သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဟန်ဂေရီ ဆက်ဆံရေး ပိုနီးစပ်လာဖွယ်ရှိ


ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး Facebook
ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး Facebook

မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ဖိအားပေးနေတဲ့ ဥရောပသမဂ္ဂရဲ့ ဒီမိုကရေစီကို ပို့ကုန်စနစ်လို သွတ်သွင်းဖို့ ချဉ်းကပ်တဲ့ နည်းလမ်းမျိုး ဟန်ဂေရီအနေနဲ့ လက်မခံကြောင်း ဝန်ကြီးချုပ် Viktor Orban က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့မနေ့က မြို့တော် Budapest မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေနဲ့ ဘာသာမတူသူတွေရဲ့ လူဦးရေ တိုးပွားလာတာကို ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ကလည်း နှစ်နိုင်ငံလုံးမှာ တူညီနေတယ်လို့ သူကဆိုပါတယ်။ ဟန်ဂေရီနဲ့မြန်မာ ဆက်ဆံရေး အရင်ကထက် ပိုပြီး နီးကပ်လာနေတဲ့ အကြောင်းအရင်းတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဇွန်လ ၅ရက်နေ့ကနေ ၆ ရက်နေ့ထိ နှစ်ရက်ကြာ အလုပ်ခရီးစဉ်အဖြစ် ဟန်ဂေရီ နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban နဲ့Budapest မြို့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ဟန်ဂေရီဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ Bertalan Havasi က သတင်းဌာနတွေကို ပြောကြားရာမှာ မြန်မာနဲ့ ဟန်ဂေရီ အပါအဝင် အရှေ့တောင် အာရှနဲ့ဥရောပ မှာ တရားမဝင်ရွှေ့ပြောင်း အခြေချသူတွေရဲ့ပြဿနာဟာ အဓိက စိန်ခေါ်မှု ဖြစ်နေကြောင်း၊တိုးပွားလာနေတဲ့ မွတ်စလင် လူဦးရေ နဲ့ ဘယ်လို အတူနေထိုင်ကြမလဲဆိုတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂနဲ့မြန်မာကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဟန်ဂေရီက ထောက်ခံကြောင်းနဲ့ပြည်တွင်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့တဲ့ ဥရောပသမဂ္ဂနဲ့အခြား အနောက်နိုင်ငံတွေရဲ့ဒီမိုကရေစီကို ပို့ကုန်လို အပြင်ကနေ သွတ်သွင်းတဲ့ နည်းမျိုး ဟန်ဂေရီက လက်မခံကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ်ရုံးရဲ့ပြောခွင့်ရ Bertalan Havasi ကဆိုပါတယ်။

လက်ရှိ ဟန်ဂေရီ ဝန်ကြီးချုပ်ဟာ အများကြိုက်ဝါဒီ တဦးဖြစ်သလို လက်ရှိ သူကျင့်သုံးနေတဲ့ မူဝါဒက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီနေတဲ့ အပေါ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုပြီး နီးကပ်လာတဲ့ အနေအထား တွေ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ချက်နဲ့ ဟန်ဂေရီခရီးစဉ်တွေကို အနီးကပ်စောင့်ကြည်နေတဲ့ ချက်နိုင်ငံ အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ကိုလင်းသန့်က ပြောပါတယ်။

“ ဟန်ဂေရီလို နိုင်ငံမျိုးက အဓိက ဘာဖြစ်နေလဲ ဆိုတော့ ဝန်ကြီးချုပ် ပြောသွားတဲ့ အထဲမှာလည်း သတိထားမိလိမ့်မယ် ထင်ပါတယ်။ သူတို့က ဒီ မူဆလင် Population မြင့်မားမှု အပေါ်မှာ စိုးရိမ်မကင်း ဖြစ်တယ်ဆိုတာတွေ သူ နည်းနည်း Highlight လုပ်ပြီး ပြောသွားတယ်။ တကယ်တော့ ဒါက ဒီ ပြောမယ်ဆိုရင် ဥရောပ တခွင် နိုင်ငံ တချို့မှာ အခုဆိုလို့ ရှိရင် ဒီ အများခေါ်နေကြတဲ့ အသုံးအနှုန်းအရ ပြောမယ်ဆိုရင် Populist ပေါ့နော်၊ နောက် Right Wing ပေါ့ လက်ယာစွန်းတွေလို့ ကင်ပွန်းတပ်ကြတဲ့ ဟာတွေက အတော်လေး များပြားလာတယ်။ ဒါကလည်းပဲ ပြီးခဲ့တဲ့ နှစ် အနည်းငယ်မှာ ရင်ဆိုင်ရတဲ့ Migrant ပြသနာတွေ ကြောင့်ပေါ့နော် အခုလိုမျိုး လူများကြိုက် ဝါဒဖြစ်တာကျတော့ အဲလိုမျိုး လူတွေက မဲတွေ အများကြီး ရလာကြတာ လွှတ်တော် အမတ်တွေ အများကြီး ဖြစ်လာကြတယ်။ အာဏာတွေ ရလာကြတယ်ပေါ့။ ဆိုတော့ တဖက်မှာတော့ မြန်မာနိုင်ငံ အပေါ်မှာ ဟန်ဂေရီလို နိုင်ငံမျိုး အနေနဲ့ တစုံတရာ အားဖြင့် ဒီ ဥရောပ သမဂ္ဂကနေပြီးတော့ အရေးယူတဲ့ပုံစံမျိုးကို သူလည်း မကြိုက်ဘူး။ သူက ဥရောပ သမဂ္ဂရဲ့ အဖွဲ့ဝင်သာ ဖြစ်နေပေမယ့် အဲလိုမျိုး ဒီ ဒီမိုကရေစီတို့ ဘာတို့ ညာတို့ကို ဥရောပ ပုံစံအတိုင်း မြန်မာကို လှမ်းပြီးတော့ Export လုပ်နေတာမျိုးကို သူတို့က သဘောမကျဘူး။ ဒါကလည်းပဲ ပြောမယ်ဆိုလို့ ရှိရင် မြန်မာနဲ့ ပြောမယ်ဆိုရင် သည်းခြေကြိုက် သွားတူတာပေါ့နော်။ မြန်မာရဲ့ ပေါ်လစီနဲ့ လက်ရှိ ခံစားမှု ဖြစ်နေတဲ့ ပုံစံနဲ့ သည်းခြေကြိုက် သွားဖြစ်တော့ မိတ်ဆွေ ဖြစ်တာပေါ့။ မိတ်သဘော သွားဆောင်တာပေါ့နော်။ ”

ဟန်ဂေရီ ရင်ဆိုင်နေရတဲ့ အခြေအနေက တမျိုးဖြစ်ကြောင်း ကိုလင်းသန့်က အခုလို ပြောပါတယ်။

“ဒီ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စ ပြောမယ်ဆိုလို့ ရှိရင် ဒီ ဟန်ဂေရီတို့၊ ဒီ ဥရောပ နိုင်ငံတွေမှာ ဒီ ပြီးခဲ့တဲ့ နှစ်ပိုင်း နှစ် အနည်းငယ် အတွင်းမှာ အကြီးအကျယ် ရင်ဆိုင်ခဲ့ရတဲ့ ပြသနာပေါ့နော်။ ဒုက္ခသည် ပြသနာ၊ ရွှေ့ပြောင်း အခြေချလိုသူများရဲ့ အလုံးအရင်းနဲ့ ဝင်လာတဲ့ ပြသနာတွေ ဟန်ဂေရီ က တော်တော်လေး ထိသွားတယ်။ ထိသွားတော့ သူတို့မှာ ဒီ နိုင်ငံကလည်း သိပ်ပြီးတော့ ချမ်းသာတဲ့ နိုင်ငံ မဟုတ်တော့ အဲဒီမှာ ကုန်ကျစာရိတ်တွေ တော်တော် ကုန်သွားတယ်။ EU အဖွဲ့ ကတော့ သူတို့ကို တတ်နိုင်သမ ျှတော့ ကူညီထောက်ပံ့တာပေါ့။ ဒါပေမယ့် သူတို့ ဝန်ပိသွားတယ်လို့ ပြောလို့ ရတာပေါ့နော်။ ”

မအင်ကြင်းနိုင်။ ။ အဲတော့ နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကရော ဘယ်လောက်ထိ အကျိုးရှိမလဲရှင့်။

ကိုလင်းသန့်။ ။ အဲဒါကလည်းဘဲ တကယ်တန်းကျတော့လေ EU မှာ ဒါ ဒီ ကျနော့် အမြင်ကလေ နှစ်မျက်နှာ ပေါ်လစီလို့ သုံးလို့ ရတာပေါ့နော်။ EU မှာ ၂ မျက်နှာ ပေါ်လစီ။ တကယ်တန်း ဥရောပ နိုင်ငံတွေမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တော်တော်များများက ဥရောပ နိုင်ငံငယ်လေးတွေ ဖြစ်တဲ့ ချက်တို့ ဟန်ဂေရီတို့ မှာ ရှိတဲ့ ကုမ္ဗဏီကြီးတွေရဲ့ အများစု ရှယ်ယာတွေကို ပိုင်ဆိုင်ကြတာ။ အထူးသဖြင့် ဂျာမနီတို့ ပြင်သစ်တို့ပေါ့နော်။ ဒါကြောင့်မို့လို့ ဟန်ဂေရီကလည်းဘဲ တစုံတရာအားဖြင့် သူက တွန်းပြီးတော့ မြန်မာနဲ့ ဆက်ဆံရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ ကြိုးစားပါတယ်။ အဲဒီနောက်ကွယ်မှာ ဥရောပ အဖွဲ့ဝင် နိုင်ငံကြီးတွေ ဖြစ်တဲ့ ဂျာမနီ တို့ ပြင်သစ်တို့ရဲ့ ကုမ္ဗဏီကြီးတွေ ရှိနေကြတာဘဲလေ

နှစ်နိုင်ငံ အစိုးရခေါင်းဆောင်တွေ တွေ့ဆုံအပြီး ဟန်ဂေရီရဲ့နိုင်ငံခြားရေးနဲ့ကုန်သွယ်ရေး ဝန်ကြီးဖြစ်တဲ့ Peter Szijjarto နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာလည်းဟန်ဂေရီ ဘဏ်ဖြစ်တဲ့ Eximbank အနေနဲ့လည်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၄၆ သန်း တန်ဖိုးရှိတဲ့ ချေးငွေစာရင်းအကောင့်ကို ဖွင့်လှစ်ခဲ့ကြောင်းနဲ့ မကြာခင် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကော်မတီတရပ်ကို ပူးတွဲတည်ထောင်ဖို့ အတွက် ညှိုနှိုင်းဆွေးနွေးနေကြောင်း Szijjarto ကပြောပါတယ်။ ဒါအပြင် ဟန်ဂေရီမှာ ပညာသင်ဆုနဲ့မြန်မာကျောင်းသား ၃၀ ယောက်ကိုလည်း လက်ခံဖို့ ရှိတယ်လို့ သူကဆိုပါတယ်။

ဟန်ဂေရီနဲ့ မြန်မာ သံတမန် ဆက်ဆံရေး အရင်က နှစ်ပေါင်း အတော်ကြာအောင် ရှိခဲ့ပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းခဲ့တဲ့ အချိန် ရှိခဲ့တဲ့အတွက် အခုဆိုရင် ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် နှစ်နိုင်ငံလုံး သံဓိဌာန်ချခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG