သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ တိုင်းရင်းသားတွေကို ခရီးသွားလာခွင့်ကန့်သတ်


စစ်တပ် စစ်ဆေးရေး ဂိတ်တခု ( နိုဝင်ဘာ ၂၀၁၀)
စစ်တပ် စစ်ဆေးရေး ဂိတ်တခု ( နိုဝင်ဘာ ၂၀၁၀)

ဝတိုင်းရင်းသားတွေကို UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းဒေသ နဲ့ ကျိုင်းတုံဒေသအတွင်း ဝင်ထွက် သွားလာတာတွေကို ဒီရက်ပိုင်းတွေအတွင်း အစိုးရဖက်က ကန့်သတ်လာတယ်လို့ UWSA က တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါဟာ အပစ်အခတ်ရပ်စဲပြီး ၂၉နှစ်အတွင်း ပထမဆုံးပိတ်ပင်တာဖြစ်ပြီး ဘာကြောင့် ဒီလို ပိတ်ပင်တယ်ဆိုတာ မသိရသေးပေမယ့် ဝတပ်ဖွဲ့ ဗဟိုအနေနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေး အဖြေရှာသွားမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဝတိုင်းရင်းသားတွေကို အခုလို ပိတ်ပင်လိုက်တာဟာ လွန်ခဲ့တဲ့ ၁၀ရက်လောက်တည်းက စတင်လိုက်တာ ဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်းကနေ ကျိုင်းတုံဖက်ကို သွားခွင့် မရကြသလို ကျိုင်းတုံဖက်ကနေလည်း ပန်းဆန်းဖက် သွားလာတာကို တားဆီးထားလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ သွားလာခွင့် ပိတ်ပင်လိုက်တဲ့အခြေအနေကို UWSA အဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက အခုလို ပြောပါတယ်။

“ဒီမိုင်းခတ်နဲ့ ကျိုင်းတုံကြားမှာလေ။ ရှိနေတဲ့ ဝမ်တာပုံဂိတ်တွေ အဲဒီမှာ ကျနော်တို့ ဝလူမျိုး မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ သူတွေ ဖြတ်သန်းသွားလာခွင့် မပြုဘူး။ ၁၀ရက်ကျော်ပြီ။ ဂိတ်ကပေါ့၊ ရဲ၊ လဝက၊ စစ်တပ်ပေါ့။ အထက်က ညွှန်ကြားချက်လို့ပဲ ပြောတာပဲ။ နိုင်ငံတော်အစိုးရနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးယူတာ ၂၉ နှစ်ထဲ ဝင်ပါပြီ၊ ဒါမျိုး အဖြစ်အပျက်မျိုးက တခါမှတော့ မကြုံဖူးပါဘူး။ ရှိလည်း မရှိခဲ့ဖူးဘူး။ ”

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဖက်မှာတော့ ပိတ်ပင်တာမရှိကြောင်း ပြောပါတယ်။ေ လာလောဆည်မှာ ပန်ဆန်းဖက်ကိုသာမက မိုင်းလားဖက် အဝင်အထွက်ကိုလည်း ပိတ်ပင်ထားပါတယ်။

တာချီလိတ်နဲ့ ပန်ဆန်းအသွားအလာကိုတော့ ပိတ်ပင်တာမရှိပေမယ့် ဝလူမျိုး နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်သူတွေကို ဓါတ်ပုံရိုက်ယူပြီး စာရင်းမှတ်တာတွေ ရှိနေပါတယ်။

ဒီလို ကန့်သတ် ပိတ်ပင်တဲ့အပေါ် ဝတပ်ဖွဲ့ဖက်က ငြိမ်းချမ်းရေးကော်မရှင် နဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားမယ်လို့ ယုံကြည်ကြောင်းလည်း ဦးညီရန်းက ဆက်ပြောပါတယ်။

“အဖက်ဖက်ပေါ့နော်။ NCA ထိုးဖို့၊ ပြီးရင် မိုင်းလားမှာ ကျနော်တို့ တပ်ဖွဲ့ ရှိနေတဲ့ ကိစ္စတွေ အချို့တွေကြောင့်လို့ပဲ ကျနော်က ပုဂ္ဂိုလ်ရေးအရ အဲလိုမျိုးပဲ မြင်တာပဲလေ။ နောက်ကွယ်မှာ ဘာနိုင်ငံရေးတွေ pressure တွေရှိတယ် အဲလိုမျိုးတော့ အားလုံးတော့ မသိဘူးလေ။ ဒါမျိုးပိတ်ဆို့တယ်ဆိုတာက မလိုလားအပ်တဲ့ ပြဿနာ၊ ပဋိပက္ခတွေ ဖြစ်ပေါ်မှာ ကျနော်တို့လည်း စိုးရိမ်တာပေါ့နော်။ ဒေသတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ် သွားနိုင်တယ်။ ဒါမျိုးကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဒီကိစ္စကတော့ PC နဲ့ ကျနော်တို့ ဌာနချုပ်နဲ့ အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ သူတို့တွေ့ဆုံကြတဲ့အခါ ဒီကိစ္စထည့်သွင်းဆွေးနွေးမယ်လို့တော့ ကျနော် အဲလိုပဲ ယုံကြည်တယ်။”

၂၀၁၆ခုနှစ် စက်တင်ဘာလက မိုင်းလားဒေသက အချက်အခြာကျတဲ့နေရာတချို့ကို UWSA ၀ တပ်ဖွဲ့တွေက ဝင်ရောက်တပ်စွဲခဲ့တဲ့နောက် ဒေသတွင်းအခြေအနေတွေ တင်းမာခဲ့ပြီး ကျိုင်းတုံ- မိုင်းလားလမ်းကို တပ်မတော်က ပိတ်ထားခဲ့ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ခရီးသွားနေတာကြောင့် ဒီကိစ္စကို သေချာမသိရသေးကြောင်း ပြောပါတယ်။

“အဲဒါ ကျနော် မပြောတတ်သေးဘူးဗျ။ ကျနော်လည်း အခု ပင်လုံကနေပြီး နေပြည်တော် ပြန်ဆင်းနေတာ။”

ဝလစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစိုင်းပေါင်းနပ်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဝလူမျိုးကြားမှာတော့ အတော်လေးပြောတယ် ဒီကိစ္စကို။ ဘာကြောင့်လဲ ကျနော့လည်း မေးမြန်းကြတယ်။ အဲဒီဥစ္စာတော့ ကျနော် မသိသေးဘူး။ ကျနော်တို့က တရားဝင် မှတ်ပုံတင်ဌာနက ထုတ်ပေးထားတဲ့ မှတ်ပုံတင်လည်းဖြစ်တယ်။ နိုင်ငံသားလည်း ပီပြင်တယ်။ ပြစ်မှုကြောင်းရာ တစုံတရာမရှိဘဲနဲ့ အဲလို ကန့်သတ်တယ်၊ တားဆီးတယ်ဆိုတာတော့ ဥပဒေနဲ့ မညီဘူးထင်တယ်။ မဟုတ်ဘူးထင်တယ်လို့ ကျနော်က အဲလို ပြောလိုက်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေးဆုံးရှုံးတဲ့ အနေအထားအနေနဲ့ နိုင်ငံသားတယောက်ဖြစ်ပြီးတော့ နိုင်ငံအတွင်းတောင် ကန့်သတ်တယ်ဆို ကျနော်တို့ နိုင်ငံခြားသားလိုလို ကျနော်တို့ ဖြစ်သွားတာပေါ့ဗျာ။ သူတို့ အဲလို ဆိုလိုချင်တယ်။ အဲဒီအကျိုးဆက်တွေကတော့ အများကြီး ကျယ်ပြန့်သွားလိမ့်မယ်။ ကျနော်အဲလို သုံးသပ်တာပေါ့ဗျာ။ ”

UWSA အဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ကနေခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ပါဝင် လက်မှတ်ရေးထားတာမရှိဘဲ NCA ပြင်ပကနေ နိုင်ငံရေး ဆွေးနွေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG