သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ အမေရိကန်ကူညီဖို့ UNHCR ပန်ကြား


ဂျီနီဗာမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးကျင်းပတဲ့ နိုင်ငံတကာရန်ပုံငွေရှာဖွေရေးညီလာခံတွင် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ပြောကြား
ဂျီနီဗာမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည်အရေးကျင်းပတဲ့ နိုင်ငံတကာရန်ပုံငွေရှာဖွေရေးညီလာခံတွင် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ပြောကြား

ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ တိုက်ရိုက်ပတ်သက်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးအရှိန်အဝါသုံးပြီး ကြားဝင် ဆောင်ရွက်ပေးသင့်တယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။ ဝါရှင်တန်မြို့ အခြေစိုက် NPR – National Public Radio အသံလွင့်ဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တဲ့ အတွေ့ အကြုံ တွေကိုလည်း မစ္စတာ Grandi က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတ Donald Trump အစိုးရက အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်း အခြေချ နေထိုင်ခွင့်ပြုတဲ့ ဒုက္ခသည်အရေအတွက် လျော့ချလိုက်တာဟာ စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။ ဒုက္ခသည်တွေအပေါ် တင်းကြပ်တဲ့ စိစစ်မယ့်အစီအစဉ်တွေ ချမှတ်ပြီးရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို တိုးမြင့် လက်ခံလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ Grandi က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းနီးပါး ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာ အတိုင်းအတာ တခုအထိ တာဝန်ရှိပါသလားလို့ NPR သတင်းဌာနက မေးတဲ့အခါ မစ္စတာ Grandi အခုလို ဖြေကြားခဲ့ပါတယ်။

“အမေရိကန်ရဲ့ နိုင်ငံရေးအရှိန်အဝါသုံးပြီး ကြားဝင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီကိစ္စမှာ တိုက်ရိုက် ပတ်သက်နေကြတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား စေ့စပ် ညှိနှိုင်းရေး အစီအစဉ်မှာ ကြားဝင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ကျနော် လက်ရှိအစိုးရကို ပြောခဲ့ဘူးသလိုဘဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြားကိစ္စတွေမှာလို ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးစေလိုပါတယ်။”

ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ကပ်ဘေး ဆိုက်ရောက်နေတဲ့အတွက် ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုက ကူညီ ဆောင်ရွက်ပေးရေး စည်းရုံး ပြောဆိုဖို့ မဟာမင်းကြီး Grandi ဟာ ဝါရှင်တန် ဒီစီမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ သမ္မတ Trump အစိုးရက တာဝန်ရှိသူတွေ အပါအဝင် အမေရိကန် လွှတ်တော်အမတ်တွေနဲ့လည်း ဒုက္ခသည်တွေ အရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုက္ခသည်တွေရဲ့ ပြဿနာဟာ နိုင်ငံတကာက စုပေါင်း ဖြေရှင်းရမယ့် ကိစ္စရပ်ဖြစ်ကြောင်းလည်း မစ္စတာ Grandi က ပြောပါတယ်။

“ဒုက္ခသည်တွေအရေးဟာ နိုင်ငံတကာက စုပေါင်း ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်လို့ - ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာတမ်းရဲ့ နိဒါန်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ကျနော်တို့ အားလုံးက ဒီပြဿနာကို စုပေါင်း တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး လက်တွေ့ကျတဲ့သဘောနဲ့ ပြောရမယ်ဆိုရင် အရေးအကြီးဆုံး အချက်ဟာ အရင်းအမြစ်ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ အကူအညီ၊ အထောက်အပံ့တွေကို အလျင်မြန်ဆုံးနဲ့ အသိသာဆုံး ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အဲဒီ အတိုင်းအတာနဲ့ ဆက်လက် ကူညီ ထောက်ပံ့ပေးနေလိမ့်မယ်လို့ ကျနော် မျှောင်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ အကူအညီတွေကို ကာလ အတော်ကြာကြာ လိုနေဦးမှာ ဖြစ်ပါတယ်။”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ္စတာ Grandi ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းတုန်းကဘဲ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့တာမှာ သူ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလည်း NPR သတင်းဌာနကို အခုလို ဆက်လက် ပြောကြားခဲ့ပါတယ်။

“ဒီဒုက္ခသည်တွေဟာ ရုပ်ဝတ္ထုပစ္စည်း၊ နေစရာအိမ်၊ ဆေးဝါး၊ အစားအသောက် စတဲ့ အကူအညီပေါင်းစုံ လိုအပ်ချက်တွေနဲ့ ရောက်လာကြတာပါ။ ဒါ့အပြင် သူတို့အနေနဲ့ ပိုမို နက်ရှိုင်းတဲ့ အကူအညီတွေလည်း လိုအပ်နေပါတယ်။ သူတို့တွေဟာ တခါမှ မကြုံဘူးတဲ့ စိတ်ဒဏ်ရာတွေကို ခံစားခဲ့ကြရပါတယ်။ စစ်သားတွေက မတရားပြုကျင့်မှာကို လက်မခံတဲ့အတွက် ရိုက်နှက်ခံခဲ့ရသူတွေ၊ ကိုယ့်မျက်စိရှေ့မှာ မိဘတွေ အသတ်ခံခဲ့ရတဲ့ ကလေးငယ်တွေကို ကျနော် တွေ့ခဲ့ရပါတယ်။ အဲဒီ စိတ်ဒဏ်ရာတွေဟာ ဒီပဋိပက္ခရဲ့ ကာလ အရှည်ကြာဆုံး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပါလိမ့်မယ်။”

နိုင်ငံတကာကို ပေးနေတဲ့ အကူအညီ၊ အထောက်ပံ့တွေ သိသိသာသာ လျော့ချမယ့်အကြောင်း သမ္မတ Trump အစိုးရဘက်က ပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် ဒုက္ခသည်တွေ အရေးမှာ အမေရိကန်က ဦးဆောင်မှုအခန်းကနေ ဆက်ရှိမနေတော့မယ် ကိစ္စအပေါ် သူ့အနေနဲ့ အထူး စိုးရိမ် ပူပန်ကြောင်း မစ္စတာ Grandi က ပြောပါတယ်။

ဒါပေမယ့် ပါတီကြီး ၂ ခုစလုံးက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အမေရိကန်က နိုင်ငံခြား အကူအညီတွေ ပေးရေးအစီအစဉ်ကို ထောက်ခံကြောင်း ပြောဆိုမှုတွေ အများအပြား ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ နယ်စပ် ဒေသမှာရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်ကို ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးနဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ၃ ရက်ကြာ နေထိုင်ပြီး ပြည်ထဲရေးဝန်ကြီးနဲ့ ဝန်ကြီးအဆင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုးတာ အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG