သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသတိုက်ပွဲနဲ့ ဗုံးကွဲမှုများ အရပ်သားထိခိုက်မှုရှိ


ရခိုင်စစ်ရှောင် ပြည်သူများ
ရခိုင်စစ်ရှောင် ပြည်သူများ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီကနေ့မှာ မင်းပြားမြို့နယ် ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ဖက်မှာ နှစ်ဖက်ထိတွေမှု ဖြစ်ပွားနေခဲ့တယ်လို့ တပ်မတော်ရော AAဖက်ကပါ ပြောပါတယ်။

ကျောက်တော်မြို့နယ်ပစ်ခတ်မှုအတွင်း အပေါက်ဝကျေးရွာသားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မင်းပြားမြို့နယ်ကဗုံးခွဲမှုဖြစ်စဉ်မှာ လက်ခုပ်ရွာသား (၄၀)ကျော် ကို မြန်မာစစ်တပ်ဖက်က ယာယီထိန်းသိမ်းပြီး စစ်ဆေးခဲ့တယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်အတွင်း ဒီကနေ့မှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AA အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားနေသလို ဗုံးခွဲမှုဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ထိတွေ့မှူဖြစ်တာတော့ ယိုးတရုတ်ရဲ့အနောက်မြောက်ဖက်မှာပေါ့နော်။ အရင်တခါယာယီ ခြေကုတ်တခု သိမ်းတာရှိ တယ်။ အဲဒီရဲ့မြောက်ဖက်ကို ဆက်ပြီးနယ်မြေရှင်းတယ်။ ထိတွေ့မှု ဖြစ်တာရှိတယ်။ ဒီနေ့မနက်(၅)နာရီလောက်မှာ ကန်စောင့်တပ်ရင်းဌာနချုပ်တခုကို AAက အပေါက်ဝဖက် ကနေပြီးတော့မှ စိန်ပြောင်းနဲ့လှမ်းပစ်တာရှိတယ်။ လေး ငါးချက်။ ကျွန်တော်တို့ အပေါက်ဝဖက်ကို ပြန်ပြီးတော့မှ လက်နက်ကြီးနဲ့ ပြန်ပစ်တာရှိတယ်။ နောက်တခုကလဲ ကျွန် တော်တို့အုပ်ချုပ်ရေးမှူး ယာဉ်တန်းတခုကို လက်ကာရွာနဲ့ဝေသာလီကြားထဲပေါ့နော်။ အဲဒီနားမှာဒီကောင် သုံးမြှောင့်ပေါ့နော် သံချောင်းတွေထောင်ပြီးတော့မှ ကားကိုလာတဲ့အခါမှာ အဲဒီအတိုင်းတားတာပေါ့။ မနက်မှာ ပစ်ခတ်မှုနည်းနည်း ရှိတယ်။ ပြီးရင် ပန်းမြောင်းရဲ့ အရှေ့ဖက်ခြမ်းမှာ ဖြစ်နေတာတခုရှိတယ်။”

ဒီမနက်ကျောက်တော်မြို့နယ် အတွင်းက ကန်စောက်အခြေစိုက် အမှတ် ၃၇၇အမြောက်တပ်ရင်းကို AA ဖက်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ဒီမနက်မှာတော့ ကျောက်တော် ကန်စောက်မှာအခြေစိုက်တဲ့ အမတ(အမြှောက်တပ်) (၃၇၇)ပေါ့နော်။ ကျွန်တော်တို့ ဖက်ကတော့ ဝင်ရောက်ပစ်ခတ်တာရှိတယ်။ သတိပေးပစ်ခတ်တာပေါ့ဗျာ။ အဲဒီအမြောက်တပ်ကနေ ဒေသတွင်းတခုလုံး ကို သူတို့ဒီရမ်းကားပစ်ခတ်နေတဲ့ဥစ္စာက လနဲ့ချီရှိနေပြီး။ အခုဆိုလို့ရှိရင်ရွာတွေကိုဦးတည်ပြီး ပစ်ခခတ်လာတဲ့ ဥစ္စာ တွေများတာပေါ့နော်။”

နှစ်ဖက်ပစ်ခတ်မှုဖြစ်စဉ်အတွင်းကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက် ပေါက် ကွဲခဲ့လို့ ရွာသားနှစ်ဦးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ အပေါက်၀ ရွာသားတဦးကပြောပါတယ်။

“အပေါက်ဝအခြေအနေက ဒီနေ့မနက် မနက်(၅)နာရီခွဲလောက်မှာ ကျွန်တော်တို့ အပေါက်ဝနဲ့ တမိုင်ခွဲမှာ ရှိတဲ့(၃၇၇) ဖြစ်တဲ့ အမြှောက်တပ်ရင်းဘက်က လက်နက်ငယ်လက်နက်ကြီးတွေ ပစ်သံတွေကိုကြားရပါတယ်။ (၁၅)မိနစ် မိနစ်(၂၀) လောက်ပစ်တော့ ကျွန်တော်တို့ရွာကို လက်နက်ကြီး လာကျပါတယ်။ လက်နက်ကြီးကျတော့ ဦးကျော်စိန်ဆိုတဲ့အိမ်မှာ လက်နက်ကြီး ကျပါတယ်။ ဦးကျော်စိန်ရယ် နောက်ပြီးသူ့ရဲ့မြေးလေးရယ်နှစ်ယောက်ဒဏ်ရာရပါတယ်။ ဒဏ်ရာ အခြေ အနေကတော့ အခုကအပေါက်ဝဆေးရုံမှာပါ။”

ဒီမနက်မှာလဲ မင်းပြားမြို့နယ် လက်ခုပ်ကျေးရွာဘက်မှာ ဗုံး၂လုံးပေါက်ကွဲခဲ့အပြီး ရွာအတွင်း တပ်မတော်စစ်ကြောင်း ကနေ ဝင်ရောက်လာပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးလှသိန်းအောင်ကပြောပါတယ်။

“မင်းပြားမြို့ရဲ့အရှေ့ဖက် လက်ခုပ်ကျေးရွာအနားမှာလေ ဒီနေ့မနက်(၈)နာရီခွဲအကျော်လောက်မှာ ဗုံးနှစ်လုံးပေါက် တယ်။ အဲဒီလိုဗုံးနှစ်လုံးပေါက်တဲ့အခါမှာတပ်မ(၅၅)က ရွာထဲကိုဝင်လာပြီးတော့ ယောကျ်ားတွေအကုန်လုံးကို ရွာလယ် ခေါင်မှာစုပြီးတော့ စစ်ဆေးတယ်။ ပြီးရင် အိမ်တွေကို တက်ပြီးတော့ မွှေတယ်။ အဲဒီလိုမွှေပြီးတော့ တနာရီဝန်းကျင် လောက်က သူတို့ကျေးရွာက ထွက်သွားတယ်။ နောက်တခုက အသက်(၃၀)အောက်လူငယ်(၄၀)ကျော်လောက်ကို ခေါ်သွားတယ်လို့လဲ ပြောပြတာရှိတယ်။ ကျွန်တော်ခုနကဘဲ နယ်လုံဝန်ကြီးဖုံးဆက်တာကတော့ ဖမ်းထားတဲ့လူ (၄၅)ဦး တော့ လွှတ်ပေးလိုက်ပြီးလို့ပြောတယ်။”

တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ရွာသားတွေကို ပြန်လွှတ်ပေးရေးအတွက် ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ် စပ်ရေးရာဝန်ကြီးကိုတင်ပြခဲ့ရမှာ ပြန်လည် လွှတ်ပေးခဲ့ပြီးလို့ ပြောဆိုကြောင်း ဦးလှသိန်းအောင်က ပြောပါတယ်။
လက်ခုပ်ကျေးရွာအနီး ဗုံးကွဲမှုဖြစ်စဉ်မှာ AAအဖွဲ့ကနေဗုံးခွဲပြီးရွာထဲမှာရှိနေတယ်ဆိုတဲ့သံသယနဲ့ စစ်ဆေးခဲ့တာ ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

“တပ်မတော်စစ်ကြောင်း သူ့ဟာသူနယ်မြေရှင်းလင်းရေးလုပ်နေတာ AAက အဲဒီ လက်ခုတ်ရွာ အနားကနေပြီးတော့မှ မိုင်းဆွဲပြီးတော့ တိုက်ခိုက်တာ။ ရီမုမိုင်း(၂)လုံးခွဲတယ်။ ဘာမှတော့မဖြစ်ဘူး။ အဲတာနဲ့ကျွန်တော်တို့ကလဲ လက်ခုပ်ရွာ အနားဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလက်ခုပ်ရွာ ဘာညာမှာတော့ သောင်းကျန်းသူ ဒီနားမှာရွာထဲမှာ ခိုအောင်းနေ သလား အမာခံရှိသလား။ မရှိဘူးလား သိချင်တဲ့ အတွက်ကြောင့် အဲဒီရွာကိုတော့ ဝင်စစ်တာတော့ရှိတယ်။”

မနေ့ကလဲ မင်းပြားမြို့နယ် ဒိုင်းသားရွာဘက်နဲ့ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။မင်းပြားမြို့နယ် ဒိုင်းသားရွာဘက်တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး တပ်မတော်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ AAဘက်က ပြောပါတယ်။ နှစ်ဖက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲဖြစ်စဉ်တွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှု မသင်္ကာလို့ ဖမ်းဆီးအရေးယူခံရမှုတွေလဲ ပိုမိုများပြားလာနေတာပါ။
မြန်မာအစိုးရနဲ့ တပ်မတော်ကနေ ဖြတ်လေးဖြတ် ဗျူဟာနဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် ဖိနှိပ်နေတာကြောင့် အခြေ အနေ ဆိုးရွားနေပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ပေးဖို့ ရခိုင်တပ်မတော် AA ကနေ အောက်တို ဘာလ ၂၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစ်ရပ်ကို အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

.........................

{Unicode}
















တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG