သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် အရေးပေါ်ထောက်ပံ့ကြေး အပြည့်မရရင် တိုင်ကြားဖို့တိုက်တွန်း


ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)
ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID 19 ကပ်ရောဂါကာလ အရေးပေါ် ထောက်ပံ့ကြေးအဖြစ် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ပေးတဲ့ ငွေကျပ် ၂၀,၀၀၀ ကို အပြည့်မရကြတဲ့ သူတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လွှတ်တော်အမတ်တွေ စုံစမ်းနေတဲ့အကြောင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

ကပ်ရောဂါကာလမှာ စားဝတ်နေရေး အခက်အခဲရှိနေကြတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ထောက်ပံ့ငွေကျပ် ၂၀,၀၀၀ သတ်မှတ်ထားပေမဲ့ အပြည့်မရတဲ့သူတွေ၊ ထောက်ပံ့ကြေးရမယ့် စာရင်းမှာပါပေမဲ့ မရတဲ့သူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာရာက ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ စုံစမ်းနေကြပါတယ်။

ထောက်ပံ့ကြေးတွေကို တာဝန်ယူပေးအပ်ရတဲ့သူတွေ အနေနဲ့ ပျက်ကွက်မှုတွေ ရှိခဲ့တယ်၊ ရသင့်တဲ့ အခွင့်အရေး မရဘဲဖြစ်နေတယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားဖို့လည်း ကူညီနေတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်က ပြောပါတယ်။

“ဘယ်လိုလူမျိုးတွေပဲဖြစ်ဖြစ် အခွင့်အရေးတွေဆုံးရှုံးရင် တရားဝင် ဥပဒေအရသာလျှင် ကျနော်တို့က ဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့်မို့လို ဒါဟာ ဖောက်ဖျက်မှု တစုံတရာဖြစ်လာရင် တရားဝင်တိုင်ကြားပါ။ ဘယ်သူဟာ၊ ဘယ်ရပ်ကွက်မှာ မှတ်ပုံတင်နံပါတ် ဘယ်လောက်၊ နာမည် စသည်ဖြင့် ဒီလို အခွင့်အရေးတွေဆုံးရှုံးပါတယ်။ အဲ့ဒါကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုတိုင်ပါ။ နောက်တစ်ခါ တိုင်းဒေသကြီး အစိုးရကို တိုင်ပါ။”

ကပ်ရောဂါကာလ အကန့်အသတ်တွေကြား ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု ၅,၀၀၀,၀၀၀ ကျော်ကို တစ်အိမ်ထောင်ကို ကျပ် ၂၀,၀၀၀ စီ သတ်မှတ်ပြီး ဒုတိယအကြိမ်အဖြစ် အစိုးရကထောက်ပံ့နေတာပါ။ ဧပြီလတုန်းကလည်း ပထမအကြိမ် အဖြစ် အခြေခံစားသောက်ကုန် ငါး မျိုးကို ထောက်ပံ့ခဲ့ပါတယ်။ ပထမအကြိမ်ထောက်ပံ့တုန်းကလည်း အခြေခံလူတန်းစားတချို့ ထောက်ပံ့မှုမရတဲ့ ပြဿနာတချို့ ရှိခဲ့ပါတယ်။

ပထမတစ်ကြိမ် ရိက္ခာထောက်ပံ့မှု ရခဲ့ဖူးတဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်က ဒေါ်နုနုကြိုင်ကတော့ ဒီတကြိမ် ငွေသားထောက်ပံ့ရာမှာ သတ်မှတ်ထားတဲ့ ကျပ်ငွေ ၂၀,၀၀၀ အပြည့်မရဘူးလို့ ပြောပါတယ်။

“၁၇,၀၀၀ ရတယ်လေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကပေးတာ။ သူတို့က ၁၇,၀၀၀ ပဲပေးတော့လည်း ၁၇,၀၀၀ ပဲရတာပေါ့။ သူတို့ဘယ်လိုကြောင့် ပေးတယ်ဆိုတာတော့ မသိဘူးလေ။ တခြားမှာတော့ ၂၀,၀၀၀ ရတယ်လို့တော့ ပြောတာကြားတာပဲ၊ ဒီမှာတော့ ၁၇,၀၀၀ ပဲရတယ်။”

ထောက်ပံ့ငွေ အပြည့်မရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသလို၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုလည်း ဆက်သွယ်မေးမြန်းလို့ မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်ကတော့ ကပ်ရောဂါကာလ အခက်ကြုံနေရတဲ့ သူတွေအပေါ်မှာ မရိုးသားတဲ့ လုပ်ရပ်အဖြစ် အခုလို ပြောပါတယ်။

“တချို့တွေက အုပ်စုဖွဲ့ပြီးတော့ ရပ်ကျေးအာဏာကို ယူထားတဲ့သူ အတော်များများက တိုင်းပြည်နဲ့ လူမျိုးကိုချစ်လို့ သိပ်မဟုတ်ဘဲနဲ့ ကိုယ့်အဖွဲ့အစည်းတစ်ခု လူတစ်စုအတွက် ကိုယ့်ဆွေမျိုး၊ ကိုယ့်ခင်မင်ရင်းနှီးရာ အဲ့လိုပုဂ္ဂိုလ်တွေအတွက်ကို တမင်သက်သက် ရည်ရွယ်ချက်အတွေ အမှားအယွင်းတွေနဲ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေကြောင့်လို့ ကျနော် ထင်တယ်ဗျ။ ဒါက လူတစ်ယောက်ချင်းစီရဲ့ စိတ်အပေါ်မှာပဲ ဆိုင်ပါတယ်နော်။ တချို့ ဒေသတွေကျတော့လည်း ကောင်းတဲ့ ရပ်ကျေးတွေလည်း ရှိပါတယ်။”

ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။ တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG