သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာကုန်သည်တွေရဲ့ တရုတ်ဘဏ်စာရင်းတချို့ ပြန်လည်ဖွင့်လှစ်


Ruili နယ်စပ်ဂိတ်

မူဆယ် ကုန်သည်ကြီးများ အသင်းရဲ့ ပန့်ကြားချက်အရ မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ညှိနှိုင်းခဲ့တဲ့နောက်မှာ ပိတ်ပင်ခံထားရတဲ့ မြန်မာကုန်သည်တွေရဲ့ တရုတ်ဘဏ်စာရင်းတချို့ကို ဒီရက်ပိုင်းမှာ ပြန်ဖွင့်ပေးတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ တချို့ ဘဏ်စာရင်းတွေကို ဆက်လက် ပိတ်ပင်ထားဆဲရှိတာကြောင့် တရုတ်ပြည်က ကုန်ပစ္စည်းတင်သွင်းဖို့ အခက်အခဲရှိနေကြောင်းလည်း ကုန်သွယ်ဒိုင်တွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တရုတ်မြန်မာနယ်စပ်ဒေသက ရာနဲ့ ချီတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းကို ပြီးခဲ့တဲ့ မတ်လလောက်က စတင်ပြီး တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့တာပါ။

ဒီလိုပိတ်ပင်ပြီးနောက်မှာ မူဆယ်ကုန်သည်ကြီးများအသင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို အသိပေးအကြောင်းကြားခဲ့သလို နှစ်ဘက်အစိုးရအကြား ညှိနှိုင်းတာတွေ လုပ်ဆောင်ထားကြောင်း မူဆယ်ကုန်သည်ကြီးများအသင်းရဲ့ အတွင်းရေးမှုး ဦးထွန်းဦးက ပြောပါတယ်။

“ ကျနော်တို့ အသင်းကနေပြီးတော့ ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနပေါ့။ ၀န်ကြီးဆီကိုလည်း ကူညီ ညှိနှိုင်းဆောင်ရွက်ပေးဖို့ လှမ်းပြီးတော့ တင်ပြတာတွေ ရှိပါတယ်။ ကျနော်တို့အသင်းမှာလည်း နာယကတွေ ရှိတယ်လေ။ နာယကဆိုတာလည်း စီးပွားကူးသန်းက ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ချုပ်တို့၊ စားသုံးမှုရေးရာက ညွှန်ချုပ်တို့၊ ကုန်သွယ်မှုမြှင့်တင်ရေးက ညွှန်ချုပ်တို့၊ နောက် ခရိုင်အုပ်ချုပ်ရေးမှုးတို့ ပါတယ်လေ။ နောက် ရှမ်းပြည်နယ် စီမံစီးပွားဝန်ကြီးတို့ပါတယ်လေ။ သူတို့ဆီကိုလည်း စာလေးတွေ ပို့ပြီး ဖြစ်စဉ်လေးတွေကို တင်ပြတယ်။ သူတို့ ရန်ကုန်မှာရှိတဲ့ တရုတ် သံရုံးက တာဝန်ရှိတဲ့လူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ညှိနှိုင်းပေးပါတယ်။ ဒီကူမင်းကုန်စည်ပြပွဲမှာလည်း အဲဒီကိစ္စလေးနဲ့ပတ်သက်ပြီးပြောခဲ့တော့ ဟိုဘက်က နောက်ပိုင်းမှာ ဒါလေးတွေကို သတိပြုစရာအဖြစ် ထားပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ပြောကြားလာပါတယ်။ ”

လောလောဆည်မှာ ကုန်သည်ကြီးများ အသင်းဝင်တွေရဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးတာရှိနေပြီး ကျန် ပုဂ္ဂလိက ဆောင်ရွက်ထားသူတွေရဲ့ အခြေအနေတွေကိုတော့ စာရင်းမရှိတာကြောင့် မသိကြောင်း ပြောပါတယ်။

မူဆယ်မြို့က ဒေသခံ သတင်းထောက် တဦးဖြစ်တဲ့ ဆရာမောင်(မူဆယ်) ကလည်း ဒီရက်ပိုင်းအတွင်း ဘဏ်စာရင်း ပြန်ဖွင့်တာတွေ ရှိကြောင်း ပြောပါတယ်။

“ ဒီရက်ပိုင်းအတွင်း ပိတ်ထားတဲ့ဟာတွေကို ပြန်ဖွင့်ပေးတာတွေရှိတယ်။ သူတို့စိစစ် စိစစ်ပြီး ပြန်ဖွင့် ပေးတာရှိတယ်။ ဘယ်နှစ်ယောက်လည်း ဆိုတာ ဘယ်သူမှ မသိဘူး။ အခုလောလောဆည်တော့ အဲဒီဘက်မှာ ရှိနေတဲ့သူတွေဆီက သတင်းထောက်လှမ်းမှုအရ ဘယ်သူတွေ ဟိုဟာလုပ်သလဲဆိုတော့ စီစစ်ဆဲကာလပဲ ရှိတယ်။ စိစစ်ပြီးတော့မှ တချို့ ဖွင့်ပေးသင့်သူတွေကို ဖွင့်ပေးတယ်။ ”

တရုတ်နိုင်ငံဖက်က ၂၀၁၄နဲ့ ၂၀၁၇ခုနှစ်တွေအတွင်းမှာလည်း ဘဏ်စာရင်းတွေ ပိတ်တာတွေ လုပ်ဆောင်ခဲ့ဘူးပါတယ်။ ဘဏ်စာရင်းပိတ်တဲ့ အကြောင်းရင်းကို ဆက်ပြောတာက -

“ သူတို့က အကြောင်းဆက်နွယ်မှုပြတာကတော့ လောင်းကစားနဲ့ မူးယစ်ဆေးကို အဓိက ပြတယ်။ ဒီတခေါက်ကကျတော့ ဘာတခုပိုသွားလည်းဆို တရားမ၀င်တင်သွင်းတဲ့ ကျောက်တွေ ရောင်းဝယ်မှုဆိုပြီး ဒီတခါက ပါတယ်။ အများဆုံး ပိတ်သိမ်းတဲ့ဘဏ်ကကျ လုံဟန်ဘဏ်၊ ဒုတိယအများဆုံးကကျ စိုက်ပျိုးရေးဘဏ် Agriculture Bank ၊ နောက်တခုကကျတော့ ပြည်သူ့ပါတီရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်ထားတဲ့ ဘဏ်ကလည်း account တချို့ကို ပိတ်သိမ်းခြင်း ခံရတယ်။ ”

ရွှေနဂါးကုန်စည်ဒိုင်ပိုင်ရှင် ဦးကျော်ဇေယျကတော့ တချို့ကုန်သည်တွေဟာ ဘဏ်စာရင်း ပြန်ဖွင့်မရသေးတာကြောင့် တရုတ်ဖက်က ကုန်တင်သွင်းဖို့ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“ ကျနော်သိသလောက်တော့ ဒီကနေ့ထိ မဖွင့်သေးဘူး။ ကျနော့်ကုန်သည်တွေတော့ အခုထိ ကုန်တင်လို့ မရသေးဘူး။ ငွေမတင်နိုင်တဲ့အတွက် ကုန်စည်စီးဆင်းမှုက ခက်သွားတယ်လေ။ အခုကတော့ တရုတ်ကတော့ အများအားဖြင့် လက်ငင်းရောင်းတဲ့ပုံစံမျိုးဖြစ်သွားတယ်လေ။ ငွေမတင်သွင်းနိုင်ရင် ပစ္စည်းမချဘူးလေ။ ပစ္စည်းမချတော့ ကျနော်တို့ဒီမှာ တချို့ ဂိတ်တွေဆို လုပ်ငန်းလည်ပတ်မှု့ ရပ်သွားတာတွေ ရှိတယ်လေ။”

မူဆယ်မြို့က ကုန်သည်အသိုင်းအ၀ိုင်းအကြားမှာတော့ ဘဏ်စာရင်း အပိတ်ခံထားရတဲ့အထဲမှာ ဆန်စပါး၊ ကြံ၊သကြား ကုန်သည်တွေအများစုပါဝင်ကြောင်းနဲ့ တရုတ်နိုင်ငံဖက်က ဒီစိုက်ပျိုးရေးထွက်ကုန်တွေကို တရားဝင်တင်သွင်းခွင့် မပြုထားကြောင်းပြောပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ တရားဝင်တင်ပို့ဖို့အတွက်လည်း ညှိနှိုင်းနေဆဲရှိနေပါတယ်။

၂၀၁၇ခုနှစ် ဇွန်လအတွင်းကတော့ လောင်းကစား၊ ငွေကြေးခ၀ါချမှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ဆက်စပ်မှု စတာတွေကို အကြောင်းပြပြီး မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၃၄၀ကျော်နဲ့ တရုတ် နိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၈၀၀ကျော်လောက် ပိတ်ခဲ့ဖူးပါတယ်။ နှစ်နိုင်ငံအာဏာပိုင်တွေ ညှိနှိုင်းပြီးတပတ်အကြားမှာတော့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၂၉၀လောက်ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG