(Zawgyi/Unicode)
တရုတ်နိုင်ငံမှာ ဒီမိုကရေစီရေးအတွက် တိတ်တဆိတ်စုဝေးပွဲတွေမှာ ပါဝင်ခဲ့သူ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူ တဒါဇင်ကျော် ဟာ ၂၀၁၉ ခု နှစ်ကုန်ပိုင်း ရက်တွေမှာ ဖမ်းဆီးခံရ ဒါမှမဟုတ် ပျောက်ဆုံးနေကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ သမ္မတ Xi Jinping အာဏာရပြီးနောက်ပိုင်း တရုတ်အစိုးရက နိုင်ငံသားလွတ်လပ်ခွင့်ကို အပြင်းအထန် ဖိနှိပ်လာတာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေတွေနဲ့ မာ့က်စ်ဝါဒီ ကျောင်းသားတွေကိုလည်း နည်းမျိုးစုံနဲ့ ဖယ်ရှားခဲ့ပါတယ်။ အခု နောက်ဆုံး နှိမ်နှင်းမှုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက Fujian ပြည်နယ် Xiamen မြို့မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စုဝေးခဲ့တုန်းကဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့််ရေးအဖွဲ့ သုတေသီ Wang Yaqiu က ပြောပါတယ်။
တရုတ်အစိုးရက သူတို့နဲ့ သဘောထားကွဲလွဲသူ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ အတိုက်အခံတွေကို အစဉ်အလာအရ နိုင်ငံတကာမီဒီယာတွေ အာရုံစိုက်မှု လျော့နည်းလေ့ရှိတဲ့ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူးကာလကို ရွေးပြီး ပြစ်ဒဏ်ချမှတ်လေ့ ရှိတယ်လို့လည်း သုတေသီ Wang က ပြောပါတယ်။
Beijing မြို့ က တက်ကြွလှုပ်ရှားသူ ရှေ့နေ Ding Jiaxi ဟာလည်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရပြီး အဂတိလိုက်စားတဲ့ အာဏာပိုင်တွေကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့အတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့က ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ တရုတ် လူ့အခွင့်အရေး ကာကွယ်သူတွေက ပြောပါတယ်။ အလားတူ Shandong မြို့က ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ရှေ့နေ အနည်းဆုံး ၇ ဦးကိုလည်း စုံစမ်းမေးမြန်းဖို့ ဖမ်းဆီး ထိန်းသိမ်းပြီးနောက်မှ ပြန်လွှတ်ပေးလိုက်တာပါ။
နောက်ထပ် ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ Xu Zhiyong နဲ့ လူ့အခွင့်အရေးရှေ့နေ Tang Jingling တို့ဟာလည်း ပျောက်ဆုံးနေပြီး ဘယ်မှာရှိမှန်း ခြေရာခံလိုက်လို့မရဖြစ်နေတယ်လို့ တရုတ် လူ့အခွင့်အရေး ကာကွယ်ရေးအဖွဲ့ (CHRD) က ပြောပါတယ်။
အခုနောက်ဆုံး နှိမ်နှင်းခဲ့တဲ့ ဒီဇင်ဘာလ စုဝေးပွဲက လူနည်းစု ဆွေးနွေးပွဲသာဖြစ်ပြီး တရုတ်အစိုးရက ဒီလို သီးသန့်လူနည်းစု စုဝေးတာတောင်မှ သည်းမခံဘူးဆိုတာ ပြလိုက်တာပဲလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) သုတေသီ Patrick Poon ကပြောပါတယ်။
...................
(Unicode)