အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးအမှု မှာတရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည် ရသော သက်သေ ဖြစ်မဖြစ် လာမယ့် မေ (၂)ရက်နေ့မှာ တရားသူကြီးက အဖြေပေးဆုံးဖြတ်သွားမှာပါ။ အထက်အမိန့်အရ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း တရားလိုပြသက်သေ တဦးဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်ကိုလည်း အဲဒီနေ့မှာ ထပ်ပြီးစစ်ဆေးသွားဖို့ ရှိပါတယ်။ Reuters သတင်းသမားတွေကတော့ အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အစိုးရကလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အပြည့်အစုံကိုတော့ တရားရုံးကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးတဲ့ ရုံးချိန်းမှာ တရားလို ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်က တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရသော သက်သေ အဖြစ် လျောက်လဲခဲ့သလို Reuters ရှေ့နေတွေ ဘက်ကလည်း ပြန်လည် ခုခံချေပခဲ့ကြတာဖြစ်ပါတယ်။ ဒီအပေါ်လာမယ့် အပတ်မှာ တရားသူကြီးကအဖြေပေးမှာဖြစ်ပါတယ်။
ဒီကနေ့စစ်မေးလာတဲ့ အမှုနဲ့ပတ်သတ်ပြီး ရိုက်တာရှေ့နေတဦး ဖြစ်တဲ့ ဦးခင်မောင်ဇော်ကတော့ ဒီအမှုလိုက်တာနဲ့ပတ်သတ်လို့ အခုလိုပြောဆိုသွားပါတယ်။
"ဒီအမှုကို ကျနော် စိတ်လဲအဝင်စားဆုံး၊ အားလည်းအရဆုံးပဲ။ အစောပိုင်း ကျနော်တို့ လိမ့်နေအောင် ခံရတာ။ ကိုမိုးရန်နိုင်မထွက်ခင်။ လိမ့်နေအောင်ခံရပေမယ့် ကျနော်တို့စိတ်ထဲမှာ ငါအမှန်တရားအတွက် လိုက်နေတယ်ဆိုတာနဲ့ကို ကျနော်ပျော်တယ်။ အခုလည်း ကျနော်ပျော်ပါတယ်။"
ဒုရဲမှူး မိုးရန်နိုင်ဟာ ရခိုင်ပဋိပက္ခအတွင်း အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်း ကို တာဝန်ယူခဲ့ရသူတဦး ဖြစ်ပါတယ်။ရိုက်တာသတင်းထောက် ကိုဝလုံးတို့ နှစ်ယောက်ဟာ သူတို့ အဖမ်းမခံရခင် အချိန်က ရဲမှူး မိုးရန်နိုင်အပါအဝင် ရဲဝန်ထမ်း (၆) ယောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံမှု အပြီး တွေ့ဆုံခဲ့တဲ့ (၆) ယောက်လုံး ယာယီ ထိမ်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ နောက်တော့ (၄) ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ယောက်ကို ဆက်ပြီး ချုပ်နှောင်ထားခံခဲ့ရပြီး နောက်မှာ ရဲမှူးချုပ် တင်ကိုကိုက ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ဖမ်းဖို့ ညွှန်ကြားခဲ့တယ်လို့ ဒုရဲမှူး မိုးရန်နိုင်က ပြီးခဲ့တဲ့ ရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်အပြီးမှာပဲ ဥပဒေအရာရှိက ရဲစစ်ဆေးချက်နဲ့ တရားရုံးမှာ ထွက်ဆိုချက် မကိုက်ညီတဲ့အတွက် မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် သတ်မှတ်ဖို့ ပြီးခဲ့တဲ့ ရုံးချိန်းမှာလျှောက်လဲခဲ့တာပါ။ ဒါကို ဒီကနေ့ ရုံးချိန်မှာ နှစ်ဖက်ချေပပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
ရိုက်တာသတင်းထောက် ကိုဝလုံးကတော့ ဒုရဲမှူး မိုးရန်နိုင်အပါအဝင် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ဟာ အပြစ်ကင်းသူတွေဖြစ်လို့ အစိုးရဘက်ကအမြန်ဆုံးလွှတ်ပေး ဖို့တောင်းဆိုလိုက်ပါတယ်။
"ကျနော်အနေနဲ့ ဖြစ်စေချင်တာကတော့ အမှန်တရား မကြာခင်ပေါ်လာပါလိမ့်မယ်။ ဘာပဲပြောပြော ရဲမှူး မိုးရန်နိုင်ကိုလည်း ကျနော်တို့ ကျေးဇူးအများကြီးတင်ပါတယ်။ သူတင်မကဘူး ဖမ်းဆီးခံထားရတဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ သူတို့က အပြစ်မရှိတဲ့သူတွေဖြစ်ပါတယ်။"
ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ ဖမ်းဆီးခဲ့ချိန်မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာတော့ တရားရုံးကို ရုံးထုတ်လာတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ တရားရုံးမှာ ထွက်ဆိုချက်တွေကို ဆက်စပ်ကြည့်လိုက်ရင် ဒီ အမှုဟာ ထောင်ချောက်ဆင် ဖမ်းဆီးပြီး တည်ဆောက်ခဲ့တယ် ဆိုတာ သေခြာသလောက် ဖြစ်နေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
သတင်းထောက်တွေရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ကိုသန်းဇော်အောင်ကတော့ လက်ရှိ အမှုနဲ့ပတ်သတ်လို့ အမှုလမ်းကြောင်းလွဲအောင် လုပ်ဆောင်ကြိုးပမ်းလာမှုတွေ ရှိလာ တဲ့အတွက် အမှုနဲ့ပတ်သတ်လို့ စိုးရိမ်ပူပန်မှုတွေ ရှိလာတယ်လို့ ဆိုလိုက်ပါတယ်။
"သက်သေအားလုံးပေါင်း (၁၇)ယောက်လောက် စစ်လာပြီးပြီ။ တရားလိုနဲ့ ဖမ်းဆီးတဲ့အဖွဲ့တွေ၊ တရားလိုပြသက်သေတွေ သူတို့ဘက်က သက်သေတွေအားလုံး ဘယ်သူကမှ ဒီသတင်းထောက်တွေ ငွေနဲ့ ဝယ်ပါတယ်ဆိုတဲ့ ကိစ္စကိုထား ဒီစာရွက်စာတမ်းတွေ ဘယ်က ဘယ်လိုရလာပါတယ်၊ ဘယ်သူဆီက ပျောက်သွားပါတယ်ဆိုတဲ့ဟာတောင် သေသေချာချာ ထွက်ဆိုနိုင်ခြင်းမရှိဘူး။ အဲတော့ ငွေရေးကြေးရေးနဲ့ ဝယ်ပါတယ်ဆိုတဲ့ကိစ္စတွေက ဒီအမှုကို တစုံတရာသက်ရောက်ဖို့အတွက် တဖက်က ဝါဒဖြန့်တယ်လို့ ကျနော်ထင်တယ်။ ဒီလိုမျိုး ငွေနဲ့ ဝယ်ပါတယ်၊ ရောင်းလိုက်တယ်ဆိုတဲ့ သတင်းရောင်း၊ သတင်းဝယ်ကိစ္စတွေ ထွက်လာတာသည် အမှုအတွက် ထိခိုက်နိုင်စရာရှိတယ်။ ကျနော်အနေနဲ့လည်း စိုးရိမ်မှုရှိတယ်။ တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်ဆင် ထိုးနှက်တယ်လို့ ကျနော်ယူဆတယ်။"
လက်ရှိမှာ တရားလိုပြသက်သေ ၂၅ ယောက်တင်ပြထားခဲ့ပြီးတော့ ၁၈ ယောက်ကို စစ်ဆေးပြီးဖြစ်ပါတယ်။ လာမယ့် ၁၆ကြိမ်မြောက် ရုံးချိန်းကို လာမယ့် မေ (၂) ရက် ထပ်မံချိန်းဆိုထားပါတယ်။