သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သတင်းထောက် Daniel Fenster ကို အမေရိကန် သံတမန်တွေ တွေ့ခွင့်မရ


Frontier Myanmar အုပ်ချုပ်မှု အယ်ဒီတာ Dennay Fenster (ဓါတ်ပုံ၊.Frontier Myanmar /CPJ )
Frontier Myanmar အုပ်ချုပ်မှု အယ်ဒီတာ Dennay Fenster (ဓါတ်ပုံ၊.Frontier Myanmar /CPJ )

(Zawgyi/Unicode)

မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Daniel Fenster ကို ကြာသပတေးနေ့မှာ ရုံးထုတ်ခဲ့ကြောင်းနဲ့ အခုအချိန်အထိ အမေရိကန်ကောင်စစ်ရုံးအရာရှိတွေကို သူနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။

သူ့ကို တပ်မတော်ကို ပြိုကွဲအောင် လုပ်ဆောင်မှု ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး သူ့လို အလားတူ ၅၀၅ (က) နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ နောက်အမေရိကန်နိုင်ငံသား တဦးဖြစ်တဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုမောင်မောင်ထွေး (ခေါ်) ကိုနေသန်မောင်ကတော့ တနင်္လာနေ့မှာ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပြီး အခု အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီလို့လည်း ပြောပါတယ်။ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရသူဟာ ထောင်ဒဏ် အများဆုံး ၃ နှစ် အထိ ကျခံရနိုင်ခြေရှိပါတယ်။

ရန်ကုန် အင်းစိန် အကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ Daniel Fenster ကို ကြာသပတေးနေ့မှာ အထူးတရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး နောက်ရုံးချိန်းကတော့ ဇူလိုင်လ ၁ ရက်နေ့ ဖြစ်ပါတယ်။ တရားရုံးကြားနာပွဲမှာ သူ့အတွက် အကျိုးဆောင်ရှေ့နေ အဖြစ် ဦးသန်းဇော်အောင်က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး Frontier Myanmar ကိုယ်စားလှယ်တော့ တက်ရောက်ခွင့်မရတဲ့ အပြင် သူ့ကို ဘာကြောင့် ၅၀၅ (က) နဲ့ အမှုဖွင့်တယ် ဆိုတာကို ခုထိ မသိရသေးကြောင်း Frontier Myanmar က ထုတ်ပြန်တဲ့ ဇွန်လ ၁၇ ရက်နေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၃၄ နှစ်အရွယ် Daniel Fenster ဟာ မေလ ၂၄ ရက်နေ့က မလေးရှားနိုင်ငံကို သွားဖို့ လေယာဉ်ပေါ် မတင်ခင်မှာ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဘာအမှားမှ ကျူးလွန်တာ မရှိကြောင်းနဲ့ သူ့ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း Frontier Myanmar က တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း သူ့ကို ဖမ်းဆီးထားတာ အတွက် အထူးစိုးရိမ်ကြောင်းနဲ့ အမြန်ဆုံ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်


........


(Unicode)






XS
SM
MD
LG