အစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင်က လာမယ့် ၁၆၊ ၁၇ရက်မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ကို ဒီလ ၉ရက်နေ့ နေ့စွဲနဲ့ ဖိတ်ကြားလိုက်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဘက်ကတော့ အခြားနေရာမှာ တွေ့ဆုံဖို့ တောင်းဆိုထားပြီး ဒါကိုပြန်လည်ညှိနှိုင်းနေကြောင်း ပြောပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်တာတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်က နောက်ဆုံးရ သတင်းတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ဆက်ထားပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်၊ PSLF တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ လကုန်က ကျိုင်းတုံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲသဘောတူညီချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဒီလ ၁၆နဲ့ ၁၇မှာ ကျင်းပဖို့ သဘောတူထားတာပါ။
ဒီသဘောတူညီချက်အရ ကျိုင်းတုံမှာ ထပ်မံဆွေးနွေးဖို့ကို အစိုးရကိုယ်စားလှယ်အဖွဲ့က အဆိုပြု ဖိတ်ကြားတာဖြစ် ပါတယ်။
ဒီဖိတ်ကြားမှုအပေါ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ PSLF တအန်း(ပလောင်)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်က အခုလို ပြောဆိုပါတယ်။
“ ဖိတ်စာကတော့ ကျနော်တို့ ရပြီးဖြစ်တယ်။ တက်မယ် မတက်ဘူးဆိုတာကတော့ ၄ဖွဲ့က ဆက်ပြီးမှ ညှိနှိုင်းမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျိုင်းတုံမှာ ထပ်ပြီးမှ တွေ့မယ်လို့ ပြောတယ်။ ကျနော်တို့ ဘက်ကတော့ မိုင်းလားမဟုတ်ရင် ပန်ဆန်းမှာ ။ မဟုတ်ရင် တရုတ်နိုင်ငံထဲက မြို့တစ်မြို့ ပြန်ပြီး အဆိုပြုတယ်။ ပထမတစ်ခေါက်လည်း ကျနော်တို့ ပြောထားပြီး ဖြစ်တယ်။ ဒီတစ်ခေါက်ဆွေးနွေးရင် တပ်ဖက်ကိုယ်စားလှယ် တက်ပေးဖို့ ကျနော်တို့က တောင်းဆိုထားတာ ရှိတယ်။ ဘာကြောင့်ဆိုရင် စစ်ပွဲရပ်ဖို့ ဆိုရင်တော့ တပ်က ပြောနိုင်မယ့်သူ တစ်ယောက်ပါဖို့တော့ လိုတယ်။ PC နဲ့ ချည်းတောက်လျောက်တွေ့နေလို့တော့ အလုပ်မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒါကို ကျနော်တို့ ဆက်ပြီးမှ ကျနော်တို့ ညှိနှိုင်းနေတုန်း ဖြစ်တယ်။”
KIO ကချင်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း
“ ကျနော်ပြောလို့ မရသေးဘူး။ မရသေးဘူးဆိုတာက ဆွေးနွေးရေးကော်မတီက ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ ကျနော်တို့ ဘာမှ မကြားသိရသေးဘူးခင်ဗျ။ စောပါသေးတယ်။ ကျနော်ထင်တာကတော့ ၁၂-၁၃ဆိုရင်တော့ အဖြေထွက်မယ်ထင်ပါတယ်။”
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က အခြားနေရာကို ရွေးချယ်တာဟာ သူတို့ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် ဖြစ်ကြောင်း ပြောပါတယ်။
အစိုးရဘက် လာမယ့် ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့က အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ဖိတ်ကြားထားသလို လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူကြောင်းလည်း သူတို့ ပေးပို့တဲ့ ဖိတ်ကြားစာမှာ ပါဝင်ပါတယ်။
ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ အစိုးရနဲ့ လက်နက်ကိုင် ၄ဖွဲ့အကြား နှစ်သဘောတူ အပစ်ရပ်စာချုပ် ချုပ်ဆိုရေး၊ တပ်နေရာချထားရေး စတာတွေကို အလေးထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီလ ၉ရက်နေ့မှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအရ ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာ ည ၉နာရီကနေ မနက် ၅နာရီအထိ အပြင်ထွက်သွားလာတာမလုပ်ဖို့၊ လူ ၄ယောက်ထက်ပိုမစုဖို့၊ တားမြစ်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ လည်း ဖော်ပြထားပါတယ်။
လောက်ကိုင်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကတော့ လောက်ကိုင်မြို့ အခြေအနေကို အခုလို ပြောပါတယ်။
“၃နှစ်ရှိပြီပဲ။ အေး ကြာပြီလို့၊ အသစ်ထုတ်တာမဟုတ်ပါဘူး။ အရင်အတိုင်းပဲ၊ အရင်အတိုင်းပဲ။ အရင်လည်း ၅နာရီ ၉နာရီ။ ဒေသက ဘာမှ မဖြစ်ဘူး။ အခြေအနေကောင်းပါတယ်။”
လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာ အသစ်ထုတ်ပြန်တာမဟုတ်ဘဲ၂လတစ်ကြိမ် သက်တမ်း တိုးတာဖြစ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောဆိုပါတယ်။
TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AAရခိုင် ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ သြဂုတ်လ ၁၅ရက်နေ့က ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်တွေအတွင်းမှာ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ မန္တလေး၊ လားရှိုး၊ မူဆယ် နဲ့ သိန္နီ၊ ကွမ်းလုံ စတဲ့ လမ်းမကြီးပေါ်မှာ ကားတွေပိတ်ဆို့တာ၊ တံတားတွေဖောက်ခွဲတာ စတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒီလ ၂ရက်နေ့နဲ့ ၉ရက်နေ့မှာ ထိုးစစ်တွေ ရပ်ဆိုင်းကြောင်းနဲ့ တစ်လတာ တစ်ဘက်သတ်အပစ်ရပ် ကြေညာခဲ့ပါတယ်။
အစိုးရတပ်မတော်ဘက်ကတော့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားတာတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ကစတင်ပြီး ရပ်ဆိုင်းကြောင်း ကြေညာထားပြီး ဒီကြေညာချက်ကို သက်တမ်းတိုးမြှင်မှု နောက်ဆုံးရက်ကတော့ ဒီလ ၂၁ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။