{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၉၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၃ ဦးက နောက်ခံရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၂၁,၂၃၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၉၅၁,၃၁၄ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၆၅၀ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၇၃,၃၂၂ ဦး ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၄၉၀ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်း ၅၄,၇၆၄ ဦး ရှိသွားပြီဖြစ်ပါတယ်။
နေ့စဉ်ထုတ်ပြန်ချက်ပါ ဆေးရုံဆင်းခွင့်ရသူ အရေအတွက် ၁,၀၀၀ အောက်လျော့လာတာ ရက်အနည်းငယ်ရှိပြီဖြစ်သလို ဒီကနေ့ ဆေးရုံဆင်းခွင့်ရသူ အရေအတွက်ကတော့ ၅၀၀ တောင်မရှိခဲ့ပါဘူး။
ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွှေ့သူ ၇.၅% ရှိပြီး ဆေးရုံကဆင်းခွင့်ရသူ ၇၄.၇% ၊ သေဆုံးနှုန်းက ၂.၂၅% ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါ ပျံ့နှံ့မှုနဲ့ကူးစက်မှုတွေ တန့်မသွားသေးဘဲ အမေရိကန်၊ ဥရောပနဲ့ အာရှနိုင်ငံအများအပြားမှာ ဆက်ပြီးတိုးနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ရောဂါပိုးကူးစက်သူ အရေအတွက် ပိုပြီးတိုးလာနိုင်တယ်ဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက သတိပေးထားပြီး ရောဂါပိုးပျံ့နှံ့ကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် ပိတ်ပင်ကန့်သတ်ချက်တွေလည်း ဆက်ပြီးချမှတ်ထားပါတယ်။
..........................
{{Unicodd}}