သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေသက်သာခွင့်ရှိရေး နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် ပန်ကြား


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဆက်ပြီး ပြင်းပြင်းထန်ထန်ဖြစ်နေကြောင်းနဲ့ ကုလသမဂ္ဂဘက်က အဲဒီဒေသကို သွားရောက် ကူညီခွင့် တားဆီးခံထားရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ထိပ်တန်းခေါင်းဆောင်တွေက မနေ့ တနင်္လာနေ့က ကျင်းပတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးဆိုင်ရာ နိုင်ငံတကာရန်ပုံငွေ ရှာဖွေရေးညီလာခံမှာ ပြောကြားခဲ့ကြပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဘက်က ညီလာခံအတွင်း သဘောထားတုံ့ပြန် ဆွေးနွေးပြော ဆိုခြင်းမရှိပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ နောက်ဆုံးရလာဒ်အဖြစ် ဒုက္ခသည်တွေအားလုံး နေရပ်ရင်းပြန်နိုင်ရေး မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကြီးမားဆုံး အကျပ်အတည်းဖြစ်လာတဲ့ လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Mark Lowcock က ညီလာခံအတွင်း အခုလိုပြောကြားသွားပါတယ်။

"ဒီအခြေအနေဟာ ဆယ်စုနှစ်ပေါင်းများစွာ သံသရာလည်ပတ်နေတဲ့ ညှမ်းပမ်းနှိပ်စက်မှု၊ အကြမ်းဖက်မှုနဲ့ နေရပ်ရင်းက အတင်းအဓမ္မ မောင်းထုတ်ခံရမှုစတာတွေရဲ့ နောက်ဆုံး ဖြစ်ရပ်ပါ။ ကျနော်တို့ အဲဒီဒေသကို သွားရောက်ကူညီခွင့် ပြင်းပြင်းထန်ထန် တားဆီးခံထားရဆဲဖြစ်ပြီး၊ လိုအပ်နေသူတွေဆီ အထောက်အပံံ့တွေရောက်ဖို့ အကြီးအကျယ်ထိခိုက်စေပါတယ်။ ဒါကို မဖြစ်မနေဖြေရှင်းဖို့ လိုအပ်ပြီး အခု လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ အရေးကြီးတယ်ဆိုတာ ကျနော်နားလည်ပါတယ်။"

အလားတူ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာရွှေ့ပြောင်း အခြေချနေထိုင်သူ များ အကူအညီပေးရေးအဖွဲ့ IOM ညွှန်ချုပ် William Lacy Swing ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ အတွက် အသက်ကယ်ဆယ်ရေး အထောက်အပံ့တွေ ပံ့ပိုးဖို့ ဆောင်ရွက်နေချိန်မှာပဲ အကျပ်အတည်းဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းကို ဖြေရှင်းဖို့ လိုအပ်ကြောင်း အခုလိုပြောသွားပါတယ်။

" မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆယ်စုနှစ်နဲ့ချီကြာမြင့်လာတဲ့ အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အဖြေရှာရေး ပံပိုးကူညီဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို ကျနော်တို့ တိုက်တွန်းပါတယ်။ ဒါအပြင် ကမ္ဘာမှာ ဒေသခံတွေအပေါ် ဖိနှိပ်ညှမ်းပန်းမှုအခံရဆုံးနေရာတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့ အခြေအနေမျိုးဖြစ်အောင် မြန်မာအာဏာပိုင်တွေ ဖန်တီးပေးဖို့ အခိုင်အမာတောင်းဆိုပါတယ်။"

ရိုဟင်ဂျာဒုက္ခသည်အရေးဆိုင်ရာ နိုင်ငံတကာရံပုံငွေ ရှာဖွေရေးညီလာခံကို ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်ကြတဲ့ OCHA၊ UNHCR နဲ့ IOM တို့နဲ့အတူ ဥရောပသမဂ္ဂနဲ့ ကူဝိတ်နိုင်ငံတို့ ဦးစီးကျင်းပခဲ့ကြတာဖြစ်ပါတယ်။လိုအပ်နေတဲ့ ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၃၄ အတွက် ညီလာခံမှာ နိုင်ငံပေါင်း ၃၅ နိုင်ငံကနေ ဒေါ်လာ ၃၄၄ သန်း ကျော်အထိ လှုဒါန်းမယ်လို့ ကတိပြုခဲ့ကြပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့ကတော့ ညီလာခံကို တက်ရောက်ခဲ့ပေမယ့် သဘောထား တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးဟာ အဓိက ဖြေရှင်းရမယ့်နည်းလမ်းဖြစ်ပြီး ဒီအတွက် မြန်မာအစိုးရဘက်က ကတိပေးထားတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖေါ်ဖို့ အလွန်အရေးကြီးကြောင်း ကုလသမဂ္ဂ ဂျီနီဗာ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Shameem Ahsan က ညီလာခံ အပိတ် မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

"မကြာသေးခင်ကပဲမြန်မာအစိုးရက သူတို့ပေးထားတဲ့ ကတိကို အကောင်အထည်ဖေါ်ဖို့နဲ့ သူတို့ နိုင်ငံသားတွေ မြန်မာဘက်ခြမ်းက နေရပ်ရင်းကို လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ဆန္ဒအလျောက် ပြန်အောင်ဆောင်ရွက်ပေးဖို့ သိပ်ပြီး အရေးကြီးပါတယ်။အခုလို ဒုက္ခသည်တွေအားလုံး နောက်ဆုံးမှာ ပြန်နိုင်မယ့်အခြေအနေကို ဘင်္ဂလားဒေ့ရှ်အစိုးရက မျှော်လင့်နေပြီး ဒီအတွက်လည်း မိတ်ဖက်နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဆက်ပြီးရှိနေတာကြောင့် နေ့စဉ် လူပေါင်း ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာနေကြောင်း အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

"ဒီကနေ့မနက်ပိုင်း အစည်းအဝေးမှာအခြားကိုယ်စားလှယ်တွေနဲ့အတူ WHO နဲ့ ကုလသမဂ္ဂ အမျိုးသမီး အဖွဲ့ စတာတွေရဲ့ ထုတ်ဖေါ် ပြောကြားချက်တွေအရ အကြမ်းဖက်မှုတွေဟာ ရပ်တန့်မသွားသေးဘူးဆိုတာ ထင်ရှားပါတယ်။ အကျိုးဆက်အနေနဲ့ အခုလို အရေးပေါ်အခြေအနေတွေအဖြစ် ပိုပြီး ဆိုးရွားလာစေပြီး အချိန်တွေလည်း ပိုပြီးကြာမြင့်စေပါတယ်။အခြားတဖက်မှာလည်း သတင်းရယူခွင့် ကန့်သတ်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံဘက်အခြမ်းက ရိုဟင်ဂျာတွေအပေါ် ဆက်ပြီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သတင်းရယူမှုကို ထိခိုက်စေပါတယ်။"

နိုင်ငံတကာအသိုင်းအဝိုင်းဘက်က အပြည့်အ၀ ပါဝင်ကူညီဆောင်ရွက်ပေးမှသာ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရက ယုံကြည်ထားကြောင်း သံအမတ်ကြီးဆိုပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကို အကန့်အသတ်မရှိ ဘင်္ဂလားဒေ့ရှ်အစိုးရက ဝင်ခွင့်ပေးထားပြီး ၂၀၁၃ ခုနှစ်ကတည်းက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သံအမတ်ကြီးက ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG