သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ပစ်ခတ်မှု ရွှေနဒီရေယာဉ်ပေါ် ဖမ်းခံရသူအချို့ သေဆုံးဟု AA ပြောဆို


ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာတပ်မတော်သားအချို့။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာတပ်မတော်သားအချို့။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခေါ်ဆောင်ခဲ့သူတွေနဲ့ AA အဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ရခိုင်လက်နက်ကိုင် AA ဘက်ကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ တပ်မတော်ဘက်ကတော့ AA အဖွဲ့ကိုသာ ပစ်ခတ်တာဖြစ်ပြီး ဖမ်းဆီးခံရသူအချို့ ပြန်လွတ်လာတယ်လို့ ပြောပါတယ်။ မနေ့က AA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူ ၅၀ ကျော်မှာ ခွင့််ပြန် ခရီးသွားနေတဲ့ အရပ်ဝတ်နဲ့ စစ်တပ် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း တပ်မတော်ဘက်က အတည်ပြုပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

မနေ့က အမြန်ရေယာဉ်ပေါ်မှာပါလာတဲ့ အရပ်ဝတ်နဲ့ မြန်မာစစ်တပ် ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သား ၅၀ ကျော်ကို AA အဖွဲ့ဝင်တွေ ဖမ်းဆီးပြီး စက်လှေနဲ့ ခေါ်ဆောင်အလာ မြန်မာစစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံသူတွေ အပါအဝင် AA တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ကျနော်တို့ ရွှေနဒီကနေ ထိန်းသိမ်းခေါ်ဆောင်လာခဲ့တဲ့ အထိန်းသိမ်းခံတွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေ ၃ စီးပေါ့။ ကျနော်တို့ လုံခြုံတဲ့နေရာကို ယူလာတဲ့အချိန်မှာ အဲဒီမှာ မြန်မာစစ်တပ်ကနေပြီးတော့ ရဟတ်ယာဉ် ၃ စီးနဲ့ တောက်လျှောက်နေပြီးတော့ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီစက်လှေ ၃ စီးမှာ ၂ စီးက မြုပ်သွားတာပေါ့နော်။ နောက်တစီးကတော့ နည်းနည်းပျက်စီးသွားပြီးတော့ ထွက်ပြေးလွတ်မြောက်သွားတာပေါ့။ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲ စက်သေနတ်တွေနဲ့ ပစ်တာမို့လို့ အဲဒီစက်လှေနှစ်စီးမှာ ပါသွားတဲ့ အထိန်းသိမ်းခံ မြန်မာစစ်သားတွနဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်တချို့ အဲဒီမှာ သေတဲ့အထဲ ပါသွားတာပေါ့နော်။”

လွတ်မြောက်သွားတဲ့ လှေတစီးပေါ် ပါသွားတဲ့သူတွေ ကုန်းပေါ်မှာ တိမ်းရှောင်ထွက်ပြေးရာမှာ ကျည်ကွယ်မျက်ကွယ်မရှိတဲ့ နေရာမှာလည်း ထပ်မံတိုက်ခိုက်ခံရတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျည်ကွယ်မျက်ကွယ်မရှိတဲ့ နေရာမှာ သွားနေတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေကို မြန်မာလေတပ်ကနေပြီးတော့ ရဟတ်ယာဉ်တွေနဲ့ လိုက်ပြီးတော့ စက်သေနတ်တွေနဲ့ ပစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီမှာလည်းပဲ နောက်ထပ် သေကျေဒဏ်ရာရတာတွေ ရှိတယ်ဗျ။ အဲဒီမှာ သူတို့ကို လုံခြုံရေးပေးတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေလည်း နောက်ထပ်နေပြီးတော့ ဒဏ်ရာရတာတွေ ကျဆုံးတာတွေ ရှိတယ်။”

လေကြောင်းကနေ ပစ်ခတ်မှုကြောင့် AA အဖွဲ့ဝင်တွေရော ဖမ်းဆီးထိန်းသိမ်းခံရသူတွေပါ ထိခိုက်သေဆုံးမှု အသေးစိတ်စာရင်း မသိရသေးဘူးလို့ ခိုင်သုခက ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို စစ်ဆေးမေးမြန်းပြီး သာမန်အရပ်သားတွေကို ပြန်လွှတ်ပေးမယ်လို့လည်း ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA ဘက်က ထုတ်ပြန်တဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆန်ခဲ့သလို နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုအတွင်း အထိန်းသိမ်းခံတချို့ ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုပါတယ်။

“အဲဒါတော့ သူတို့ဟာ ထုတ်ပြန်တာပေါ့ဗျာ။ ကျနော်တို့ကတော့ AA ပဲလိုက်ပစ်တာ။ အဲဒါ သူတို့ရဲ့ထုတ်ပြန်တာ ဘာမှမဆိုင်ဘူး။ လောလောဆယ် အခြေအနေကတော့ ကျနေ်ာတို့ နယ်မြေရှင်းလင်းရေး လိုက်လုပ်နေတာ သူတို့ တချို့တလေတော့ ပြန်ပြီးတော့ ကျနော်တို့ ရတာ ရှိတာပေါ့၊ ပြန်ရတာပေါ့။ တချို့လည်း ထွက်ပြေးလာတာပေါ့။ တချို့ ကျနော်တို့ရှိတဲ့နေရာကို ပြန်လာကြတာပေါ့။ အရေအတွက်ကတော့ ပြောရရင် ဂဃနဏ မသိသေးတဲ့အတွက်ကြောင့်။ တချို့တဝက်ပြန်ရပြီး။ ကျန်တာက ဆက်ပြီး နယ်မြေရှင်းနေတုန်းပဲ။”

မနေ့က ရသေ့တောင်မြို့နယ် မေယုမြစ်ကြောင်းအတွင်း ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူပေါင်း ၅၈ ဦးကျော်မှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၁၃ ဦးတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ သတင်းဖော်ပြထားပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA ဘက်က ဖမ်းဆီးသွားတဲ့အဖွဲ့တွေဟာ စစ်ဆင်ရေးသွားသူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

“စစ်ဆင်ရေးတာဝန် ထမ်းဆောင်ဖို့ လာတဲ့အဖွဲ့တွေ မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ဟာသူ မူရင်းဌာန အသီးသီးကို ခွင့်ပြန်သွားတဲ့အဖွဲ့တွေ ပါတယ်။ တချို့လည်း ရုံးလုပ်ငန်းကိစ္စတွေ သွားလုပ်ပြီးတော့မှ ပြန်လာတဲ့အဖွဲ့တွေ ပါတယ်။ ရဲတပ်ဖွဲ့ဆိုလို့ရှိရင် တနေရာကနေ တနေရာ ပြောင်းရွှေ့ပြီးတော့မှ တာဝန်ထမ်းဆောင်တဲ့ တပ်ပြောင်း ရဲတပ်ဖွဲ့ဝင်တချို့ ပါတယ်။ ပြီးရင် အစိုးရဝန်ထမ်း အရပ်သားတွေလည်း ပါတယ်။”

ဒီကနေ့မှာလည်း မြန်မာစစ်တပ်ကနေ ရေဘုတ်၊ ကျောက်တန်းကျေးရွာနဲ့ အနီးဝန်းကျင်တွေမှာ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ညနေပိုင်း ပစ်ခတ်မှုအတွင်း ရေဘုတ်ကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရေဘုတ်ရွာသားတဦးက ပြောပါတယ်။

“မြန်မာစစ်တပ်က စစ်လေယာဉ်နဲ့ ဗုံးကြဲနေတယ်လေ။ ကျနော်တို့ အခု ယောကျ်ားလေးနှစ်ယောက် ရေဘုတ်က ကျွဲကျောင်းနေတဲ့ ကျွဲကျောင်းသားလေးနှစ်ယောက် ပေါင်ကိုဖောက်ပြီးတော့ ဗုံးထိသွားတာ။ နောက်တယောက်က လက်မှာဖောက်သွားတာ။”

ရသေ့တောင်မြို့နယ် ရေဘုတ်၊ ကျောက်တန်း၊ ထီးစွဲ၊ ရေမျက်ကျေးရွာဘက်မှာ ရဟတ်ယာဉ်နဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် လူမှုကူညီရေး အသင်းတွေကနေ လာရောက်ကူညီနိုင်ခြင်း မရှိတဲ့အတွက် လူနာအတွက် စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုအတွင်းမှာ မြန်မာစစ်တပ်ကရော AA အဖွဲ့ကပါ အဖွဲ့နဲ့ ဆက်စပ်တဲ့သူတွေဆိုပြီး မသင်္ကာတဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတွေ တနေ့ထက်တနေ့ ပိုများလာနေပါတယ်။

-----------------------------------

(Unicode)

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG