စစ်ရေးတင်းမာနေဆဲ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ မြေပုံမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ၅ ရက်မြောက်တိုက်ပွဲဖြစ်ပွါးခဲ့သလို ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တဲ့အထိရှိခဲ့တယ်လို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီမနက် မင်းပြားမြို့နယ်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွါးခဲ့ပေမဲ့ ရွာသားတွေထိခိုက်မှု မရှိဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးနေတာပါ။
ဒီကနေ့မြေပုံမြို့နယ်၊ ယိုဆနွင်းကျေးရွာအနီး ရိုးတောင်ခြေမှာဖြစ်ပွါးတဲ့ တိုက်ပွဲအခြေအနေကိုတော့ AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။
“ဒီနေ့မှာတော့ မြေပုံမြို့နယ်ထဲက အဲဒီယိုဆနွင်းရွာရဲ့ အနောက်ဘက်တဝိုက်ပေါ့။ ယိုးချောင်းရဲ့ အနောက်ဘက်ကမ်း ဖြစ်မှာပေါ့။ အဲဒီမှာ တိုက်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတယ်။ ဒီနေ့ ၁၂ နာရီဝန်းကျင်လောက်မှာ ဗမာစစ်တပ်ဘက်ကနေ ရဟတ် ယာဉ် နှစ်စီးနဲ့နေပြီးတော့ နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ လုပ်တယ်။ စက်သေနတ်တွေနဲ့လည်းပစ်။ နောက်ရော့ကက်နဲ့လည်းပစ်ခတ်ခဲ့တာရှိတယ်။ တိုက်ပွဲကတော့ ဆက်ပြီးတော့ဖြစ်နေဆဲပဲ ရှိသေးတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ လောလောဆယ် မသိရသေးဘူးဗျ။ ယိုးချောင်းတဝိုက်ကို သူတို့ဘက်က ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့ ခုခံတိုက်ခိုက်နေရတဲ့သဘော ရှိပါတယ်။ ဒီနေ့တိုက်ပွဲကတော့ ၄ ရက်၊ ၅ ရက်ဆက်တိုက်ရှိပြီး။”
ဒီမနက်မင်းပြားမြို့နယ် ဒိုင်းသားရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွါးတာ ရှိပေမဲ့အခြေအနေကို မသိရှိသေးဘူးလို့ ခိုင်သုခက ဆိုပါတယ်။
ဒီမနက် မင်းပြားမြို့နယ် ဒိုင်းသားရွာဘက် တိုက်ပွဲဖြစ်စဉ်မှာ ရွာသားတွေ ထိခိုက်မှုမရှိဘူးလို့ ဒိုင်းသားရွာသား တဦးကဆို ပါတယ်။
“ဒီနေ့ ၉ နာရီခွဲလောက်က တိုက်ပွဲဖြစ်တယ်ခင်ဗျ။ ဒိုင်းသားကျေးရွာအရှေ့ဘက်ကွင်း ခင်ဗျ။ ဟိုဘက်ပစ်သံ ဒီဘက်ပစ်သံ အပြန်လှန်တော့ ကြားတယ် ခင်ဗျ။ ဒိုင်းသားရွာသားတွေတော့ ထွက်မပြေးဘူး။ ဒိုင်းသားရွာနဲ့လည်း တမိုင်လောက် ဝေးတယ်။”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောပါတယ်။
“တိုက်ပွဲကတော့ ဖြစ်နေတာပဲ။ မြေပုံတို့ မြောက်ဦးရဲ့အရှေ့ဘက်မှာ ပန်းမြောင်းရဲ့အရှေ့မှာပေါ့။ မနက်(၁၀)နာရီ လောက် ကစတာ။ မပြီးသေးဘူးချနေတုန်းပဲ။ တိုက်ပွဲဖြစ်တာတော့ ပြောလို့ရတယ်။ အတည်ပြုလို့ရတယ်။ ကျန်တာတွေတော့ ဘာမှပြောလို့ မရသေးဘူး။ ”
မြေပုံမြို့နယ်၊ ယိုဆနွင်းကျေးရွာအနီး တိုက်ပွဲတွေမှာတော့ မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ် နှစ်စီး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း AA ဘက်က ပြောဆိုနေသလို တပ်မတော်ဘက်ကလည်း အတည်ပြုခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA တို့ အကြား ဖြစ်ပွားနေတာ ၅ ရက် ရှိနေပြီး ဖြစ်ပါတယ်။
စက်တင်ဘာ ၂၂ ရက် ညနေပိုင်းမှာ မြေပုံမြို့နယ်က နပခ လက်အောက်ခံ၊ အမြောက်တပ်ရင်း ၃၇၃ ရဲ့ ယာယီလက် နက်ကြီးစခန်းကို သိမ်းပိုက်ခဲ့ကြောင်း ရခိုင်လက်နက်ကိုင် AA က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းကနေ မြန်မာစစ်တပ်ဘက်က အလောင်း ၁၀ လောင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ ထည့်ထားတဲ့ ခြင်းတောင်း ၁၈ လုံးကို သိမ်းဆည်းရမိတယ်လို့လည်း AAပြောခွင့်ရခိုင်သုခက ပြောဆိုခဲ့ ပါတယ်။
လက်ရှိရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေကျယ်ပြန့်စွာ ဖြစ်ပွါးနေသလို တိုက်ပွဲစဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိလာနေပါတယ်။
[Unicode Version]