သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အင်တာနက် ဖြတ်တောက်မှု ကုလစိုးရိမ်


ရခိုင်ပြည်နယ် ကျောက်တန်း ပစ်ခတ်မှု ဖြစ်စဉ်
ရခိုင်ပြည်နယ် ကျောက်တန်း ပစ်ခတ်မှု ဖြစ်စဉ်

ရခိုင်ပြည်နယ်က မြို့နယ်လေးမြို့နယ်မှာ အင်တာနက်တွေ ဆက်ပြီး ပိတ်ပင်ထားတာကြောင့် ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အဟန့်အတားတွေဖြစ်နေတဲ့ အခြေအနေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ စိုးရိမ်မိ ကြောင်း ကုလ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ 3G၊ 4G အင်တာနက်လိုင်းတွေကို မြန်မာအစိုးရက ဖြတ်တောက်မှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီပဲ ဒေသခံပြည်သူတွေကို ဒဏ်ခတ်တဲ့ပုံစံမျိုး ဖြစ်နေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား စတဲ့ မြို့နယ်လေးမြို့နယ်မှာ 3G၊ 4G မိုဘိုင်းလ်ဖုန်း အင်တာနက်လိုင်းတွေကို အစိုးရက ဆက်လက်ပိတ်ပင်ထားတာဟာ မနေ့ တနင်္လာနေ့ ကဆိုရင် ရက်ပေါင်း ၁၀၁ ရက်ရှိသွားပြီဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လွယ်ကူချော့မွေစေရေး မရှိမဖြစ်လိုအပ်တဲ့ လက်ကိုင်ဖုန်း အင်တာနက် ဆက်သွယ်ရေးကို အခုလို ဖြတ်တောက်ခံထားရတာကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေမှာ များစွာ အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံ ရုံးက စက်တင်ဘာလ ၃၀ ရက်နေ့ က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကတည်းက စတင်ပြီး အင်တာနက် ပိတ်ပင်ခဲ့တဲ့ ရခိုင်ပြည်နယ် ၉ မြို့နယ် ထဲက ၅ မြို့နယ်ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ပြန်ပြီး ဖွင့်ပေးခဲ့တာကို ကြိုဆိုပေမယ့် ဆက်လက်ပိတ်ပင် ထားတဲ့ မြို့နယ် ၄ မြို့နယ်မှာ အင်တာနက် ဆက်သွယ်မှု ရပ်ဆိုင်းထားတာကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက ကြေညာချက်မှာ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

အင်တာနက် ဝန်ဆောင်မှုတွေကို ဆက်လက်ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ လုပ်ငန်းတွေမှာ အဟန့်အတားတွေဖြစ်နေတဲ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်မိကြောင်း နယူးရောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko က ဗွီအိုအေကို ပြောပါတယ်။

“အခြေခံလူ့အခွင့်အရေးလို့ ကုလသမဂ္ဂက ယုံကြည်ထားတဲ့ သတင်းအချက်အလက်တွေ သိပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် တွေအတွက် အင်တာနက် ဆက်သွယ်ရေးဟာ အလွန်အရေးပါ ပါတယ်။ ရခိုင်ပြည်နယ်မှာ အလုပ်လုပ်နေတဲ့ ကျမတို့ လုပ်ဖေါ်ကိုင်ဖက်တွေအတွက် ကျမတို့ စိုးရိမ်မိပါတယ်။ ဒီလို အင်တာနက် ပိတ်ပင်မှုကြောင့် သူတို့အလုပ်တွေမှာ အနှောင့်အယှက် အဟန့်အတား မဖြစ်စေဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက ထုတ်ပြန်ချက်မှာ အခုလို အင်တာနက် ပိတ်ပင်တာဟာ မြန်မာအစိုးရ လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ SDG ဖွံဖြိုးရေးဆိုင်ရာ မူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရရဲ့ အင်တာနက်ပိတ်ပင်မှုဟာ နိုင်ငံတကာဥပဒေနဲ့ မညီပဲ ဒေသခံတွေကို ဒဏ်ခတ်တဲ့ အပြုအမူမျိုး ဖြစ်နေကြောင်း အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

“မိုဘိုင်းဖုန်း အင်တာနက် ဆက်သွယ်မှုနဲ့ ပတ်သက်လို့ မြန်မာအပါအဝင် အစိုးရ အနည်းငယ်လောက်ပဲ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာ ဒါမှမဟုတ် အကျိုးအကြောင်းပြဖို့ အခုလို ဖြတ်တောက် ရပ်ဆိုင်းတာမျိုး လုပ်လေ့ရှိပါတယ်။ အင်တာနက်တွေ ပိတ်ပင် ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်ရပ်တွေမှာ ကျနော်တို့ တွေ့မြင်ရတာကတော့ လူတွေကို ဒဏ်ခတ်တဲ့အနေနဲ့ မိုဘိုင်းလ်ဖုန်း အင်တာနက်တွေကို အစိုးရတွေက ဖြတ်တောက်ပစ်တာဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေနဲ့အညီ ကောင်းမွန်ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။”

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာလည်း ပဋိပက္ခတွေ ဖြစ်နေတဲ့ နေရာမှာ အင်တာနက် ပိတ်ပင်မှုကြောင့် ပိုပြီး ထိခိုက်နစ်နာမှုတွေရှိနေတာဟာ အဲဒီဒေသက ပြည်သူတွေပဲဖြစ်တယ်လို့ ဖေါ်ပြထားတာပါ။ အမေရိကန်အခြေစိုက် အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်းအနေနဲ့လည်း အခုလို အင်တာနက်တွေကို ရခိုင်ပြည်နယ်မှာ ဆက်လက်ပိတ်ပင်ထားမှုကြောင့် ဒေသခံပြည်သူတွေ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စိုးရိမ်မိကြောင်း အဖွဲ့ရဲ့ ဒုဥက္ကဌ ဦးသိန်းထွန်းဇံ က ဗွီအိုအေကို ပြောပါတယ်။

“နေ့တဓူ၀ သူတို့ရဲ့ ကျန်းမာရေး ၊ စီးပွားရေးပေါ့လေ အဲဒါတွေအစ အရေးပေါ်ကိစ္စတွေအတွက် အလုပ်လုပ်တဲ့အခါမှာ ကျနော်တို့က ဒီရခိုင်ပြည်နယ်ဆိုတာ တော်တော်လေး ခေါင်တဲ့နေရာမျိုးလည်း ဖြစ်နေသေးတယ်။ တခြားလမ်းပမ်း ဆက်သွယ်ရေးအခက်အခဲတွေလည်း အများကြီးရှိနေသေးတဲ့အခါကျတော့ ဒါကို အင်တာနက်နဲ့ ဖုန်းကိုပါ ပိတ်ခံရတယ်ဆိုရင် ဆက်သွယ်ရေးက အများကြီး အနှောင့်အယှက်ဖြစ်သွားပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရော UN ကိုရော ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရော ၊ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့အလုပ်တွေပါ အများကြီးသွားပြီးတော့ ထိခိုက်စေတယ်။ ထိခိုက်စေတဲ့အတွက် အဲဒီမှာ ရှိတဲ့ ဒေသခံပြည်သူတွေကို ဒါရိုက် ဒုက္ခရောက်စေပါတယ်။”

အခုလို ရခိုင်ပြည်နယ်မှာ အင်တာနက် ပိတ်ပင်ထားတာကို ပြန်ဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ကို မြန်မာအစိုးရနဲ့ တပ်မတော်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ ပြန်လည်သုံးသပ် စဉ်းစားမှာဖြစ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာတွေကို တနင်္လာနေ့က တုံ့ပြန်ပြောဆိုထားပါတယ်။

.................

{Unicode}
















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG