သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဖြေရှင်းရေး မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အချက် ၁၀ ချက် သဘောတူ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့် အစည်း အဝေး နှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ (MOI)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့် အစည်း အဝေး နှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ (MOI)

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားမှာ ဘင်္ဂလားဒေ့ရှ်ဖက်ရောက်နေသူတွေကို အမြန်ဆုံးပြန်ခေါ်ဖို့နဲ့ ရခိုင်ဒေသမှာ သူတို့ကို အမြန်ဆုံးပြန်လည်နေရာချထားဖို့ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြပါတယ်။ ၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးခုလိုသဘောတူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နားလည်မှုစာချွန်လွှာ ၂ ခုကိုလည်း လက်မှတ်ထိုး ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားတာပါ။

မြန်မာနိုင်ငံမှာရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် နဲ့ မြန်မာပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့ နှစ်နိုင်ငံ နယ်စပ်ဒေသကြားမှာ ရှိတဲ့ ကိစ္စများကို နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးမှုကနေ သဘောတူညီချက်တွေရခဲ့သလို နားလည်မှု စာချွန်လွှာ တွေ အသီးသီးလက်မှတ်ထိုးနိုင်ခဲ့ကြပါတယ်။

ဆွေးနွေးမှုမှာ မြန်မာဘက်က အချက် ၅ချက် အဓိကထားဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ အချက် ၃ချက်ကို အဓိကထားဆွေးနွေးတယ်လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အခုလိုပြောခဲ့တာပါ။

“နံပတ် ၁ ကတော့ ၂ နိုင်ငံ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်း ၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်ဖွင့်လစ်နိုင်ရေးတွေဖြစ်ပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ လူဝင်/လူထွက် စစ်ဆေးခြင်း ၊ နိုင်ငံသား စိစစ်လက်ခံရေး၊ မူးယစ်ဆေးဝါးတားဆီနှိမ်းနင်းရေး ကျနော်တို့ ဒါတွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းခြင်း ၊ လုံခြုံရေးအခန်းကဏ္ဍနဲ့ နယ်စပ်ဒေသတလျောက် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ နားလည်မှု မြင့်တင်ပေးခြင်း ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ချက်နဲ့ မူးယစ်ဆေးဝါး တရားမဝင် ကူးသန်းရောင်းဝယ် တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်သည့် မူခင်းများ တိုက်ဖျက်ရေးနဲ့ နယ်စပ်ဒေသတလျောက်တရားမဝင် လှုပ်ရှားမှုများ၊ နယ်စပ်ဆက်ဆံရေးရုံးများထူထောင်ခြင်း တွေကို ဆွေးနွေးခဲ့ပါတယ်။”

နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနလုံခြုံရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ်ဒေသ ဆက်ဆံရေးရုံးများ ထူထောင်နိုင်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်/လူထွက် စစ်ဆေးရေး၊ နိုင်ငံသား စိစစ်လက်ခံရေး၊ မူးယစ်ဆေးဝါး တားဆီနှိမ်းနင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံနိုင်ရေး စိစစ်မှုများ ပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည် လက်ခံနိုင်ရေးတို့ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူညီခဲ့တာနဲ့ပတ်သတ်လို့ ဦးတင်မြင့်က အခုလိုပြောခဲ့တာပါ။

“အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆိုင်ပြီး သဘောတူညီချက်လက်မှတ် ရေးထိုးဖို့ စဉ်းစားသုံးသပ်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ အမှတ်စဉ် ၇ ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှု ချက်ချင်းရပ်တန့်ရန် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအား စောနိုင်သမျှ အစောဆုံး ပြန်လည်နေရာချထားရေးအတွက်၊ ဒေသအတွင်း ပုံမှန်အခြေအနေပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ရန်ဖြစ်ပါသည်။”

ဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလာဒေရှ့်နိုင်ငံဖက် သြဂုတ် ၂၅ ရက်နေ့ နောက်ပိုင်း ထွက်ပြေးရောက်ရှိနေတဲ့ မွတ်ဆလင်တွေကို ပြန် လည် လက်ခံရေးဆိုင်ရာ ကိစ္စရပ်ပါဝင်ပေမယ့် ဒီအချက်ကတော့ နိုင်ငံတော်အဆင့်ဆက်လက်လုပ်ဆောင်မှာ ဖြစ် တာမို့ ဒီတခေါက်ဆွေးနွေးမှုကနေ အသေးစိတ်အဖြေမထွက်ခဲ့ပါဘူး။

ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးရောက်ရှိနေတဲ့ မွတ်ဆလင်တွေပြန်လည် လက်ခံရေးနဲ့ပတ်သတ်လို့ ဆွေးနွေးတာမှာ သူတို့အနေနဲ့ ဒီဘက်မှာနေထိုင်ခဲ့တာမှန်ကန်တယ်ဆိုရင် ပြန်ခေါ်မယ်ဆိုတဲ့ အချက်ကို အဓိကထားဆွေးနွေးတာဖြစ် တယ် လို့ နယ်စပ်ဖြတ်ကျော်မှုခင်းဌာန ကြီးမှုး ရဲမှုးချုပ် အောင်ဌေးမြင့်ကပြောပါတယ်။

“ဆွေးနွေးတဲ့ အဓိကအချက်က မြန်မာဘက်မှာ နေထိုင်ခံဖူးတဲ့ အထောက်အထားခိုင်လုံတဲ့လူတွေကို ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလာဒေ့ရှ်ဘက်ကို ရောက်ရှိနေတာတွေကို ဒီဘက်မှာ နေထိုင်ခဲ့တဲ့အထောက်အထားပါလာလို့ရှိရင် ပြန်ခေါ်တဲ့အနေအထား မြန်မာနိုင်ငံသား ဆိုပြီးတော့ ကျနော်တို့ ပြန်ခေါ်တာမဟုတ်ဘူး၊ ဒုက္ခသည် ဆိုတာ ပြန်ခေါ်တာမဟုတ်ဘူး၊ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ Process တွေကို မဆွေးနွေးသေးဘူး။ တချက်ပဲ ကျနော်တို့ အဲဒီမှာ ဆွေးနွေးတယ်ဆိုတာက နေရပ်ပြန်ရေးဆိုတာမြန်မာနိုင်ငံမှာ အခြေတကျနေထိုင်တဲ့သူများ ဒီအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလာဒေ့ရှ်ဘက်ကို ရောက်ရှိနေတာတွေကို ပြန်လည်စိစစ်ပြီး ကျနော်တို့ လက်ခံဖို့အစီအစဉ်ကို ဆွေးနွေးတာပဲ ဖြစ်ပါတယ်။ ကျနော်မှားမှာဆိုလို့ ပြန်ရှင်းတာဖြစ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အစ္စလမ်ဘာသာဝင် တွေကို ပြန် လည်လက်ခံရေး ပိုင်းက လက်ရှိချိန်မှာ အစိုးရဘက်ကတော့ ၁၉၉၃ ခုနှစ် သဘောတူညီချက်နဲ့သာလက်ခံ သွားမယ်လို့ ပြောထားပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကတော့ ၁၉၉၃ သဘောတူညီချက်ဟာ လက်တွေ့ကာလနဲ့ မကိုက်ညီတော့ ဘူးလို့ စောဒက တက်ထားတာ ရှိနေပါတယ်။ ခုချိန်ထိကတော့ ဒီအချက်နဲ့ပတ်သတ်ပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးတာမရှိတာမို့ ပြန် လည်ခေါ်ယူရေးကိစ္စကတော့ ဘယ်ချိန်ဖြစ်မလဲ မသိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆတ်ဒူ ဇာမန်ခန် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေ ဟာအောက်တိုဘာလ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာရှိနေမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG