သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မှာ COVID-19 ကူးစက်ခံ မြန်မာ-အမေရိကန်တချို့ သေဆုံး


နယူးယောက်တွင် COVID-19 မကူးစက်နိုင်ရေး ကာကွယ်ရေးဝတ်စုံ ဝတ်ဆင် ဈေးဝယ်ထွက်သည့် အမျိုးသမီးတဦး။ (ဧပြီ ၂၀၊ ၂၀၂၀)
နယူးယောက်တွင် COVID-19 မကူးစက်နိုင်ရေး ကာကွယ်ရေးဝတ်စုံ ဝတ်ဆင် ဈေးဝယ်ထွက်သည့် အမျိုးသမီးတဦး။ (ဧပြီ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအများဆုံးနဲ့ သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ နယူးယောက်မြို့မှာ COVID-19 ကူးစက်ပြီး သေဆုံးသွားတဲ့ မြန်မာလူမျိုး အနည်းဆုံး ၁၇ ဦး ရှိနေပြီလို့ နယူးယောက် မြန်မာအသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နယူးယောက်ပြည်နယ်ထဲက မြို့ပေါင်း ၆၀ ကျော်ရှိတဲ့အထဲ စီးပွားရေးအချက်အချာကျတဲ့ နယူးယောက်မြို့မှာတော့ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြိုးစားလုပ်ဆောင်နေတဲ့ကြားကပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက အခုထိ သိသိသာသာ လျော့ကျသွားတာမျိုး မရှိသေးသလို သောကြာနေ့ တရက်တည်းမှာတင် သေဆုံးသူပေါင်း ၄၄၀ နီးပါး ရှိခဲ့တာပါ။

နယူးယောက်မြို့က သေဆုံးသွားသူတွေထဲမှာ မြန်မာလူမျိုးတွေလည်း ပါဝင်ပြီး အခုချိန်ထိ အနည်းဆုံး ၁၇ ဦး ရှိသွားပြီလို့ ရောဂါကူးစက်နေသူတွေကို လူမှုကူညီရေး လုပ်ဆောင်နေတဲ့ မထူးထူးက ပြောပါတယ်။

“နယူးယောက်မှာမှ Elmhurst မှာနေတဲ့လူတွေ၊ အဲဒီမှာ ဆေးရုံတက်တဲ့လူတွေက အများဆုံးဖြစ်နေတယ်။ မြန်မာတွေထဲမှာဆိုလည်း အဲဒီမှာနေတဲ့လူတွေက အများဆုံးဖြစ်ပြီး သေဆုံးတာလည်း အဲဒီနားကလူတွေပဲ အများဆုံး ဖြစ်နေပါတယ်။ တနေ့က သတင်းထဲမှာ တွေ့လိုက်ရတာတော့ ၁၇ ယောက်လောက်ရှိမယ်။ ဒါပေမယ့် မြန်မာအသိုင်းအဝိုင်းကလည်း တတ်နိုင်သလောက် အကုန်လုံး ဝိုင်းပြီး ကူညီပေးနေပါတယ်။”

နယူးယောက်မြို့က သေဆုံးသူ မြန်မာအများစုဟာ Queens County မှာရှိတဲ့ Elmhurst အရပ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး လူနေထူထပ်တဲ့ နေရာလည်း ဖြစ်တာကြောင့် ကူးစက်မှုနှုန်း ပိုများနေရတာ ဖြစ်တယ်လို့ နယူးယောက်မြို့က COVID-19 ကူးစက်ရောဂါ ကုသရေး ဆရာဝန် ဒေါက်တာ ဇေယျာသက်က ပြောပါတယ်။

“ကျနော်သိတဲ့ အပိုင်းကဆို ၅ ယောက်လောက်ရှိပါပြီ ဆုံးပါးသွားတာ။ အကုန်လုံးကတော့ Elmhust လို့ခေါ်တဲ့ ရပ်ကွက်အပိုင်းက။ အဲဒီနေရာကလည်း လူဦးရေ အရမ်းထူထပ်တယ်၊ လူမျိုးပေါင်းစုံ နေကြတယ်။ မြန်မာတွေတင် မကဘူး၊ ဥရောပတိုက်သား အနည်းအကျဉ်း ရှိသလို Latin America ကလူတွေလည်း အများစုနေပါတယ်။ နောက် ဘင်္ဂလားဒေ့ရှ်တို့ နီပေါတို့ အဲဒီကလူတွေလည်း ပေါင်းပြီးတော့ နေကြတယ်။ ဆိုတော့ Elmhust အရပ်က လူဦးရေ အရမ်းထူထပ်တယ်။ နောက်တခုက အိမ်တအိမ်မှာ မြန်မာအများစုနေတဲ့ Building တခုရှိတယ်၊ အဲဒီ Building မှာ ကျနော်သိသလောက် အယောက် ၂၀ လောက် ကူးကြတယ်လို့ ပြောတယ်။”

နယူးယောက်က သေဆုံးသွားတဲ့ မြန်မာတွေထဲက တချို့ဟာ နောက်ဆုံးအချိန်ရောက်မှ ဆေးရုံကိုရောက်သွားတဲ့ အဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ်လို့ COVID-19 နဲ့ သေဆုံးသွားတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးရဲ့ မိတ်ဆွေ မစန္ဒာက ပြောပါတယ်။

“သူက COVID နဲ့ ဆုံးသွားတာ။ ဒီမှာက မြေအောက်ရထား စီးနေရတော့ Public Transportation က ကူးနိုင်ခြေ အများဆုံးပေါ့။ အိမ်မှာပဲ နေမကောင်းတာ တပတ်လောက်တော့ ရှိပြီတဲ့၊ အဖျားတွေတက် ချောင်းတွေဆိုးပေါ့။ စစ်ကြည့်လိုက်တော့ COVID ဆိုတော့ ဆရာဝန်က Malaria ဆေး ထပ်ပေးတော့ အဲဒါသောက်ပြီး နှစ်ရက်မှာ အသက်ရှူကျပ်ပြီးတော့ ဖြစ်သွားတာ။ သူက Elmhust မှာနေတော့ 911 ခေါ်ရင် သူတို့က အနီးဆုံးဆေးရုံ Elmhust ကို ပို့ပေးလိုက်တာပေါ့။ ဒါပေမယ့်လည်း ရောက်တဲ့အချိန်က တော်တော်နောက်ကျသွားပြီဆိုတော့ အောက်ဆီဂျင်တွေ အရမ်းကျသွားပြီး နှလုံးကလည်း Ambulance ပေါ်မှာတင် ရပ်သွားတာ။”

နယူးယောက်ပြည်နယ်တခုလုံးမှာ COVID-19 ရှိမရှိ စစ်ဆေးပြီးသူပေါင်း ၇၈၀,၀၀၀ လောက်ရှိတဲ့အထဲ ၂၈၀,၀၀၀ ကျော်မှာ ရောဂါကူးစက်ခံထားရပြီး ခုချိန်ထိ သေဆုံးသွားသူ ၁၆,၆၀၀ ဝန်းကျင် ရှိနေပါတယ်။ အဲဒီထဲကမှ နယူးယောက် တမြို့တည်းမှာတင် သေဆုံးသူ ၁၁,၈၀၀ ကျော် ရှိနေပြီလို့ နယူးယောက်ပြည်နယ် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)











XS
SM
MD
LG