သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ စားဝတ္ေနေရး အခက္ေတြ႔သူမ်ားအတြက္ ေငြေၾကးေထာက္ပံ့


ရန္ကုန္ၿမိဳ႕ထဲ တေနရာတြင္ လမ္းျဖတ္ကူးေနသူတခ်ိဳ႕။ (ဇြန္ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကာလ စားဝတ္ေနေရး အဆင္ေျပေစဖို႔အတြက္ ပုံမွန္ဝင္ေငြ မရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ အစိုးရက ေထာက္ပံ့ပစၥည္းေတြ ေပးေဝရာမွာ အရင္တေခါက္က စာရင္းမပါပဲ က်န္ခဲ့ၾကသူေတြကို ေငြသားေထာက္ပံ့ေၾကးေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ပုံမွန္ဝင္ေငြ မရွိတဲ့ အေျခခံလူတန္းစားေတြကို ကိုဗစ္ကာလမွာ စားဝတ္ေနေရးအဆင္ေျပေစဖို႔အတြက္ မတ္လက အေျခခံ စားေသာက္ကုန္ ေထာက္ပံ့ရိကၡာ ငါးမ်ိဳးကို ေဝေပးခဲ့ရာမွာ မပါဝင္ခဲ့သူေတြကို ေငြသားေထာက္ပံ့ေပးေနတာပါ။

ဒီတႀကိမ္မွာေတာ့ ပထမ တေခါက္တုန္းက ရိကၡာအေထာက္အပံ့ မရခဲ့သူေတြအျပင္ ျပည္ပကျပန္လာၿပီးေနာက္ အလုပ္လက္မဲ့ ျဖစ္ေနသူေတြကိုပါ ထည့္သြင္းၿပီး အိမ္ေထာင္စု တစ္စုကို ေငြက်ပ္ ၁၅,၀၀၀ စီ ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။

ေထာက္ပံ့ေငြေပးတဲ့ အစီအစဥ္ေတြကိုေတာ့ မေန႔ကစခဲ့တာလို႔လည္း ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမွဴး ဦးေနမင္းထြန္းက ေျပာပါတယ္။

“အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်န္ခဲ့တဲ့သူေတြ၊ အဲ့ဒါက အမ်ားစုေပါ့ေလ။ ေနာက္တစ္ခုက နယ္စပ္ကေန မိသားစုလိုက္ ေျပာင္းေ႐ႊ႕လာတဲ့သူေတြ သူတို႔ကေတာ့ ဆယ္ဂဏန္းပဲရွိပါတယ္။ အဓိကကေတာ့ ပုံမွန္ဝင္ေငြ မရွိဘူး။ အေျခခံလူတန္းစားျဖစ္မယ္။ စားဝတ္ေနေရးအတြက္ သူတို႔ အကူအညီေတြ တအားလိုအပ္တယ္ေပါ့ အဲ့သေဘာပါပဲ။ ေနာက္တစ္ခုကက်ေတာ့ သူတို႔ကိုယ္တိုင္ ကိုယ္တိုင္ကိုယ္က် လာေရာက္ေလွ်ာက္ထားတဲ့သူေတြေပါ့ေနာ္၊ အဲ့ဒီမွာမွ စိစစ္ၿပီးေတာ့မွ ေပးတာေပါ့ခင္ဗ်။”

ကပ္ေရာဂါကာလ အကူအညီလိုေနသူေတြကို ေငြေၾကးေထာက္ပံ့တဲ့ အစီအစဥ္ကိုေတာ့ ႏိုင္ငံအႏွံ႔မွာ စတင္ေနတာပါ။ စစ္ကိုင္းတိုင္း ကေလးဝၿမိဳ႕နယ္မွာလည္း သက္ဆိုင္ရာ ရက္ကြက္ေတြအလိုက္ အေထာက္အပံ့ေပးတဲ့ အစီအစဥ္ စတင္ေနၿပီလို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန္းထြန္းျမင့္က ေျပာပါတယ္။

“က်ေနာ္တို႔ ေပးတဲ့ေနရာမွာက်ေတာ့ ရာအိမ္မွဴးေတြကေန ရပ္ကြက္ေတြအလိုက္ေပါ့ေနာ္၊ ရာအိမ္မွဴးေတြ၊ ဆယ္အိမ္မွဴးေတြက မ်ားတဲ့ေနရာေတြမွာဆိုရင္ စုရပ္တစ္ေနရာထားၿပီးေတာ့မွ အဲ့ဒီမွာ ရပ္ကြက္အလိုက္ အစုလိုက္ ေပးတာေပါ့။ အိမ္တိုင္ရာေရာက္ေပးတာလည္းရွိတယ္၊ အစုလိုက္ေပးတာလည္း ရွိတယ္။”

ကပ္ေရာဂါကာလမွာ အခက္အခဲျဖစ္ေနသူေတြအျဖစ္ ေငြသားေထာက္ပံ့ေပးမယ့္ သူေတြထဲမွာေတာ့ ပုံမွန္ဝင္ေငြ မရွိတဲ့ အေျခခံလူတန္းစားေတြ ျဖစ္ၾကတဲ့ ပ်ံက်ေဈးသည္၊ အငွားယာဥ္ေမာင္း၊ က်ပန္းလုပ္သား၊ ေရလုပ္သား၊ အလုပ္ၾကမ္းသမား၊ ၿခံလုပ္သား၊ ပုဂၢလိက လုပ္ငန္းေတြမွာလုပ္ကိုင္ေနတဲ့ ေန႔စား ဒါမွမဟုတ္ ယာယီဝန္ထမ္းေတြအျပင္ လတ္တေလာ အလုပ္လက္မဲ့ ျဖစ္ေနတဲ့သူေတြလည္း ပါဝင္ပါတယ္။ ကပ္ေဘးကာလမွာပဲ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ေနရသူေတြကိုလည္း လူမႈဖူလုံေရး၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက အကူအညီေပးတာေတြ ရွိခဲ့တာပါ။ အေစာပိုင္းမွာတုန္းကေတာ့ အကူအညီ လိုအပ္ေနတဲ့ အေျခခံလူတန္းစားအျဖစ္ သတ္မွတ္ရာမွာ ျပည့္စုံမႈမရွိဘူးဆိုၿပီး ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရဖူးပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ စားဝတ်နေရေး အခက်တွေ့သူများအတွက် ငွေကြေးထောက်ပံ့

ကိုဗစ်ကာလ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ထောက်ပံ့ပစ္စည်းတွေ ပေးဝေရာမှာ အရင်တခေါက်က စာရင်းမပါပဲ ကျန်ခဲ့ကြသူတွေကို ငွေသားထောက်ပံ့ကြေးပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို ကိုဗစ်ကာလမှာ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် မတ်လက အခြေခံ စားသောက်ကုန် ထောက်ပံ့ရိက္ခာ ငါးမျိုးကို ဝေပေးခဲ့ရာမှာ မပါဝင်ခဲ့သူတွေကို ငွေသားထောက်ပံ့ပေးနေတာပါ။

ဒီတကြိမ်မှာတော့ ပထမ တခေါက်တုန်းက ရိက္ခာအထောက်အပံ့ မရခဲ့သူတွေအပြင် ပြည်ပကပြန်လာပြီးနောက် အလုပ်လက်မဲ့ ဖြစ်နေသူတွေကိုပါ ထည့်သွင်းပြီး အိမ်ထောင်စု တစ်စုကို ငွေကျပ် ၁၅,၀၀၀ စီ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ထောက်ပံ့ငွေပေးတဲ့ အစီအစဉ်တွေကိုတော့ မနေ့ကစခဲ့တာလို့လည်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနောက်ပိုင်း အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့သူတွေ၊ အဲ့ဒါက အများစုပေါ့လေ။ နောက်တစ်ခုက နယ်စပ်ကနေ မိသားစုလိုက် ပြောင်းရွှေ့လာတဲ့သူတွေ သူတို့ကတော့ ဆယ်ဂဏန်းပဲရှိပါတယ်။ အဓိကကတော့ ပုံမှန်ဝင်ငွေ မရှိဘူး။ အခြေခံလူတန်းစားဖြစ်မယ်။ စားဝတ်နေရေးအတွက် သူတို့ အကူအညီတွေ တအားလိုအပ်တယ်ပေါ့ အဲ့သဘောပါပဲ။ နောက်တစ်ခုကကျတော့ သူတို့ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လျှောက်ထားတဲ့သူတွေပေါ့နော်၊ အဲ့ဒီမှာမှ စိစစ်ပြီးတော့မှ ပေးတာပေါ့ခင်ဗျ။”

ကပ်ရောဂါကာလ အကူအညီလိုနေသူတွေကို ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကိုတော့ နိုင်ငံအနှံ့မှာ စတင်နေတာပါ။ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်မှာလည်း သက်ဆိုင်ရာ ရက်ကွက်တွေအလိုက် အထောက်အပံ့ပေးတဲ့ အစီအစဉ် စတင်နေပြီလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ပေးတဲ့နေရာမှာကျတော့ ရာအိမ်မှူးတွေကနေ ရပ်ကွက်တွေအလိုက်ပေါ့နော်၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက များတဲ့နေရာတွေမှာဆိုရင် စုရပ်တစ်နေရာထားပြီးတော့မှ အဲ့ဒီမှာ ရပ်ကွက်အလိုက် အစုလိုက် ပေးတာပေါ့။ အိမ်တိုင်ရာရောက်ပေးတာလည်းရှိတယ်၊ အစုလိုက်ပေးတာလည်း ရှိတယ်။”

ကပ်ရောဂါကာလမှာ အခက်အခဲဖြစ်နေသူတွေအဖြစ် ငွေသားထောက်ပံ့ပေးမယ့် သူတွေထဲမှာတော့ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်းတွေအပြင် လတ်တလော အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေလည်း ပါဝင်ပါတယ်။ ကပ်ဘေးကာလမှာပဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူတွေကိုလည်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကူအညီပေးတာတွေ ရှိခဲ့တာပါ။ အစောပိုင်းမှာတုန်းကတော့ အကူအညီ လိုအပ်နေတဲ့ အခြေခံလူတန်းစားအဖြစ် သတ်မှတ်ရာမှာ ပြည့်စုံမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ကြုံခဲ့ရဖူးပါတယ်ရှင်။

XS
SM
MD
LG