဖမ်းဆီးမှုတွေရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် က သတင်းထုတ်ပြန်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ဖမ်းဆီးထား သူတွေ ပြန်လွှတ်ပေး ဖို့ကို လည်း တောင်းဆို ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကိ မေးမြန်းရာမှာ ဖမ်းဆီးတာ မရှိဘူးဆိုတဲ့ပြန်ကြားချက်ရရှိထားကြောင်းနဲ့ အခြေအနေအသေးစိတ်ကို ထပ်မံစစ်ဆေးနေကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

အရပ်သား ၅၀လောက်ကို ဖမ်းဆီးတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲစဉ်တွေစတင်ဖြစ်ပွားခဲ့တဲ့ ဒီလ ၂၀ရက်နေ့က ဖြစ်ပျက်ခဲ့တာလို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။

ဒီလို ဖမ်းဆီးထားတဲ့အခြေအနေကို ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က ပြောခွင့်ရသူ ဦးဂွမ်ရှာအောင်က အခုလို ပြောပါတယ်။

“ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေစဖြစ်တော့ မုန်းကိုး ဒေသမှာ ဖောင်ဂျွန်ပါရွာလို့ခေါ်တဲ့ ရွာမှာ မင်္ဂလာဆောင်ဖို့ အခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ပဋိပက္ခဖြစ်တော့ အဲဒီမနက်မှာ လူ ၇၀ ယောက်လောက်ကို ဖမ်းထားတာဖြစ်ပါတယ်။ တချို့ကျတော့ တရုတ်နိုင်ငံသား ကချင်လူမျိုးတွေပါတယ်။ သူတို့ကိုကျတော့ နောက်တနေ့မှာ တရုတ်ပြည်ဘက်က ကိုယ်စားလှယ်တွေလာပြီးတော့ လာပြီးညှိနှိုင်းပြီးမှ ပြန်လွှတ်သွားတယ်။ အဲဒီနောက်မှာတော့ ၂၅ ရက်နေ့မှာတော့ ကျနော်တို့ နိုင်ငံသား ၂ ယောက်ကို ထပ်လွှတ်ပေးတယ်။ ကျန်တဲ့လူတွေတော့ အခုအထိ လွှတ်ပေးတာ မရှိသေးပါဘူး။”

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံသား ကချင်လူမျိုး ၁၂ ယောက်ကို လွှတ်ပေးခဲ့ပြီး၊ လောလောဆည်မှာတော့ ကျန်ရှိသူတွေကို မုန်းကို တပ်စခန်းအတွင်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအတွက်လည်း

ဖမ်းဆီးထိန်းသိမ်းထားသူတွေအမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ကိုလည်း ကချင်ငြိမ်းချမ်းရေးကွန်ယက်က တောင်းဆိုထားပါတယ်။

“ဒီဖမ်းထားတဲ့အရပ်သားတွေကို ပြန်ပြီးတော့မှ အမြန်ချက်ချင်းလုပ်ပေးဖို့ ကိစ္စ တောင်းဆိုတာဖြစ်ပါတယ်။ ပြီးတော့ ကျနော့်အနေနဲ့ တောင်းဆိုတဲ့နေရာမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ ပစ်ခတ်တိုက်ခိုက်မှုကိစ္စတွေကို ချက်ချင်းရပ်ဖို့လည်းတောင်းထားတာရှိပါတယ်။ ဒီ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့ကို ကျနော်တို့ရည်ညွှန်းပြီး တောင်းဆိုတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်တဲ့အခါမှာလည်း ဒီလက်နက်ကိုင်နဲ့ အရပ်သားတွေကြားမှာ ခွဲခြားတဲ့ Geneva convention ပေါ့နော် လေးစားလိုက်နာဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှုး ဦးဇော်ဌေးကတော့ ဒီလို အရပ်သားတွေ ဖမ်းဆီးတယ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“၂၀ ရက်နေ့ မင်္ဂလာဆောင်လုပ်တဲ့လူတွေ ၇၀ ဖမ်းတယ်ဆိုတဲ့ ဖြစ်စဉ်ပေါ့နော်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မေးကြည့်တယ်။ မေးကြည့်တော့ တပ်မတော်ပိုင်းမှာလည်း အဲဒီဖြစ်စဉ် တက်တာမရှိဘူးပေါ့နော်။ နောက်ပြီးမြေပြင် ရဲလုံခြုံရေးတပ်ဖွဲ့တွေကိုလည်း မေးတယ်၊ မေးတော့ အဲဒီဖြစ်စဉ် မင်္ဂလာဆောင်မှာ ၇၀ ဖမ်းတယ်ဆိုတဲ့ ဖြစ်စဉ်မရှိဘူး။ ၂၀ ရက်နေ့ စပစ်တဲ့အချိန်မှာ KIA အထူးသဖြင့်ပေါ့နော် ၊ အဲဒီလက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေကြားထဲမှာ ဝင်နေတယ်၊ အရပ်သားတွေနဲ့ ခွဲရသေးပါတယ်။ အဲလိုမျိုးဖြစ်စဉ်ဖြစ်တယ်။ အဲဒီမုန်းကိုးဖြစ်စဉ်က အဲဒီ ၂၀-၂၁ အဲဒီကာလတွေပေါ့နော် အဲဒီလိုပဲသိရတယ်။”

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ပြန်ကြားချက်အရ အရပ်သားတွေ ဖမ်းဆီးတာမရှိကြောင်း သိရပေမဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ စုံစမ်းမှုတွေလုပ်ဆောင်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“ကျနော်တို့ ဖမ်းထားတဲ့ လူတွေလည်း တပ်မတော်က သတင်းထုတ်ပြန်ထားတာတွေရှိတယ်။ အရှင်ဖမ်းမိတို့ပေါ့နော်၊ အဲဒါလည်း ကျနော်တို့ ရေတွက်လို့ရတယ်။ ဒါကလည်း အရပ်သား လုံးဝမပါဘူး။ ခုနပြောတဲ့ ဗုံးခွဲတာတို့၊ တိုက်ပွဲမှာ ထိတွေ့မှုဖြစ်ပြီးတော့ ဒဏ်ရာနဲ့ မိတာတို့ ဒါမျိုးပဲရှိတယ်။ ဒါပေမယ့် မြေပြင်မှာ ကျနော်တို့ ထပ်ပြီးတော့ စစ်ဆေးမူလုပ်မယ်ပေါ့နော် ၊ လက်တလောကတော့ မရှိဘူးလို့ သိရတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲဖြစ်စဉ်မှာ မုန်းကိုးဒေသဟာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် မုန်းကိုးဒေသက ပြည်သူ ၁၀၀၀ကျော်လောက်ဟာ တရုတ်နိုင်ငံ မန်စီမြို့နယ်အတွင်းမှာ ခိုလှုံနေရကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ကတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကို ပြောဆိုခဲ့ကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ၂ နိုင်ငံကြား အဆင့်မြင့် သံတမန်ရေး၊ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကို စနစ်တကျ လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG