သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဒုခေါင်းဆောင်ပြောတဲ့ တိုင်းရင်းဆေးနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသနိုင်မယ်ဆိုတာ ဖြစ်နိုင်သလား


နေပြည်တော်မှာကျင်းပတဲ့ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှာတွေ့ရတဲ့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (နိုဝင်ဘာ ၂၂၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှာတွေ့ရတဲ့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း (နိုဝင်ဘာ ၂၂၊ ၂၀၂၄)
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

စစ်ကောင်စီ ဒုတိယခေါင်းဆောင်

ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနပြုလုပ်အောင်မြင်ခဲ့ကြကြောင်း၊ ဆေးဝါး၏အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ လတ်တလောနှင့် ရေတိုအဆိပ်အာနိသင်ဆိုင်ရာ စမ်းသပ်ခြင်း၊ ဆေး၏ခံနိုင်ရည်အား ကျန်းမာသည့်လူများပေါ်တွင် စမ်းသပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုသာမန်လက္ခဏာရှိ လူနာများပေါ်တွင်ဆေးလက်တွေ့ သုတေသနပြုစမ်းသပ်ခြင်း သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း

ဒါက အထင်အမြင်မှားစေပါတယ်။
အချက်လက်စိစစ်ခြင်း

ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါက အထင်အမြင်မှားစေပါတယ်။

စစ်ကောင်စီ ဒုခေါင်းဆောင်က ကိုဗစ် -၁၉ ရောဂါကို တိုင်းရင်းဆေးနဲ့ ကာကွယ်ကုသနိုင်ရေး သုတေသနအောင်မြင်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် ဆေးပညာဆိုင်ရာ သုတေသနပြုလုပ်မှု အဆင့်ဆင့်အောင်မြင်မှုတွေကို ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။ တိုင်းရင်းဆေးပညာကို လေ့လာဖူးပြီး ကိုဗစ် ကပ်ရောဂါ ကုသရေးကို လုပ်ဆောင်ခဲ့တဲ့ Infectious Disease Physician ဆရာဝန်တဦးကတော့ မြန်မာ့တိုင်းရင်းဆေးရဲ့ သဘောသဘာ၀က လက္ခဏာတွေကို ပျောက်အောင်ကုတဲ့ (Systematic Treatment) တာဖြစ်တာကြောင့် ကိုဗစ် -၁၉ ကပ်ရောကို ကာကွယ်ကုသနိုင်မယ်ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ မှတ်ချက်ပြုပါတယ်။

“တိုင်းရင်ဆေးရဲ့ သဘောက ဖြစ်နေတဲ့ လက္ခဏာတွေကို ပျောက်အောင်ကုတဲ့ (Systematic Treatment) ပဲပေးတာ။ တိုင်းရင်းဆေးနဲ့ ပျောက်အောင် ကာကွယ်နိုင်တယ်၊ ကုနိုင်တယ်ဆိုရင် ဆေးရဲ့ Mechanism of Action (MOA) ဆေးထဲမှာပါတဲ့ ဘယ် Components ( အစိတ်အပိုင်းတွေ) က ဘယ် Ingredients (ပါဝင်ပစ္စည်းတွေ) က ရောဂါအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာလဲ ဥပမာ အင်္ဂလိပ်ဆေးမှာဆိုရင် ပိုးကိုသတ်တဲ့ဆေးတွေက ပိုးရဲ့ ဘယ်နေရာကို ဘယ်လိုဖျက်စီးတယ်ဆိုတဲ့ သူ့ရဲ့ သုတေသနရှိတယ်။ ဆေးရဲ့ action ကို Altro Microscope တို့ဘာတို့ လေ့လာရတာမျိုး။ Mechanism of Action (MOA) မရှိဘဲနဲ့ သုတေသန စလို့မရဘူး။

သုတေသန လုပ်နိုင်ပြီး ဆေးရဲ့ Action ကို ကောင်းကောင်းသိသွားပြီဆိုရင် နောက်အဆင့်က လူတွေကို ဆေးကိုပေးလိုက်လို့ ကုသနိုင်မှုနဲ့ အန္တရာယ် ( Benefit and Risk) ဘယ်လောက်ကွာလဲ၊ ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိလဲ စမ်းသပ်ရတယ်။ အဲ့ဒီအချက်တွေ အောင်မြင်သွားပြီဆိုမှ နောက်ထပ် သုတေသန အဆင့်တွေကို ဆက်သွားရတယ်။” လို့ ရောဂါပိုးမွှားအထူးကု ဆရာဝန်က ပြောပြပါတယ်။

စစ်ကောင်စီ ဒုခေါင်းဆောင် ပြောဆိုတဲ့ ကိုဗစ် -၁၉ ကို ကာကွယ်ကုသနိုင်ရေးဖို့ ဖေါ်စပ် သုသေတသနပြုလုပ်ထားတဲ့ တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) က တိုင်းရင်းဆေးပညာဦးစီးဌာနက ဖေါ်စပ်ထုတ်လုပ်ထားတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တိုင်းရင်းဆေးပညာဦးစီးဌာနက ဒေါက်တာ စုစုဒွေးက ၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာ ပြောဆိုဖူးပါတယ်။

ဒေါက်တာစုစုဒွေးပြောဆိုမှုအတွင်းမှာတော့ ကိုဗစ် - ၁၉ ရောဂါလိုမျိုး ရာသီတုပ်ကွေးရောဂါတွေနဲ့ သာမန်ရောဂါလက္ခဏာရှိသူတွေကို ကုသပေးနိုင်ဖို့အတွက် ဝိသမအဖျားပျောက်ဆေးကို ဖေါ်စပ်ခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။ ဒီဆေးရဲ့ ဆေးအာနိသင်ဟာ ကိုဗစ် -၁၉ ရောဂါလက္ခဏာနဲ့ ဆင်တူတဲ့ရောဂါတွေကို ပျောက်ကင်းသက်သာစေတာကြောင့် ဝိသမအဖျားပျောက်ဆေးလို့ အမည်ပေးထားတာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောဆိုမှုမှာတော့ ကိုဗစ် -၁၉ ရောဂါကို ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ရဲ့ အကျိုးထိရောက်မှုကို သုတေသနပြုလုပ်အောင်မြင်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုထားတာပါ။

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းမှာလည်း စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကိုဗစ်အပါအဝင် ရာသီတုပ်ကွေးအဖျားရောဂါတွေကို ကုသနိုင်မယ့် ဝိသမအဖျားပျောက်ဆေးကို လူနာတွေမှာ အန္တရာယ်ကင်းစွာအသုံးပြုနိုင်ဖို့ သုတေသနအဆင့်ဆင့် ဆောင်ရွက်နေရာမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ လည်း ပြောဆိုခဲ့ဖူးပါတယ်။

ဝိသမအဖျားပျောက်ဆေးဘူး
ဝိသမအဖျားပျောက်ဆေးဘူး

ဝိသမအဖျားပျောက်ဆေးကို သုတေသန ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ သုတေသန အဆင့်တွေ ကျော်ဖြတ်မှုတွေကို စစ်ကောင်စီ ဒုခေါင်းဆောင်က ထည့်သွင်းပြောဆိုထားခြင်းမရှိသလို၊ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနက လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်စာမျက်နာမှာ ဖေါ်ပြထားခြင်းလည်းမရှိပါဘူး။ ဒါ့အပြင် စစ်ကောင်စီ ဒုခေါင်းဆောင်ပြောတဲ့ ဝိသမအဖျားပျောက်ဆေးက ကိုဗစ် -၁၉ ရောဂါကို ကာကွယ်ကုသနိုင်ကြောင်း သုတေသန လုပ်ဆောင်ရာမှာ ပြင်ပပညာရှင်အဖွဲ့အစည်းတွေရဲ့ လေ့လာစောင့်ကြည့်မှု ပါဝင်ခြင်း၊မပါဝင်ခြင်းကိုလည်း ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။

ဆေးဝါးထုတ်လုပ်ဖို့ အတွက် ဆေးပညာဆိုင်ရာ လက်တွေးစမ်းသပ် မှုဟာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုသလို၊ အများပြည်သူယုံကြည်စိတ်ချရတဲ့ ပြင်ပညာရှင် အဖွဲ့အစည်းတခုခု ပါဝင်ဖို့ လိုအပ်တယ်လို့ ခဲ့တဲ့ Infectious Disease Physician ဆရာဝန်က ရှင်းပြပါတယ်။

Clinical Trial (ဆေးပညာဆိုင် လက်တွေ့စမ်းသပ်မှု) တခုလုပ်မယ်ဆိုရင် Phase ( အဆင့် ) ၄ ခု ရှိတယ်။ ပထမအဆင့်မှာ လူ (၂၀) ကနေ (၈၀) လောက်ကို စပြီးစမ်းရတယ်။ ပထမအဆင့်အောင်မြင်သွားပြီးဆိုရင် နောက်ထပ် လူ ၁၀၀ ကနေ ၃၀၀ ပါတဲ့ စမ်းသပ်မှုတခု ထပ်လုပ်ရတယ်။ အဲ့ဒီမှာလည်း ဆေးရဲ့ အာနိသင်ဘယ်လောက်ရှိလဲ ဆေးရဲ့ Safety ဘယ်လောက်ရှိသလဲဆိုတာကို ထပ်ပြီး စမ်းရတယ်။

အဲ့ဒါကလည်း လနဲ့ချီပြီးစမ်းရတယ်။ ပြီးရင်လည်း ဘယ်လောက် အာနိသင်ရှိတယ် ဘယ်လိုအလုပ်လုပ်ဆိုတာကိုလည်း မှတ်တမ်းတင်ရတယ်။ Phase -2 ( ဒုတိယ အဆင့် ) က လူ ၃၀၀ လောက်စမ်းပြီးပြီဆိုရင် အဆင့် (၃) မှာ ဆေးပညာအရ လူ (၁၀၀၀) ကျော်ကို ထပ်စမ်းရတယ်။ လူ (၁၀၀၀) ကနေ လူ (၃၀၀၀) လောက်ပါတဲ့ လေ့လာမှုကို မဖြစ်မနေလုပ်ရတယ် ။ အဲ့ဒီမှာမှ ဆေးရဲ့ အာနိသိရှိမှု၊ ဘေးထွက်ဆိုးကျိုး ဘာတွေရှိလာနိုင်မလဲ လူ (၁၀၀) နဲ့ လူ (၁၀၀၀) မတူတော့ဘူး လူ (၁၀၀၀) မှာ ဒီဆေးနဲ့ မတည့်တဲ့သူတယောက်ပါလာနိုင်တယ်။ ပြီးတော့ ဒီဆေးနဲ့ ဆင်တူယိုးမှားဖြစ်တဲ့ ဆေးတခုခုနဲ့လည်း ယှဉ်ပြီးတော့ စမ်းရတယ်။

Phase - 4 ( အဆင့် ၄ ) ရောက်သွားပြီးတော့ ဒီဆေးကို Food and Drug Administration (FDA) က ခွင့်ပြုလိုက်ပြီဆိုရင် Public ထဲမှာ ထပ်စမ်းရတယ်။ ဘာလို့စမ်းရတာလဲဆိုတော့ ဆေးသောက်တဲ့ လူတွေအတွက် Treatment benefit နဲ့ Safety ကို ယှဉ်ပြီးတော့ Optimal use ( စိတ်ချပြီးအသုံးပြုနိုင်မှု) အတွက် စမ်းရတယ်။ ဒီအဆင့် ( ၄) ခုစလုံးကို မဖြတ်ဘဲနဲ့ Drug Trial တခု မပြီးဘူး။ ဒီအဆင့် (၄) ခုစလုံးကို ဖြတ်တယ်ဆိုရင်လည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ Third party ( ပြင်ပပညာရှင်အဖွဲ့) တခုခုက လေ့လာလို့ရတဲ့ Clinical Trial (ဆေးပညာဆိုင် လက်တွေ့စမ်းသပ်မှု) ဖြစ်မှပဲ Clinical Trial အစစ်လို့ခေါ်တာ။ FDA သို့မဟုတ် အများပြည်သူ ယုံကြည်စိတ်ချရတဲ့ ဥပမာ နာမည်ကြီး တက္ကသိုလ်တခုက ဒါမှမဟုတ် ဆေးရုံ တို့ စသည်ဖြင့် Third party ( ပြင်ပပညာရှင်အဖွဲ့) တခုခုက စကတည်းကပါမှပဲ ဒါက တရားဝင်မှုဖြစ်တယ်ပေါ့။

▶️ Clinical Trial (ဆေးပညာဆိုင် လက်တွေ့စမ်းသပ်မှု)အကြောင်း ဆောင်းပါးဖတ်ရှုရန်

စစ်ကောင်စီ ဒုခေါင်းဆောင်ပြောဆိုမှုအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနဲ့ ကြုံတွေ့ခဲ့တဲ့အချိန်မှာ တိုင်းရင်းဆေးနဲ့ ကာကွယ်ကုသနိုင်ရေးအတွက် သုတေသနပြုလုပ်အောင်မြင်ခဲ့ကြတယ်လို့ ပြောဆိုထားပေမယ့် အခု သုတေသန ပြုလုပ်အောင်မြင်ခဲ့တဲ့ ဝိသမအဖျားပျောက်ဆေးက ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကာကွယ်ကုသနိုင်တာလားဆိုတဲ့အချက်နဲ့ ကိုဗစ် -၁၉ ကြောင့် ဖြစ်လာတဲ့ အဖျားဝေဒနာကို ကုသနိုင်တာလားဆိုတာ ခွဲခြားပြောဆိုထားခြင်းမရှိတာတွေ့ရပါတယ်။

ကိုဗစ် -၁၉ ရောဂါသည် ၂၀၁၉ ခုနှစ်တွင် စတင်ဖြစ်ပွားလာခဲ့ပြီး ကမ္ဘာတဝန်းမှာ ကိုဗစ် - ၁၉ ကြောင့် လူပေါင်း ၇၆၂ သန်းကျော် ဖျားနာခဲ့ရပြီး လူ ၆.၈ သန်းကျော် သေဆုံးခဲ့ရတယ်လို့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်၊ ကမ္ဘာ့ကျန်းမာရေးနေ့မှာ WHO က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ် -၁၉ ရောဂါကို ကြုံတွေ့ခံစားရပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဇူလိုင်လတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုများ အမြင့်မားအခြေအနေကို ရောက်ရှိခဲ့ပါတယ်။

XS
SM
MD
LG