{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကူးစက်မှု တိုးလာတဲ့ လက္ခဏာတွေ့နေရတာကြောင့် ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ တာဝန်ရှိသူတွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးထားပါတယ်။
ကပ်ရောဂါကာလ ရွေးကောက်ပွဲ ကျင်းပရာမှာ လူစုလူဝေးတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကြောင့် ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ကို ပညာရှင်တွေ သတိပေးခဲ့ကြသလို၊ အခုဆိုရင်လည်း ပြည်နယ်နဲ့တိုင်း တချို့နေရာတွေမှာ အတည်ပြုလူနာတွေ့ရှိနှုန်း တိုးလာတာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ အတည်ပြုလူနာဦးရေဟာ ဓာတ်ခွဲစစ်ဆေးမှုရဲ့ ၇ ရာခိုင်နှုန်းဝန်းကျင်မှာသာ ရှိနေပေမယ့် မနေ့တုန်းကတော့ ၈ ရာခိုင်နှုန်းဝန်းကျင်ကို တိုးလာတာပါ။
ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲအလွန်ကာလမှာ ရောဂါကူးစက်ခံရနှုန်းတက်လာတဲ့အပေါ် သတိထားကြဖို့ အွန်လိုင်းမိန့်ခွန်းကနေတဆင့် သတိပေးလိုက်ပါတယ်။
" ရွေးကောက်ပွဲနောက်ပိုင်းကာလမှာ လူစုလူဝေးတွေဖြစ်ခဲ့တယ်ဆိုတာလည်း ကျမတို့ပြည်သူတွေ အသိဆုံးပါပဲ။ အဲတော့ ဒီလိုလူစုလူဝေးဖြစ်တယ် ဆိုရင်တော့ ဒီရောဂါပြန့်ပွားဖို့ဟာ အလားအလာများလာပါတယ်။ အခုအချိန်မှာ ကျမတို့လေ့လာလိုက်တဲ့အခါမှာ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ ရောဂါပြန့်ပွားမှု နည်းနည်းရှိလာပါတယ်။ ရန်ကုန်ကတော့ အားလုံးလည်းသိပြီးသားပါ။ ရန်ကုန်ကတော့ အများဆုံးပေါ့နော်။ ဒီအပြင် ဒီတိုင်းသုံးတိုင်းမှာလည်း ရောဂါပြန့်ပွားမှုက နည်းနည်းတက်လာတဲ့သဘော ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့သတိထားစေချင်ပါတယ်။ သတိဆိုတာတော့ လွန်ကဲတယ်လို့မရှိဘူး ဆိုတာလည်း ကျမထပ်ပြီးတော့ ပြောချင်ပါတယ်။ "
ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကြောင့် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့လိုသူတွေမှာလည်း အခက်အခဲရှိနေပြီး၊ တခြားနာတာရှည်ရောဂါသည်တွေ ကျန်းမာရေးပိုပြီး ဂရုစိုက်ဖို့ကို တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ပြည်တွင်းကိုဗစ်ဒုတိယလှိုင်း ကာလအစမှာ ဖျားနာကုအခမဲ့ဆေးခန်းတွေဆီ လာရောက်ပြသသူတွေထဲက တဝက်လောက်ဟာ အနံ့ပျောက်လက္ခဏာကြောင့် ရောက်လာသူတွေပါ။ ဒါပေမယ့် အခုရက်ပိုင်းလာပြသူတွေထဲမှာ ရွေးကောက်ပွဲနဲ့ဆက်နွယ်ပြီး လက္ခဏာတချို့ကြောင့် ရောက်လာသူတွေရှိသလို၊ ရာသီတုပ်ကွေးကြောင့် လာပြသူတွေလည်း ရှိလာတယ်လို့ ရန်ကုန်တိုင်း ဖျားနာကုအခမဲ့ဆေးခန်းတွေရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
" ကျနော်တို့လုပ်ဆောင်တဲ့အပိုင်းကတော့ အကောင်းဆုံးလုပ်တယ်လို့ ယူဆတယ်ပေါ့နော်။ ပြည်သူလူထုတွေဘက်က လိုက်နာတဲ့အပိုင်းက အားမရဘူး။ ကျနော်တို့ပြောရင် ပြောတဲ့အတိုင်းမနေဘူး။ ရောဂါကူးရင် စောစီးစွာကုသမှု ခံယူဖို့ကို ပြောထားတာတွေလည်း ရှိတယ်။ အဲဒါ စောစီးစွာကုသမှု မခံယူပဲနဲ့ အိမ်မှာနေပြီးတော့ ဆေးသောက်ပြီးနေကြည့်တယ်။ အဲလိုတွေကလည်းရှိတော့ အတတ်နိုင်ဆုံးဖြစ်နိုင်ရင် ပြည်သူလူထုတွေဘက်ကလည်း ပူးပေါင်းပါဝင်ပေးဖို့လည်း လိုအပ်တယ်။ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးပြင်ဆင်တယ်၊ အကောင်းဆုံးလုပ်ဆောင်ထားတယ်။ ဘာဖြစ်ရင် ဘာလုပ်မယ်၊ နောက်ဆက်တွဲဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့ ပရိုဂရမတွေ၊ ပလန်တွေလည်းရှိပြီးသားပေါ့နော်။ "
ကိုဗစ်ကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းထဲက ဖျားနာကုအခမဲ့ဆေးခန်း မရှိတဲ့မြို့နယ်တွေမှာပါ ထပ်တိုးဖွင့်လှစ်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ ပြည်တွင်းမှာ ကပ်ရောဂါကူးစက်ခံရသူက တနေ့ကို တထောင်ဝန်းကျင်ပုံမှန်ရှိနေပြီး အဲဒီအနေအထားမှာ တန့်နေတဲ့အခြေအနေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။
" ကျမတို့လက်ရှိအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ကူးစက်ရောဂါဗေဒကို ကျမတို့က Epidemic Curve လို့ခေါ်ပါတယ်။ Curve က ဘယ်လိုပုံစံရှိလဲဆိုရင် ခေါင်းလောင်းပုံသဏ္ဍာန်ရှိပါတယ်။ ခေါင်းလောင်းဆိုတဲ့သဘောက တက်ရင်တော့ မြန်မြန်ဆန်ဆန်တက်သွားတယ်။ တက်သွားပြီး အပေါ်မှာ သူကအတိုင်းအတာတခုထိ တန့်နေဦးမှာဖြစ်ပါတယ်။ အဲဒီတန့်နေတာက ဘယ်လောက်ကြာကြာအထိ တန့်နေမလဲ၊ တနည်းအားဖြင့်ဆိုရင် ခေါင်းလောင်းက ရှည်လမျောခေါင်းလောင်း ဖြစ်မှာလား၊ ခေါင်းလောင်းပြားကြီးဖြစ်မှာလား၊ ခေါင်းလောင်းအချွန်ဖြစ်မလားဆိုတာ ဒါကတော့ ဘယ်လိုမှမပြောနိုင်ပါဘူး။ "
လူစုလူဝေးအများဆုံးရှိရာ ဈေးတွေထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ ရာခိုင်နှုန်းအများဆုံးဖြစ်နေလို့ ကပ်ရောဂါကာကွယ်ရေး လူထုအသိပညာပေးလှုပ်ရှားတာတွေကို တိုင်းနဲ့ပြည်နယ်တချို့မှာ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၅၉၉ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၇၀,၁၆၁ ဦးရှိပါတယ်။
...............................
{{Unicode}}