သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ တားမြစ်ချက်ချိုးဖောက်လို့ အဖမ်းခံရသူတွေထဲ မြန်မာနိုင်ငံသားတွေလည်း ပါ


ဘန်ကောက်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖျန်းနေသည့် ထိုင်းစစ်သားများ။ (မတ် ၂၆၊ ၂၀၂၀)
ဘန်ကောက်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖျန်းနေသည့် ထိုင်းစစ်သားများ။ (မတ် ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် လူတိုင်း မျက်နှာဖုံး နှာခေါင်းစည်း တပ်ဖို့နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ ဒီအမိန့်တွေကို မလိုက်နာတဲ့ မြန်မာအပါအဝင် လူတထောင်ကျော်ကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု နေ့စဉ်မြင့်တက်လာနေပြီး အခုဆိုရင် လူဦးရေ ၂ ထောင်ကျော် ကူးစက်ခံထားရပြီ ဖြစ်ပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသားလည်း ၉ ဦးထက်မနည်း ပါဝင်နေတာပါ။

ဒီအချိန်မှာ ထိုင်းအစိုးရ ထုတ်ပြန်တဲ့ အမိန့်တွေ၊ တားမြစ်ချက်တွေ မလိုက်နာတဲ့လူ တထောင်ကျော်ဟာ ပြီးခဲ့တဲ့ရက်ကပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲမှာ မြန်မာတွေလည်း ပါဝင်ကြောင်း ထိုင်းတောင်ပိုင်း ဖန်းငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ညဘက်ဆိုလို့ရှိရင် ကာဖျူးက အထူးသဖြင့် ည ၁၀ နာရီကနေ မနက် ၄ နာရီ အတွင်းမှာ မထွက်ဖို့၊ ပြီးခဲ့တဲ့ရက်က ၁၀၀၀ ကျော် ဖမ်းမိတာ၊ ပြစ်မှုကျူးလွန်တာ ထုတ်တဲ့အထဲမှာ မြန်မာတွေလည်း ပါတယ်နော်။ ဖမ်းမိတဲ့အထဲမှာ ညဘက်ထွက်တာမျိုး မျက်နှာအုပ်မပါဘဲ ထွက်တာမျိုး၊ ၂ ယောက်ထက်ပိုပြီး ထွက်တာ ညဘက် ၁၀ နာရီကနေ ၄ နာရီက ထွက်တာမျိုး၊ ဖူးခက်မှာဆိုရင် အဖမ်းခံရတာမျိုး ရှိတယ်။ ဖန်းငဘက်မှာတော့ မျက်နှာအုပ်တာမပါဘဲ ထွက်လို့ ရဲတွေက နရင်းရိုက်တာ ဒဏ်ရိုက်တာတွေရှိတယ်။ ဒါကတော့ အကုန်လုံးကို လုပ်နေတာဆိုတော့ ကျနော်တို့ မြန်မာတွေကိုပဲ လုပ်တာမဟုတ်ဘူး၊ အကုန်လုံးကို လုပ်နေတာဆိုတော့ သတိထားစေချင်တယ်။”

အလားတူ တာ့ခ်ခရိုင် မဲဆောက်မြို့မှာလည်း နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်တဲ့ ဈေးရောင်းတဲ့ မြန်မာတချို့လည်း အဖမ်းခံရတာ ဒဏ်ကြေးပေးဆောင်ရတာတွေ ရှိနေပါတယ်။

ဒေသန္တရအလိုက် တားမြစ်မိန့်တွေကို ချိုးဖောက်တာရှိရင် အခုလို ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ ဒေသခံ အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ လုပ်လာပါတယ်။ ဒါ့အပြင် ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့တွေကပါ သူ့ကျေးရွာအလိုက် ပြစ်ဒဏ်ပေးတာတွေလည်း လုပ်ကြပါတယ်။

ဒီအတွက် ထိုင်းရောက် မြန်မာတွေ အထူးသတိထားဖို့နဲ့ တားမြစ်မိန့်တွေ မချိုးဖောက်ဖို့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း နှိုးဆော်နေသလို အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ လူထုအခြေပြု အဖွဲ့တွေကလည်း ပညာပေးမှုတွေကို ဆက်တိုက်လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









XS
SM
MD
LG