သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ သတင်းသမားတွေအတွက် မီဒီယာကောင်စီ ရန်ပုံငွေမတည်


ဓာတ်ပုံ - Dr Kyaw Swar Oo
ဓာတ်ပုံ - Dr Kyaw Swar Oo

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေ သတင်းရယူရာမှာ အခက်အခဲတွေ ကြုံနေရသလို ရောဂါကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် မီဒီယာအဖွဲ့အစည်းတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။ အခုအချိန်အထိ သတင်းသမားတွေ ကူးစက်ခံရကြောင်း အတည်ပြုတာ မရှိသေးပေမဲ့လည်း အခက်အခဲ ကြုံလာခဲ့ရင် ကူညီနိုင်အောင် အရေးပေါ် ရန်ပုံငွေထားဖို့ စီစဉ်နေကြောင်း ဒီကနေ့ပဲ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒီရန်ပုံငွေကနေ အခက်အခဲကြုံနေရတဲ့ သတင်းသမားတွေကို ထောက်ပံ့သွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ကိုကျော်စွာမင်း ကပြောပါတယ်။

ဓာတ်ပုံ - Dr Kyaw Swar Oo
ဓာတ်ပုံ - Dr Kyaw Swar Oo

"ဒီကိုဗစ်ကာလ အကြပ်အတည်းချိန်မှာ ရောဂါတွေဖြစ်ကြတော့ သတင်းသမားတွေလည်း အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ တကယ်လို့များ သူတို့ သတင်းသွားရယူရင်းနဲ့ မတော်တဆဖြစ်သွားခဲ့သည် ရှိသော် တကယ်လို့ Quarantine အဝင်ခံရမယ်ဆိုရင် သီးသန့်ခွဲနေရမယ့် ၂၁ ရက်ရယ် အိမ်မှာနေရတဲ့ ၇ ရက်ရယ်ပေါင်း ၂၈ ရက် အဲ့ဒီ့ကာလအတွက် ၂သိန်းနှုန်း ပေါ့နော် သူတို့ကို ထောက်ပံ့ပေးဖို့ရှိပါတယ်။ နောက်တခုက သတင်းမီဒီယာတိုက်တွေ ဒီကိုဗစ်ကာလမှာ ယာယီ အလုပ်ရပ်ဆိုင်းခံလိုက်ရတဲ့ သတင်းသမားတွေ မိသားစုတွေအတွက် ဆန် တအိတ် ဆီတပိသာ တပုံး စတာတွေကို သတင်းမီဒီယာကောင်စီကနေ အလှူရှင်တွေ ထောက်ပံ့တာရော သတင်းမီဒီယာကောင်စီရဲ့ရန်ပုံငွေထဲကနေ ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားပါတယ်။ ကိုဗစ်ကာလ သတင်းရင်းမြစ်တွေပေါ့နော်။ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲ တပ်မတော် သတင်းစာရှင်းလင်းပွဲတွေမှာတော့ ကူးစက်မှုဖြေလျော့နိုင်အောင် နိုင်ငံတော်က လုပ်ထားတာရှိတယ်။ လွှတ်တော်မှာလည်း ဒီလိုပဲ ဒါကြောင့် ကိုဗစ်ရောဂါကူးစက်မှု နည်းအောင် သတင်းရယူမှုတွေမှာ လိုက်နာရမယ့်အချက်တွေကိုလည်း ကျနော်တို့သတင်းသမားတွေ လိုက်နာပေးဖို့လိုပါတယ်။"

COVID-19 ကပ်ရောဂါနဲ့ ကြုံရချိန်မှာ အများပြည်သူ သတင်းအချက်အလက် ရရှိဖို့ လိုအပ်ပေမဲ့ သတင်းသမားတွေကိုယ်တိုင် ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် သတိထားဖို့လည်း နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက သတိပေးနေကြတာပါ။ နိုင်ငံခြားသတင်းဌာန သတင်းထောက်တဦးဖြစ်တဲ့ ဦးသီဟသွေးကတော့ သတင်းသမားတွေကိုယ်တိုင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်လို့ ပြောပါတယ်။

"များသောအားဖြင့် ကျနော်တို့ တကယ့်နိုင်ငံတကာသတင်းဌာနကြီးတွေ Safety နဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်ကြတယ်ဗျ။ Guildline တွေလည်း ရှိတာပေါ့နော်။ တကယ်တမ်းကျတော့ COVID-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရယူကြတဲ့အချိန် သတင်းတိုက်တွေဘက်က တိကျတဲ့ညွှန်ကြားချက်နဲ့ မလိုအပ်ပဲ Risks မယူကြဖို့ အဲ့တာမျိုးလေးတွေ လုပ်ဖို့ အထူးလိုအပ်တယ်။ ဒီမှာက အာမခံတွေလည်း လုပ်မထားဘူးလေ မီဒီယာသမားတွေအနေနဲ့ ပြန်ပြီးစဉ်းစားဖို့သင့်တဲ့ အချက်က ဘာလဲဆိုတော့ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ရမယ့် အနေအထားဖြစ်တဲ့အတွက် မလိုအပ်ဘဲနဲ့ ကိုယ့်ကိုထိအောင် မလုပ်သင့်ဘူး နောက်တခုက ဖြစ်ပွားနေတဲ့နေရာတွေ ဆေးရုံဆေးခန်းတွေအထိသွားဖို့ မလိုဘူး. တကယ်လို့သွားရရင်လည်း ခပ်လှမ်းလှမ်းကနေပဲ ခပ်ခွာခွာလုပ်သင့်တယ်။ တအားအရဲမကိုးဖို့ပေါ့။ သေချာပြင်ဆင် Preparation တွေ လုပ်ပြီးမှပဲ အပြင်ကိုလွှတ်စေချင်တယ်။ ကိုဗစ်ပေါ့စတစ်ဖြစ်တဲ့ လူနာတွေကိုလည်း မျက်နှာတွေမဖော်ပြဖို့ တဘက်သားကိုလည်း နစ်နာမှုရှိအောင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ မရှိအောင် ကျင့်ဝတ်ကို အထူးစောင့်ထိန်းသင့်ပါတယ်။ သတင်းသမားတွေဘက်က ကျန်းမာရေးအရ ဂရုစိုက်ရမယ့်ဆောင်ရန်ရှောင်ရန်တွေကိုလည်း ဂရုစိုက်ကြပါ။"

အင်္ဂါနေ့ညနေပိုင်းအထိ ကူးစက်သူ ၁၆၀ ကျော် အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မှုအသစ်တွေ လျော့နည်းလာပေမဲ့ သတိထားဖို့လည်း ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ လူထုကျန်းမာရေးပညာပေး စေတနာ့ဝန်ထမ်း ကူညီနေတဲ့ ဒေါက်တာကျော်စွာဦးကတော့ သတင်းသမားတွေလည်း ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

"အထူးသဖြင့် သတင်းသမားတွေ မဖြစ်မနေ တပ်ရမှာကတော့ Mask ကတော့ တပ်ရပါမယ်။ နောက်တခုက မဖြစ်မနေ ခေါင်းစွပ် Cap တပ်သင့်ပါတယ်။ခွဲခန်းသုံး ခေါင်းစွပ်လေးတွေပေါ့နော်။ လက်အိတ်ကတော့ အမှန်တော့ မတပ်လည်းရတော့ရပါတယ်တချို့ကကျတော့လည်း PPE တွေ ဝတ်ကြတယ်။ ကျနော့်အနေနဲ့ကတော့ ဝတ်ရင်တော့ ကောင်းတာပေါ့လေ။ ဒါပေမဲ့ တကယ့်တကယ် လုပ်ငန်းခွင်ထဲမှာတော့ ဝတ်နိုင်ပါ့မလား အဆင်ပြေပါ့မလားပေါ့။ Safety Face Shields တပ်ထားလည်း ကောင်းတာပေါ့ ကျနော့်အတွေ့အကြုံအရပြောရရင်တော့ နှစ်ဘက်စလုံးက မေးမြန်းနေချိန် Mask တပ်ထားရင်တော့ အကောင်းဆုံးပါပဲ ဒီကိုဗစ်မှာက ဒီတံတွေးအမှုန်တွေက အရမ်းအန္တရာယ်ရှိတာကိုး။ အဲ့တာကြောင့် အနည်းဆုံးတော့ ၃ ပေပေါ့၊ ပိုခွာနိုင်ရင်တော့ ၆ ပေလောက်ခွာနိုင်ရင် အကောင်းဆုံး ပါပဲ။"

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတော့ COVID-19 ရောဂါလက္ခဏာ စောင့်ကြည့်စစ်ဆေးခံရသူတွေထဲမှာ သတင်းသမားတွေ ပါ-မပါ ဆိုတာကို စာရင်းပြုစုသွားဖို့၊ အလုပ်အကိုင်တွေ ရပ်နားထားရတဲ့အတွက် အခက်အခဲကြုံနေရသူတွေကို အကူအညီပေးနိုင်ဖို့ မကြာခင် စတင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




ဓာတ်ပုံ - Dr Kyaw Swar Oo
ဓာတ်ပုံ - Dr Kyaw Swar Oo






XS
SM
MD
LG