[Zawgyi/Unicode]
[Unicode Version]
ကိုဗစ်အတည်ပြုလူနာ နှစ်ဦးထပ်တိုး
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ နှစ် ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၃၅၅ ယောက် ရှိသွားပါပြီ။ လူနာသစ် နှစ် ယောက်ကတော့ ကာတာနိုင်ငံက ပြန်လာကြတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ဖြစ်ပါတယ်။ သူတို့ နှစ် ယောက်လုံးဟာ လည်းကူးမြို့နယ်မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။
ဒီနေ့ သြဂုတ်လ ၃ ရက် တနင်္လာနေ့အတွက် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၃၇၅ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၈၈ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၄၉ ခု၊ စုစုပေါင်း ၇၁၂ ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တနင်္လာနေ့ ညဘက်အချိန်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၅၅ ယောက် ရောဂါပိုးကင်းစင်သူ ၃၀၂ ယောက်နဲ့သေဆုံးသူ ခြောက် ယောက်ရှိပါတယ်။