သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုင်းတုံဆွေးနွေးပွဲ သဘောတူညီချက်တချို့နဲ့ အဆုံးသတ်


ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ တွေ့ဆုံဆေေွးနွေး
ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ တွေ့ဆုံဆေေွးနွေး

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့က ကိုယ်စားလှယ်တွေ နှစ်ဘက်အပစ်အခတ် ရပ်စဲရေးအတွက် ဒီကနေ့ ကျိုင်းတုံမြို့မှာ ဆွေးနွေးခဲ့ကြတာမှာ သဘောတူညီချက်တချို့ရခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက် တစုံတရာမချနိုင်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ အစိုးရကိုယ်လှယ်တွေဘက် ကတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူညီမှု (၇)ချက်ကို ရခဲ့တယ်ဆိုပေမဲ့ နိုင်ငံရေးလေ့လာသူတွေ အမြင်ကတော့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးအတွက် အချိန်ယူရဦးမယ်လို့ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ကျိုင်းတုံမြို့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတွင်း နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်ဖို့ နှစ်ဘက် အကြိတ်အနယ် ဆွေးနွေးခဲ့တာမှာ သဘောတူညီချက်တချို့ရလိုက်ပေမယ့်လည်း တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို ဆွေးနွေးပွဲအပြီးမှာ မထုတ်ပြန်နိုင်ခဲ့ဘဲ အစည်းဝေးမှတ်အဖြစ်သာ သိမ်းဆည်းထားခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးခဲ့ကြတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့တော့ အစိုးရကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်ရှေ့နေချုပ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဦးက အစည်းဝေးအပြီးမှာ အခုလို ရှင်းပြခဲ့ပါတယ်။

“ဒီနေ့ဆွေးနွေးမှုမှတ်တမ်းမှာ Bilateral agreement လက်မှတ်ရေးထိုးနိုင်ဖို့၊ လက်ရှိတိုက်ပွဲတွေချုပ်ငြိမ်းဖို့၊ IDPs ကိစ္စတွေ၊ တပ်နေရာချထားရေး ကိစ္စတွေ နောက်ယုံကြည်မှုတည်ဆောက်ရေးအပိုင်း နှစ်ဘက် ဖမ်းဆီးအရေးယူမှု ကိစ္စတွေ ပဋိပက္ခတွေ ဆက်ဆွေးနွေးဖို့ အောက်တိုဘာလအတွင်းမှာလည်း နှစ်ဘက် ပြန်တွေ့ဆုံဖို့ သဘောတူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။”

နှစ်ဘက် ဆွေးနွေးပြီး သဘောတူညီခဲ့ကြတဲ့ ကိစ္စရပ်တွေအတွက် နောက်နေ့မှာ ထပ်မံဆွေးနွေးဖို့ အစိုးရဘက်က အဆိုပြုခဲ့ပေမယ့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ဆုံးဖြတ်ချက်ချဖို့အတွက် လုပ်ပိုင်ခွင့်ပါမလာတာကြောင့် ဆွေးနွေးပွဲကို ဒီကနေ့မှာဘဲ အဆုံးသတ်လိုက်တယ်လို့ NRPC ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောပါတယ်။

ဒါပေမယ့် ဆွေးနွေးခံသမ ျှတွေအပေါ်မှာ ကြေလည်မှုရှိကြတယ်လို့ သူက ပြောပါတယ်။

“တော်တော်များများဆွေးနွေးပြီး သွားတဲ့ပေါ်မှာ ကျေကျေလည်လည်လည်းရှိနေတယ် အဲဒီတော့ ဒီအပေါ်မှာ ဒီနေ့ ဆွေးနွေးတဲ့သဘောတူညီချက် အပေါ်မှာ သူ့အဖွဲ့အစည်းလိုက် ပြန်သတင်းပို့ရမယ် အဲဒါတွေပြီးမှ နောက်အစီအစဉ်ကြရင် ဘယ်အဆင့်ရောက်မလဲဆိုတာ ကျနော်တို့ပြန်ညှိရမယ်”

တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေး လိုလားတဲ့ ပုံစံတွေ့ရတဲ့အတွက် အနာဂတ်ဆွေးနွေးပွဲတွေမှာ အလားအလားကောင်းမယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“လောလောဆယ်တော့ ပြောဖို့နည်းနည်း စောသေးတယ်ဗျ သူတို့အခြေအနေလည်း အပြည့်အစုံမသိရသေးတော့ စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။ လောလောဆယ် တပ်ဘက်ကရော ဘာရော လိုက်လျော မှုတွေရှိတဲ့အတွက် ကြောင့်မို့လို့ ငြိမ်းချမ်းရေး ဘက်ကို သွားမယ့်အလားအလာ ပိုများတယ်လို့ ပြောလို့ရပါတယ်။”

နောက်တကြိမ်ဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာထဲမှာလုပ်သွားဖို့ သဘောတူညီမှုရခဲ့ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့တွေ၊ ငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့ဝင်တွေ၊ တပ်မတော်ဘက်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ရာပြည့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ PCG အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကတော့ ကချင်အဖွဲ့ KIO/ KIA ဘက်က လေးဦး၊ ကိုးကန့်အဖွဲ့ MNDAA က ကိုယ်စားလှယ် နှစ်ဦး၊ ရခိုင် လက်နက်ကိုင် AA ဘက်က ကိုယ်စားလှယ် သုံးဦး၊ တအောန်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က ၄ဦး ဆွေးနွေးခဲ့ကြတာပါ။

သြဂုတ်လ ၃၁ရက်ကလည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် ကျိုင်းတုံမှာတွေ့ခဲ့ပါတယ်။ စက်တင်ဘာ ၂ရက်က ကိုးကန့် MNDAA, တအောန်းအဖွဲ့ TNLA နဲ့ ရခိုင်လက်နက်ကိုင် AA သုံးဖွဲ့က တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။

အခုလိုဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ အချိန်မှာပဲ ကျောက်မဲမြို့နယ်၊ TNLA ရဲ့ တပ်မဟာ(၂) နယ်မြေထဲမှာ TNLA တပ်ရင်း ၆၆၆ နဲ့ တပ်မတော်တို့ ဒီနေ့မနက် အစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့လည်းပစ်ခတ်တာတွေရှိခဲ့တယ်လို့ TNLA ဘက်ကသတင်း ထုတ်ပြန်ထားပါတယ်။

..................

(Unicode)
















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG