(Zawgyi/Unicode)
တရုတ်သမ္မတ Xi Jinping ဟာ မကြာခင်မှာ မြန်မာပြည်ကို လာရောက်မှာဖြစ်ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။ တရုတ်သမ္မတခရီးစဉ်မှာ စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကိုလာရောက်မယ့်သတင်းဟာ ပြီးခဲ့တဲ့ရက်အတော်ကြာထဲက ထွက်ပေါ်နေတာဖြစ်ပြီး ဒီကနေ့မှာမှ အစိုးရတာဝန်ရှိသူတစ်ဦးက တရားဝင်အတည်ပြုပြောကြားလိုက်တာပါ။
တရုတ်သမ္မတရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အခုလို အတည်ပြုပြောကြားပါတယ်။
“ တရုတ်သမ္မတကြီးနဲ့ အဖွဲ့ ဒီမှာရောက်မယ်ပေါ့။ လူကြီးတွေရောက်ရင်တော့ အပြန်အလှန် နားလည်စာချုပ်ကတော့ ထိုးကြတာပေါ့လေ။ သူကြေညာပါလိမ့်မယ် စီးပွားရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်တာတွေ ဒီပြင် လုပ်ငန်းအပြန်အလှန်လုပ်တာတွေ၊ ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြှုပ်နှံတဲ့ စာချုပ်တွေ ထိုးကြမှာပေါ့နော် လူကြီးတွေကတော့။ အားလုံးကတော့ ကောင်းတဲ့အရာတွေ ပါပဲ။ တရုတ်ဘက်ကလည်း အန်ကယ်တို့ ကုန်စည်တွေ ဝယ်တဲ့အခါမှာ သူတို့ရဲ့ အထွေထွေ ကန့်သတ်ချက်ထားတာတွေ ဖြေလျော့တာတွေ ရှိပါတယ်။ ဒါကတော့ ကုန်သွယ်ရေးကတော့ တိုးတက်လာမယ့် အလားအလာရှိပါတယ်။"
တရုတ်သမ္မတဘယ်နေ့ ဘယ်ရက်မှာ ရောက်ရှိမယ်ဆိုတာ ထုတ်ဖော်မပြောဆိုပေမဲ့ ဒီလ ၁၇ရက်နေ့မှာ လာရောက်ပြီး တစ်ညအိပ်ခရီးစဉ်သာဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တရုတ်သမ္မတ ခရီးစဉ်နဲ့ဟာ One Belt One Road ခေါ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်း အပါအဝင် ပင်လယ်ထွက်ပေါက်ရရှိရေးအတွက် ရည်ရွယ်တာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။
“ ကျနော်တို့ ယေဘုယျပြောမယ်ဆိုရင် တရုတ်ပြန်ရဲ့ တောင်ဘက်နဲ့ တရုတ်ပြည်ရဲ့အနောက်ပိုင်းပြည်နယ် တွေအတွက် ပင်လယ်ထွက်ပေါက်အတွက် ဗမာပြည်ကို သူတို့ လျာထားထားတယ်။ သူတို့အတွက်က OBOR တို့ ဘာတို့ညာတို့ နည်းမျိုးစုံ အသုံးပြုပြီးပြောတာပေါ့နော်။ တောင်ပိုင်းနဲ့အနောက်ပိုင်းပြည်နယ်တွေရဲ့ ပင်လယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးတော့ ရယူဖို့ ကြိုးစားနေတာပါပဲ။ ကျနော်တို့ဘက်က ဘာအကျိုးရှိအောင်လုပ်နိုင်မလဲဆိုတာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အစိုးရခေါင်းဆောင်ပိုင်းနဲ့ ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ”
သမ္မတ Xi Jinpingရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုံလို စီးပွားရေးစာချုပ်တွေကို လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။
“ ပထမတစ်ခုကတော့ ကျောက်ဖြူ SEZ နဲ့ပတ်သက်လို့ ဒုတိယအဆင့် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒုတိယတစ်ခုအနေနဲ့က နယ်စပ်စီးပွားရေးကုန်သွယ်ရေးဇုံတွေပေါ့ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မူဆယ်၊ ချင်းရွှေဟော် စတဲ့ နယ်စပ်စီးပွားရေးကုန်သွယ်ရေးဇုံတွေနဲ့ပတ်သက်တဲ့ ယေဘူယျသဘောတူညီချက် လက်မှတ်ထိုးဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ”
အချို့ တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာသုံးသပ်သူတွေကတော့ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ထက် မြန်မာနိုင်ငံဟာ ICJ လို နိုင်ငံတကာရဲ့ ဖိအားတွေ ရင်ဆိုင်နေရချိန်မှာ လာရောက်အားပေးတဲ့ သဘောဖြစ်နိုင်ကြောင်းသုံးသပ်တာတွေ ရှိပါတယ်။
တရုတ်သမ္မတ Xi Jinpingဟာ ၂၀၀၉ခုနှစ် သူ ဒု သမ္မတ တာဝန်ထမ်းဆောင်စဉ်ကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး မြစ်ဆုံစီမံကိန်းကို အဓိက လက်မှတ်ရေးထိုးခဲ့တဲ့ တရုတ်ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ တရုတ်သမ္မတတစ်ဦးအနေနဲ့ နှစ်ပေါင်း၂၀အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
.......................
တရုတျသမ်မတခရီးစဉျ နှဈဖကျဘာတှအေကြိုးဖွဈမလဲ
(Unicode)