သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်အနီး မြန်မာတပ်တွေ တိုးမြှင့်လှုပ်ရှားမှု အရေးယူဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီဥက္ကဌကို ဘင်္ဂလားဒေ့ရှ် စာပေးပို့


မှတ်တမ်း ဓါတ်ပုံ- ၂၀၁၈ မေလတုန်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးယူနေစဉ်
မှတ်တမ်း ဓါတ်ပုံ- ၂၀၁၈ မေလတုန်းက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးယူနေစဉ်

(Zawgyi/Unicode)

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာ စစ်တပ်တွေ တိုးမြှင့် ချထားမှုအပေါ်စိုးရိမ်ကြောင်း သတိပေးထားတဲ့ သံတမန်သတိထောက်လွှာ တစ်စောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌဆီကို ပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ပြောပါတယ်။

နယူးယောက်မြို့က ဘင်္ဂလားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးကနေ လုံခြုံရေးကောင်စီကို စက်တင်ဘာလ ၁၅ ရက်နေ့က ပေးပို့တဲ့စာမှာ စက်တင်ဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ အင်းဒင်ရွာ ကမ်းလွန်ဘက်မှာ ကျောက်ချထားတဲ့ မြန်မာ့ရေတပ် သင်္ဘောတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှု၊ စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာ တပ်ဖွဲ့ဝင် ၁၀၀၀ ဝန်းကျင် တပ်စွဲ ချထားမှုတွေထဲ တစ်ချို့ တပ်တွေတပ်စွဲမှုနဲ့ ဖြတ်သန်းသွားလာမှုက နှစ်နိုင်ငံ နယ်စပ်နဲ့ နီးကပ်နေမှု ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်တွေမှာ မောင်တောမြို့နယ်ထဲက နေရာတစ်ချို့မှာ မြန်မာ စစ်တပ်က နယ်မြေရှင်းလင်းရေး တွေ လုပ်ဆောင်ခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို ထိန်းသိမ်းတာကို သတင်းတွေ အရ သိရတယ် လို့လည်း သတိထောက်လွှာမှာ ထည့်သွင်း ရေးသားထားပါတယ်။

ပစ်ခတ်သံတွေနဲ့ ရှာဖွေရှင်းလင်းရေး လုပ်ဆောင်တဲ့အသံတွေကို ဘင်္ဂလားဒေ့ရှ်ဘက် Cox’s Bazar ကနေ ကြားရတယ်လို့လည်း ဒေသခံသတင်းတွေအရသိရကြောင်း၊ ဒီ ဖြစ်ရပ်တွေက ၂၀၁၇ ခုနှစ်က အရပ်သားတွေအကြား အဓမ္မ နယ်စပ် ဖြစ်ကျော် ရွှေ့ပြောင်း ခဲ့ရတဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ အလားသဏ္ဍာန်တူနိုင်ခြေရှိနေတာကို ဖော်ပြနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ်ရုံးရဲ့ စာမှာ ပါရှိပါတယ်။

အခု စစ်ဆင်ရေးတွေဟာ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ တိုက်ရိုက် ဆက်နွယ်နေတယ်လို့ မယူနိုင်ကြောင်း၊ စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေကို အကာအကွယ်မပေးရင် နောက်ထပ် အရပ်သားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အလုံးအရင်း နဲ့ ထပ်မံ ဝင်ရောက်လာနိုင်စေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုံခြုံရေးကောင်စီကို သတိပေးထားပါတယ်။

နယ်စပ်ဒေသမှာ မြန်မာစစ်တပ်က အင်အားအများအပြား ပြောင်းရွှေ့ လှုပ်ရှားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရတွေ အကြား နယ်စပ်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ကြိုးပမ်းမှုတွေကို အားနည်း ထိခိုက်စေနိုင်ကြောင်းလည်း အဲဒီ သတိထောက်လွှာမှာ ပါရှိကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေက ပြောပါတယ်။

အလားတူ ကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။

ထို့အတူပဲ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီး Mr. Manjurul Karim Khan Chowdhury ကို ခေါ်ယူတွေ့ဆုံပြီး နယ်စပ်ဒေသ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေ ရွှေ့ပြောင်းမှုက ပုံမှန် ရွှေ့ပြောင်းမှု ဖြစ်သလို မြန်မာ နိုင်ငံထဲမှာသာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် မရှိကြောင်း တုံ့ပြန်ပြောဆို ခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွေက ပြော ပါတယ်။


...............

(Unicode)









XS
SM
MD
LG