သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ကြိုဆိုရေးလက်ခံရေးစခန်း ဒုက္ခသည် ၂၆ ဦး ဝင်ရောက်


ရခိုင်ပြည်နယ်အတွင်း လူမျိုးဘာသာရေး အသွင်ဆောင်ပဋိပက္ခဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်နေရတဲ့သူတွေထဲက မွတ်ဆလင်ရွာသား၂၆ ဦးဟာ မောင်တောမြို့၊ ငါးခူရလက်ခံကြိုဆိုရေးစခန်းကို မနေ့က ဆန္ဒအလျှောက် ဝင်ရောက်လာခဲ့ပါတယ်။ လက်ခံရေးစခန်းရဲ့အစီစဉ်အတိုင်း ဆောင်ရွက်ပြီး မောင်တောမြို့နယ်ထဲက သူတို့ နေရပ်ကိုရင်းကို ကူညီပို့ဆောင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။ လက်ခံရေးစခန်းဖွင့်ပြီး ၂ နှစ်တာ အတွင်း စစ်ရှောင် ၂၇၀ ကျော်သာ ဝင်လာခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စီစဉ်မှု အားနည်းချက်ကြောင့်လို့လည်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က တကြော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် တဘက်ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ နှစ်နိုင်ငံအစိုးရတွေ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ခုချိန်ထိ တရားဝင် ပြန်လာနိုင်တဲ့ ဒုက္ခသည် မရှိသေးပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်သဘောဆန္ဒအလျှောက် မြန်မာနိုင်ငံဘက်ကို တဖြည်းဖြည်း ပြန်လာနေတဲ့သူတွေ ရှိနေပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားတဲ့ သူတွေအနက်က မွတ်ဆလင်ရွာ သား၂၆ ဦးဟာ မိမိသဘောဆန္ဒ အ လျှောက် ငါးခူရ ကြိုဆိုလက်ခံရေးစခန်းကို ဝင်ရောက်လာပြီး လက်ရှိနေရပ်ကို ပြန် လည်ပို့ဆောင်ခဲ့ပြီးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အခုလိုပြောပါတယ်။

“သူတို့ဆန္ဒနဲ့ ဝင်လာတယ်ဆို ဟုတ်ပါတယ်။ အဲဒီလိုဝင်လာတော့ကျနော်တို့ UEHRD ခေါ်တာပေါ့ဗျာ။ နေရပ်စွန့်ခွါများ ပြန်လည်လက်ခံရေး လုပ်ငန်းအဖွဲ့ပေါ့နော်။ အဲဒီအစီအစဉ် ပရိုဂရမ်အတိုင်းကျနော်တို့ ဆက်သွားပါတယ်။ သူတို့ငါးခူရ မှာ စီစစ်ပြီးတဲ့အခါကျတော့ ကျနော်တို့ အကြမ်းဖက်ပါတဲ့ တယောက် ရှိတယ်။ အဲဒီအကြမ်းဖက်ပါတဲ့ တယောက် ကျတော့ သူ့ကိုဆက်လက် စစ်ဆေးတုန်းပေါ့။ ကျန်တဲ့ ၂၆ ယောက်ကတော့ သူတို့ကို ကျနော်တို့ ပြန်လည်လက်ခံရေး အစီစဉ်အရ အဲဒီမှာ မှတ်တမ်းတွေလုပ်။ NV Card ထုတ်ပေး။ သန်ခေါင်စာရင်းပေါ့ဗျာ ပုံစံ ၆၂ ခေါ်တာပေါ့။ အိမ် ထောင်စုဇယားတွေဖြည့်။ ဖြည့်ပြီးရင် သူတို့နေလိုတဲ့ရွာရဲ့အနီးဆုံးနေရာကို ပို့။ သူတို့နေခဲ့တဲ့ အနီးဆုံးရွာကို ရောက်သွားပါပြီ။”

မနေ့က ငါးခူရ ကြိုဆိုလက်ခံရေးစခန်းမှာ ဝင်ရောက်လာသူ ၂၇ ဦးအနက်က တဦးဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးနေဆဲဖြစ်ပြီး၂၆ ဦးကိုတော့ UEHRD လုပ်ငန်းစဉ်အရ စီစစ်ခဲ့ပြီးလို့ ၎င်းတို့ဆန္ဒ အတိုင်း NV Card ထုတ်ပေးပြီး သူတို့မူလနေထိုင်တဲ့ ကျေးရွာကို ပြန်ပို့ခဲ့တယ်လို့ ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

ပြည်တွင်းပြန်လည် ဝင်ရောက်လာသူ မွတ်ဆလင်ရွာသား၂၆ ဦးကို ငါးခူရစခန်းကနေ ၎င်းတို့နေထိုင်ရာ ကြက်ရိုးပြင် ဦးရှည့်ကျကျေးရွာဘက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပို့ဆောင်ပေးတယ်လို့ ငါးခူရစခန်းနေရွာသား တဦးက ပြောပါတယ်။

ဒီရက်ပိုင်းအထိ နေရပ်စွန့်ခွာသွားသူတွေထဲက မိမိဆန္ဒသဘောအလျှောက် ပြန်လည်ဝင်ရောက်လာသူတွေကို မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံထားတာ စုစုပေါင်း ၂၇၀ ကျော်ရှိပြီလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“၂၇၀ တော့ကျော်သွားပြီးဗျာ။ ကျနော်တို့အရင်ကတည်းက စီစဉ်ထားတဲ့ အခုက လူက ၁၇၀ သာပြောတာလေ။ သူတို့ယခင်နေခဲ့တဲ့ နေရာ။ ကျနော်တို့ ပြန်လည်နေရာချထားမဲ့ နေရာခွဲလိုက်တဲ့အခါကျတော့ မိသားစုဝင်တွေနည်း သေး တာပေါ့။ သူတို့လုံခြုံရေး ဟိုဟာဖြစ်သေးလို့ကျနော်တို့နေရာပြန်မချသေးတာပါ။ နိုင်ငံတော်အစီအစဉ်နဲ့။ လတ်တ လောကတော့ကျနော်တို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးကနေပြီးတော့မှ နှုန်းနဲ့ပေါ့ လစဉ် ဆန် ဆီ ပဲ ဆားပေါ့။ အဲတာ မျိုးထောက်ပံ့ပေးထားပါတယ်။”

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း၂၀၁၇ ခုနှစ် သြဂုတ်လမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေး လုပ်ဆောင်မှုအတွင်း ဒေသခံ မူဆလင်ရွာသား ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်တိမ်းရှောင်သူတွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရတို့ ညှိနှိုင်း ခဲ့ရာမှာ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံဖို့အတွက်၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ နိုဝင်ဘာလနဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လတို့မှာ စီစဉ်ခဲ့ပေမဲ့ ဝင်လာတာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံအစိုးရဘက်က လက်ခံကြိုဆိုရေးအစီစဉ် လုပ်ဆောင်နေပေမဲ့ ဝင်လာမှုမရှိတဲ့အပေါ် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အခုလိုပြောပါတယ်။

“နိုင်ငံတော်အစီအစဉ်နဲ့ ကျနော်တို့နိုင်ငံအနေနဲ့ လက်ခံပေးနေတယ်လေ။ ဟိုဘက်က စီစဉ်ပေးမှု ညံ့လို့ပေါ့ဗျာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်ပြီးတော့ လာချင်တဲ့သူကို အသေချာစာရင်းကောက်တာတို့ သူတို့တကယ်တန်း ပြန်လာမယ်ဆို လို့ရှိရင် လုံလောက်တဲ့ လုံခြုံရေးတွေ ဘာတွေနဲ့ လုပ်ပြီးတော့လိုက်မပို့နိုင်ဘူး။ ပြန်ဝင်လာတဲ့ သူကို သူတို့မေးကြည့်တဲ့ ဟာလောက်ကတော့ INGO အဖွဲ့တော်တော်များများကလည်း ပြန်မဝင်ဖို့ပြောတယ် ဆိုတာမျိုးတွေလည်း ကျနော်တို့လည်း ပြန်ကြားနေရတာပေါ့။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဘင်္ဂလားဒေ့ရှိ အစိုးရဘက်က ဝေဖန်ခဲ့သလို မြန်မာအစိုးရကတော့ တဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာ လက်မခံ ပေမယ့် သူတို့တတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးလုပ် ဆောင်နေသလို ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ တနလာၤနေ့ညနေပိုင်းတုန်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်တို့ သီးခြား တွေ့ဆုံပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ပြန်စနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမှာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ကြိုးစားနေပေမယ့် အခုထိ မအောင်မြင်သေးပါဘူး။

[Unicode Version]
















တိုက်ရိုက် လင့်ခ်
XS
SM
MD
LG