သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာသန်း ၁၀၀ ကျော်တန် မူးယစ်ဆေးဝါးဖမ်းဆီးမှု သံသယရှိသူ ၁၀ ဦးကိုစွဲချက်တင်


ပြီးခဲ့တဲ့ ၃ နှစ်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးမိခဲ့တဲ့ ဒေါ်လာ သန်း တရာကျော် တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၁၀ ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စွဲချင်တင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ သုံးနှစ်အတွင်း ရုံးချိန်းပေါင်း ကိုးဆယ်ကျော် ချိန်းဆိုစစ်ဆေးခဲ့ပါတ်ယ။ မူးယစ်ဆေးဝါးမှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ မြန်မာအစိုးရက ပြောဆိုထားပေမဲ့ တကယ်တမ်း အမှုတွေစစ်ဆေး အရေးယူရာမှာ နှောင့်နှေးကျန့်ကြာမှုတွေ ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ်ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လက မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းမှာရှိတဲ့ Terminal ဆီဆိုင်ဘေး ရပ်ထားတဲ့ ကွန်တိန်နာယဉ်တစင်းပေါ်မှာ ပီနံအိပ် ၈၉ အိပ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို မင်္ဂလာဒုံရဲစခန်းက တာဝန်ရှိသူတွေ တွေ့ခဲ့ကြပါတယ်။

ကာလပေါက်ဈေး မြန်မာကျပ်ငွေ ၁၃၃ ဘီလျံ၊ ဒေါ်လာသန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ ပန်းရောင် စိတ်ကြွဆေးပြားတွေဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေထဲက တန်ဖိုးအများဆုံး ဖမ်းမိတဲ့ အမှုအခင်း တခုဖြစ်ခဲ့ပါတယ်။

ဒီအမှုကို ရုံးချိန်းပေါင်း ၉၃ ကြိမ် စစ်ဆေးပြီး သုံးနှစ်ကျော်အကြာမှာ မရမ်းကုန်းမြို့နယ် ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္မဏီ ဒါရိုက်တာ မင်းဦးခိုင်နဲ့ အပေါင်းပါ ၁၀ ယောက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေနဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယ ခရိုင်တရားသူကြီးက က ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ ၄၈ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ ၂၀ ကို တရားလိုဘက်ကပယ်ခဲ့တဲ့အကြောင်းနဲ့ စွဲချက်အတင်ခံရသူတွေဘက်က သူတို့မှာ အပြစ်မရှိကြောင်း တရားခွင်မှာ ငြင်းဆိုကြတယ်လို့ ဒီနေ့ထုတ် Daily Eleven ဂျာနယ်မှာ ရေးပါတယ်။

မြန်မာကျပ်ငွေ သိန်းရာချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းဆီးမိတဲ့အကြောင်း သတင်းတွေ မကြခဏ ထွက်ပေါ်လေ့ရှိပါတယ်။ အမှုတွေကို စစ်ဆေးတာ၊ အရေးယူတာတွေမှာ ကြံ့ကြာတာတွေ ရှိနေတဲ့အတွက် ထိရောက်အောင် ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က VOA ကို ပြောဆိုပါတယ်။

"တရားရုံးတွေကလည်း အမှုတွေကလည်းများတယ် တရားသူူကြီးတွေကလည်းမနိုင်ဘူးခင်ဗျ။ နောက်ပြီးတော့ ဒါမျိုးဆိုတာက အထူးတရားရုံးတွေ ဖွဲ့ပြီးတော့ စစ်ဆေးရမယ့်အစား မစစ်ဆေးတဲ့အခါကျတော့ ကြန့်ကြာမှုတွေဖြစ်လာတယ် နောက်တချက်က ကျနော်တို့က ပြောချင်တာက နိုင်ငံရေးအမှုတွေနဲ့ ပတ်သက်တုန်းကတော့ အင်းစိန်အကျင်းထောင်မှာရှိတဲ့ တရားရုံးတွေမှာ နေ့စဉ်စစ်တယ်။ အခု အဲလိုမျိုးအမှုတွေကျတော့ နေ့စဉ် စစ်သင့်ပေမယ့် မစစ်ကြတဲ့အခါကျတော့ ကြန့်ကြာမှုတွေက တခုပြီးတခုဖြစ်နေတာ။"

ဒါ့အပြင် မူးယစ်ဆေးဝါးအမှုတွေကို စစ်ဆေးရာမှာ စစ်ဆေးတဲ့ တရားသူကြီးတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

"တရားသူကြီးတွေအနေနဲ့ကလည်း သူတို့အတွက် လုံခြုံမှုကို ပေးသင့်တယ်ပေါ့နော်။ ဥပမာ အမှုကို စစ်ဆေးရတဲ့ တရားသူကြီးတွေရဲ့ သွားရေးလာရေးမှာ လုံခြုံမှု ဖြစ်စေနိုင်တဲ့ဟာတွေကို နိုင်ငံတော်က ဖြည့်ဆည်း ပံ့ပိုးပေးဖို့ လိုတယ်။ မဟုတ်လို့ရှိရင် အခုဟာက တရားသူကြီးတွေကိုလည်း ရန်ပြုမယ့်အနေအထားတွေကို ကျနော်တို့ ကြားသိနေရတယ်။ ဒါကြောင့်မို့လို့ အထူးရုံးတွေဖွဲ့ပါ။ အင်မတန်ကြီးမားတဲ့ အမှုတွေဆိုရင် အင်းစိန်ထောင်မှာဆိုရင် အဆောင်တွေအများကြီးရှိတယ်။ ရုံးလုပ်လို့ရတဲ့နေရာတွေရှိတယ် အဲဒီမှာလုပ်ရမယ် မဟုတ်ရင် အင်းစိန်ထောင်ကနေ အပြင်ကို ရုံးထွက်ရတဲ့အခါမှာ တော်တေ်ာလေးကို အချိန်ကြန့်ကြာမှုတွေရှိတယ်။"

အခု စွဲချက်တင်ဖို့ အမိန့်ချခံလိုက်ရတဲ့ မူးယစ်ဆေဝါးမှုဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးမှုတွေထဲက တခုဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အနီးမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂ သိန်းခြောက်သောင်းကျော်ကို ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေဖမ်းဆီးခဲ့ဘူးပါတယ်။ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တသောင်း သုံးထောင်ကျော် ရှိမယ်လို့ခန့်မှန်းတဲ့အကြောင်း ထောက်ကြံ့ရဲစခန်းက တာဝန်ရှိသူ တဦးက VOA ကို ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတင်သာမကပဲ တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံတဝှမ်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ အမြောက်အများ ဖမ်းဆီးမိနေတာ။ နောက် စာသင်ကျောင်းတွေမှာအထိ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ တိုးလာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အအထူစိုးရိမ်တဲ့အကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဇူလိုင်လအတွင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ရာင်းဝယ်ဖေါက်ကားနေတာတွေကို မမြင်ချင်ယောင်ဆောင် လွှတ်ပေးထားတဲ့ အဂတိလိုက်စားသူတွေကို အရေးယူဖို့၊ ပိုင်ရှင်မဲ့ ဆိုတာတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ ညွှန်ကြားထားပြီးဖြစ်တဲ့အကြောင်း သမ္မတက ပြောခဲ့တာပါ။

ဒီလို မူးယစ်ဆေးဝါးပြသနာ ကြီးထွားလာနေတာကို သမ္မတကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပေမဲ့ မူးယစ်ဆေးဝါး ပြသနာကို ဖြေရှင်းရာမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တရားစီရင်ရေး ဝန်ထမ်းတွေ အတွင်း အကျင့်ပျက် အဂတိလိုက်စားမှုက အဓိက အဟန့်အတားဖြစ်နေတယ်ဆိုပြီး လေ့လာသုံးသပ်သူတွေ့ ထောက်ပြပြောဆိုနေကြကြာင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG