သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာတွေအတွက် နောက်ထပ်ဆေးရုံတိုးချဲ့ဖို့မရှိ


ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် COVID ရှိ၊ မရှိ စစ်ဆေးပေးနေသည့် PPE ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၀၈၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် COVID ရှိ၊ မရှိ စစ်ဆေးပေးနေသည့် PPE ဝတ်စုံဝတ် ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာတွေကို ထားရှိကုသဖို့ နေရာလုံလောက်မှု ရှိပြီဖြစ်တာကြောင့် နောက်ထပ် တိုးချဲ့ဖို့ အစီအစဉ်မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ပြည်တွင်း ကိုဗစ်အတည်ပြုလူနာ ၂၂,၀၀၀ ကျော်ထဲက ရောဂါကူးစက်ခံရသူ ထက်ဝက်ကျော်ရှိနေတဲ့ ရန်ကုန်တိုင်းမှာ တောင်ဥက္ကလာ၊ ဝေဘာဂီနဲ့ ဖောင်ကြီးဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို အဓိကကုသမှုပေးနေတာပါ။ ရောဂါကူးစက်ခံရသူ တိုးလာနေတဲ့အခြေအနေမှာ တခြားဆေးရုံကြီးတွေဖြစ်တဲ့ ရန်ကုန်၊ သင်္ဃန်းကျွန်းနဲ့ အင်းစိန်အပါအဝင်၊ မြောက်ဥက္ကလာဆေးရုံကြီးတွေမှာပါ ကုသမှုပေးနိုင်ဖို့ ထပ်တိုးချဲ့ထားပါတယ်။ အခုထပ်တိုးထားတဲ့ ဆေးရုံကြီး ၄ ရုံမှာတော့ ကိုဗစ်လူနာတွေအပြင် တခြားရောဂါနဲ့ ဆေးကုသဖို့လိုတဲ့ လူနာတွေကိုပါ ထားရှိသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“ဒီနေရာမှာ COVID နဲ့ Non-COVID ကို သီးခြားခွဲထားမှာဖြစ်ပါတယ်။ တနေရာတည်းမှာ ထားမှာမဟုတ်ပါဘူး။ ဆေးရုံတော့ တရုံတည်းပဲ၊ ဒါပေမဲ့လို့ သူ့ဟာသူအဆောင်နဲ့ သီးခြားခွဲထားမှာဖြစ်ပါတယ်။ အခုလက်ရှိအနေအထား ကျမတို့ပြင်ဆင်ထားတဲ့ အနေအထားနဲ့ဆိုရင်တော့ တနေ့ကို လူနာ ၇၀၀ - ၈၀၀ ထပ်တိုးလာရင်တောင်မှ ကျမတို့စောင့်ရှောက်မှုပေးနိုင်တဲ့ အနေအထားပါ။”

ကိုဗစ်အတည်ပြုလူနာတွေထဲက သာမန်လက္ခဏာရှိသူတွေကိုတော့ တခြားကိုဗစ်ကုသရေးစင်တာတွေဆီ ပို့မှာဖြစ်ပြီး၊ ရောဂါလက္ခဏာပြင်းထန်သူနဲ့ အသက်ကြီးပြီး နောက်ခံရောဂါရှိသူတွေကိုတော့ ဆေးရုံကြီးတွေမှာ ထားရှိကုသပေးသွားမှာဖြစ်ပါတယ်။ ကပ်ရောဂါရဲ့သဘောသဘာဝမှာ လူနာတွေထဲက ၈၀ ရာခိုင်နှုန်းလောက်က သာမန်လက္ခဏာသာရှိပြီး၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ရောဂါပြင်းထန်လို့ ကြပ်မတ်ကုသပေးရတာဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆက်ပြောပါတယ်။

“နောက်ပိုင်းမှာတော့ ဆေးရုံတွေထပ်ချဲ့တဲ့ ကိစ္စမျိုးတွေကို သိပ်ပြီးတော့ အားမထည့်တော့ပဲနဲ့ ဒီဆေးရုံတွေမှာလိုအပ်တာတွေ ဖြည့်သွင်းမယ်။ ပြီးလို့ရှိရင် သူတို့တွေကိုပြောင်းလဲနေတဲ့ ကူးစက်ရောဂါဗေဒရဲ့ အပေါ်မှာ မူတည်ပြီးတော့ နောက်ဆုံးပေါ်တွေ့ရှိချက်တွေ၊ Guideline တွေအရဆိုရင် ကျမတို့အမြဲတမ်း Strategy ကပြောင်းနေတာဖြစ်ပါတယ်။ အရင်အပတ်နဲ့ ဒီတပတ်လည်း မတူပါဘူး။ မနေ့နဲ့ ဒီနေ့လည်း တူချင်မှတူမှာ ဖြစ်ပါတယ်။ အဲဒီတော့ Strategy ကလိုအပ်သလို ပြုပြင်ပြောင်းလဲနေမှာဖြစ်ပါတယ်။ ဆေးရုံကြီးတွေက ထပ်ချဲ့ဖို့တော့အစီအစဉ် မရှိပါဘူး။ အခုလောလောဆယ် အနေအထားအရ အဆင်ပြေပါတယ်။”

ရန်ကုန်တိုင်းကိုဗစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဇော်ဝေစိုးကလည်း ကျန်းမာရေးလူ့ စွမ်းအားအရင်းအမြစ် အကန့်အသတ်ရှိနေပြီး၊ ကိုဗစ်ရောဂါကုသရေးဌာနတွေကို ထပ်ပြီးတိုးချဲ့ဖို့သင့်၊ မသင့်ဆိုတာ စဉ်းစားသုံးသပ်ဖို့လိုနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

“COVID- 19 နဲ့အတူ ကျနော်တို့ ဆေးကုသမှုများပေးနိုင်ဖို့၊ COVID- 19 နဲ့အတူနေပြီးတော့ ကျနော်တို့ဆောင်ရွက်နိုင်ဖို့အတွက်လည်း အဲဒီဆေးရုံကြီးများရဲ့အနေအထားကို ယခုကတည်းက ပြုပြင်ပြောင်းလဲလျက်ရှိပါတယ်။ ဒါ့ကြောင့် လက်ရှိပြောင်းလဲဖြစ်ပေါ်လာတဲ့ အနေအထားတွေပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့လိုအပ်လာတဲ့ လူအင်အား၊ ပစ္စည်းအင်အားများကိုလည်း ပြန်လည်သုံးသပ်ပြီး ယခုအချိန်မှာဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်းထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာအတည်ပြုလူနာပေါင်း ၂၂,၄၄၅ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၅၃၅ ဦးရှိနေပါတယ်။ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချနိုင်ဖို့အတွက် အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်း Mask တို့ကို စနစ်တကျတပ်ဆင်သွားဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG